မူလ / တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးကျင်းပ

တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးကျင်းပ

ရန်ကုန်၊ ဇူလိုင်လ ၅ ရက်၊ ၂၀၂၁ ခုနှစ်

တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးကို ဇူလိုင်လ ၅ ရက် နံနက် ၁၀:၀၀ နာရီတွင် အွန်လိုင်းဖြင့် ကျင်းပခဲ့ပါသည်။

ဒုတိယပုံမှန်အစည်းအဝေးတွင် သဘာပတိအဖြစ် ပုဇွန်တောင်မြို့နယ်မဲဆန္ဒနယ်မြေ အမှတ်(၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင့်လွင်က ဆောင်ရွက်ပြီး အခမ်းအနားမှုးအဖြစ် အင်းစိန်မြို့နယ်မဲဆန္ဒနယ်မြေ အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က ဆောင်ရွက်ခဲ့သည်။

အစည်းအဝေးမစတင်မီ မြန်မာနိုင်ငံတွင် ဒီမိုကရေစီအရေးအတွက် အသက်ပေးလှုသွားကြသော အာဇာနည် အပေါင်းအား ဂုဏ်ပြုသောအားဖြင့် (၈) စက္ကန့်ငြိမ်သက်ခြင်းပြုလုပ်ခဲ့ကြသည်။ ထို့နောက် သဘာပတိက  မိန့်ခွန်း ပြောကြားသည်။

အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီ ( CRYH ) ကဆောင်ရွက်ခဲ့သော တောင်းဆိုချက် ၊ ထုတ်ပြန်ချက်များနှင့်စပ်လျဉ်းသည့်အစီရင်ခံစာအား CRYH အဖွဲ့ဝင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်မာဌေးကလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ နိုင်ငံ့ဝန်ထမ်း ကောင်း အရာထမ်း / အမှုထမ်းများ၏ ပြည်သူ့အာဏာဖီဆန်မှုလုပ်ငန်း CDM အတွက် ကူညီဆောင်ရွက်ပေးမှု အစီရင်ခံစာအား CRYH အဖွဲ့ဝင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးအေးမာ ကလည်းကောင်း၊ အကြမ်းဖက်စစ်ကောင်စီလက်ချက်ကြောင့် ကျဆုံးသွားရသူများနှင့် နွေဦးတော်လှန်ရေးတွင် ပါဝင်မှုကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားရသူများနှင့် ထိခိုက်နစ်နာသူများအား အားပေးကူညီဆောင်ရွက်ခြင်း နှင့်စပ်လျဉ်းသည့် အစီရင်ခံစာအား CRYH အဖွဲ့ဝင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးက လည်းကောင်း တင်သွင်းခဲ့ကြပြီး လွှတ်တော်က အစီရင်ခံစာများအား အတည်ပြုမှတ်တမ်းတင်ခဲ့သည်။

ထို့နောက်  ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ အကြမ်းဖက်စစ်အုပ်စု အာဏာသိမ်းပြီးနောက်ပိုင်း စစ်အကြမ်းဖက်ဆန့်ကျင်ရေးနှင့် ဒီမိုကရေစီရေးအတွက် ငြိမ်းချမ်းစွာဖြင့် ဆန္ဒပြသူ များအား ရက်စက်စွာ အကြမ်းဖက်သတ်ဖြတ်ခဲ့မှုများကြောင့် ကျဆုံးသွားရသော ဒီမိုကရေစီ သူရဲကောင်းများ အတွက် ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်က ဝမ်းနည်းကြောင်း မှတ်တမ်းတင်ပေးရန်နှင့် အကြမ်းဖက်စစ်အုပ်စုအား အဆိုပါ လုပ်ရပ်များ အတွက် ပြင်းထန်စွာရှုတ်ချကြောင်း အဆိုကို ဒလမြို့နယ်မဲဆန္ဒနယ်မြေအမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုဦးက တင်သွင်းပြီး စမ်းချောင်းမြို့နယ်မဲဆန္ဒနယ်မြေအမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသော်တာအောင်က ထောက်ခံဆွေးနွေးသည်။ ဆက်လက်ပြီး ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် မဲဆန္ဒနယ်မြေအမှတ် (၁) ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းကွယ်လွန်ခြင်း အတွက် ဝမ်းနည်းကြောင်းမှတ်တမ်းတင်ပေးရန်အဆိုကို တာမွေမြို့နယ် မဲဆန္ဒနယ်မြေ အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းမြင့်က တင်သွင်းပြီး လမ်းမတော်မြို့နယ်မဲဆန္ဒနယ်မြေအမှတ်(၁)မှ တိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ထွန်းက ထောက်ခံဆွေးနွေးသည်။ အဆို(၂)ခုအားလွှတ်တော်က အတည် ပြုခဲ့သည်။

တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးသို့ ဧည့်သည်တော်များအဖြစ် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ အခြားတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြု ကော်မတီအဖွဲ့ဝင်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ရန်ကုန်တိုင်းဒေသကြီး) တာဝန်ရှိသူများ၊  မြန်မာနိုင်ငံ ဆိုင်ရာနိုင်ငံခြားသံရုံးများ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ သံတမန်များ၊ လူမှုရေးအဖွဲ့အစည်းများ၊ ကျောင်းသား သမဂ္ဂများ၊ မီဒီယာများ၊ အခြားဖိတ်ကြားထားသော ဧည့်သည်တော်များ၊ တာဝန်ရှိ ပုဂ္ဂိုလ်များ ပါဝင် တက်ရောက် ခဲ့ကြပါသည်။

class=wp-image-1642/
Scroll to Top