မူလ / (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့သဝဏ်လွှာ

(၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့သဝဏ်လွှာ

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်

၁။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် စစ်အာဏာရှင်စနစ်ဆိတ်သုဉ်း စေရန် အသက်၊ သွေး၊ ချွေးများပေးဆပ်ကာ ဆန့်ကျင်တော်လှန်နေကြသည့် တော်လှန်ရေး အင်အားစုများနှင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ စံပြုထိုက်သော ကြိုးပမ်းအားထုတ်မှုများကို ဂုဏ်ပြုမှတ်တမ်းတင်လျက် ရည်မှန်းချက်ပန်းတိုင်သို့ အမြန်ဆုံး ရောက်ရှိနိုင်ပါစေကြောင်း ယနေ့ ကျရောက်သည့် (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အချိန်အခါသမယတွင် ထပ်လောင်း ဆန္ဒပြုအပ်ပါသည်။

၂။ မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ်၊ တန်ဆောင်မုန်းလဆုတ် (၁၀) ရက်နေ့တွင် နယ်ချဲ့အင်္ဂလိပ် တို့ပြဋ္ဌာန်းသော ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို မကျေနပ်သဖြင့် တက္ကသိုလ်ကျောင်းသားများက ဦးဆောင်ကာ သပိတ်မှောက်ခဲ့သောနေ့ကိုအစွဲပြု၍ ထိုနေ့ကို အမျိုးသားနေ့အဖြစ် ဂုဏ်ပြုသတ်မှတ် ခဲ့ခြင်းဖြစ်ပါသည်။ နယ်ချဲ့အစိုးရ၏ ကျွန်ပညာရေးစနစ်ကိုဆန့်ကျင်၍ သခင်ပညာ၊ အမျိုးသား ပညာရေးကို တောင်းဆိုဖော်ပြသော တိုက်ပွဲဖြစ်၍ မြန်မာနိုင်ငံ၏ အမျိုးသားလွတ်မြောက်ရေး ကြိုးပမ်းမှုသမိုင်းတွင် အရေးပါသော နေ့တစ်နေ့ဖြစ်ခဲ့ပါသည်။

၃။ အမျိုးသားရေးစိတ်ဓာတ်ဆိုသည်မှာ တိုင်းရင်းသားပြည်သူများအားလုံး တစ်စိတ်တည်း၊ တစ်ဝမ်းတည်းရှိသောစိတ်၊ စုစည်းညီညွတ်မှုရှိသောစိတ်ဓာတ်၊ အေးအတူ၊ ပူအမျှနေထိုင်ပြီး ဒုက္ခ ကိုလည်း အတူတူခံ၍ သုခကိုလည်း အတူတူမျှဝေခံစားလိုသော စိတ်ဓာတ်ကို ဆိုလိုခြင်း ဖြစ်ပါ သည်။ ပြင်းပြသော အမျိုးသားရေးစိတ်ဓာတ်ကိုအခြေခံ၍ နယ်ချဲ့အင်္ဂလိပ်များကို ဆန့်ကျင် တိုက်ခိုက်ခဲ့သောကြောင့် အမျိုးသားလွတ်မြောက်ရေးကို မိမိတို့ရရှိခံစားနိုင်ခဲ့ခြင်းဖြစ်ပါသည်။

၄။ ယနေ့နွေဦးတော်လှန်ရေးတွင်လည်း ကျောင်းသားလူငယ်များအပါအဝင် မျိုးချစ်စိတ်ဓာတ် ပြည့်ဝသော တိုင်းရင်းသားပြည်သူများသည် တိုင်းပြည်နှင့်လူမျိုး၏အနာဂတ်ကို ဖျက်ဆီးနေသည့် အာဏာရှင်စနစ်ဆိုးကို တော်လှန်တိုက်ထုတ်နေကြသော အချိန်ကာလဖြစ်ပါသည်။ အမျိုးသားရေး စိတ်ဓာတ်ဖြင့် နယ်ချဲ့အင်္ဂလိပ်များကို ဆန့်ကျင်တိုက်ထုတ်ကာ လွတ်လပ်ရေးကို ရယူနိုင်ခဲ့ သကဲ့သို့ တည်ဆောက်ပြီးသော စည်းလုံးညီညွတ်မှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် စံတန်ဖိုးများကို အခြေပြုလျက် လူမဆန်သောအာဏာရှင်စနစ်ဆိုးကို တော်လှန်တိုက်ထုတ်ပြီး တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး မျှော်လင့်နေသည့် ငြိမ်းချမ်းသောအနာဂတ်ကို အမြန်ဆုံး ရရှိနိုင်လိမ့်မည်ဟု အခိုင်အမာ ယုံကြည်ပါသည်။

၅။ လွတ်လပ်ခွင့်၊ ငြိမ်းချမ်းရေးနှင့် တရားမျှတမှုတို့အတွက် အရင်းအနှီးများစွာပေးဆပ် လျှောက်လှမ်းနေကြသည့် မြန်မာပြည်သူတို့၏ ခိုင်မာပြတ်သားသော ဆုံးဖြတ်ချက်ကို ရက်စက် ကြမ်းကြုတ်သော စစ်အာဏာရှင်များက မဖျက်ဆီးနိုင်သကဲ့သို့ မည်သူတစ်ဦးတစ်ယောက်၊ မည်သည့်အတားအဆီးကမျှ ဟန့်တားနိုင်လိမ့်မည် မဟုတ်ပါ။ တိုင်းရင်းသားပြည်သူများအားလုံး အနေဖြင့် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်၊ လွတ်လပ်ရေးကို တန်ဖိုးထားသောစိတ်ဓာတ်များဖြင့် စစ်အာဏာရှင်စနစ်ကို တိုက်ဖျတ်ချေမှုန်းကာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဆီသို့ စုစည်းညီညီ ဆက်လက်ချီတက်ကြစေလိုကြောင်း တိုက်တွန်းနှိုးဆော်လျက် ဤသဝဏ်လွှာအား ထုတ်ပြန်အပ်ပါသည်။

ပြည်ထောင်စုလွှတ်‌တော်ကိုယ်စားပြုကော်မတီ

Scroll to Top