မူလ / (၇၇) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ

(၇၇) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ

၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်

၁။ ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့သည် မိမိတို့နိုင်ငံတော်တွင် တန်ဖိုးထားလေးစားရသော အာဇာနည်ပုဂ္ဂိုလ်ကြီးများ လုပ်ကြံသတ်ဖြတ်ခံရသည့်နေ့၊ ဝမ်းနည်းဖွယ်ရာနေ့တစ်နေ့ ဖြစ်ပါသည်။ ကြီးမားသောဆုံးရှုံးမှုတစ်ခုအဖြစ် မိမိတို့ နိုင်ငံသူနိုင်ငံသားတိုင်းအားလုံး၏ ရင်ထဲတွင် စိတ်နှလုံးကြေကွဲညှိုးငယ်ရသည့် အမှတ်တရနေ့သည် ယနေ့တွင် (၇၇) နှစ် တိုင်ခဲ့ပြီ ဖြစ်ပါသည်။

၂။ အတိတ်သမိုင်းတွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ နိုင်ငံ့ခေါင်းဆောင်များ၏ အသက်သွေးချွေးရင်းနှီးပေးဆပ်မှု၊ ကိုယ်ကျိုးစွန့်အနစ်နာခံမှု၊ လေးစားဂုဏ်ယူဖွယ်ရာ စိတ်ဓာတ်ခံယူချက်တို့နှင့်အတူ ခေါင်းဆောင်ကောင်းတို့၏ အရည်အချင်းတို့အား အောက်မေ့သတိရလျက် မိမိတို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ယနေ့အခမ်းအနားတွင် လေးနက်စွာ ဦးညွှတ်ဂုဏ်ပြုအပ်ပါသည်။

၃။ ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ခေါင်းဆောင်ကြီးများသည် တောင်တန်းနှင့် မြေပြန့်မခွဲခြားဘဲ တန်းတူညီမျှမှု၊ တရားမျှတမှု၊ လွတ်လပ်မှုစသည့် ဖက်ဒရယ်ဒီမိုကရေစီစံနှုန်းများ ရရှိခံစားနိုင်စေရန် ပြည်သူလူထုတစ်ရပ်လုံးနှင့်အတူ ယုံကြည်ချက်ခိုင်မာစွာ ကြိုးစားဆောင်ရွက်နေချိန်တွင် အာဏာရမ္မက်ကြီးသူများဖြစ်သည့် ဂဠုန်ဦးစောနှင့်အပေါင်းအပါတို့၏ လုပ်ကြံသတ်ဖြတ်ခြင်းကို ခံခဲ့ရကာ မိမိတို့နိုင်ငံ၏ အနာဂတ်သည် အမှောင်အတိ ဖုံးလွှမ်းခဲ့ရပါသည်။

၄။ ယနေ့အချိန်ထိတိုင် အကြမ်းဖက်စစ်အာဏာရှင်များ၏ ခြယ်လှယ်ချုပ်ကိုင်မှုများဖြင့် တိုင်းရင်းသားပြည်သူအားလုံးတို့သည် ခေတ်ဆိုး၊ စနစ်ဆိုးကာလများ ရှည်ကြာစွာ တွေ့ကြုံခံစားကြရကာ လူ့အခွင့်အရေးများ ဆုံးရှုံးနေကြရပါသည်။ သမိုင်းဖြစ်ရပ်များအား လေ့လာဆန်းစစ်လျက် အာဇာနည်သူရဲကောင်းတို့ဆောင်ရွက်ခဲ့သော မပြီးပြတ်သေးသည့် အာဏာရှင်စနစ်ပျက်သုဉ်းရေး လုပ်ငန်းစဥ်များအား အပြီးသတ်အောင်မြင်စေရန် အစွမ်းကုန်ကြိုးစားဆောင်ရွက်ရမည်မှာ မိမိတို့ အားလုံး၏ တာဝန်ပင်ဖြစ်ပါသည်။ လက်ရှိ နွေဦးတော်လှန်ရေးတွင် အင်အားစုအသီးသီး စုစည်း ပေါ်ပေါက်လာကာ တသားတည်းပါဝင်ပေါင်းစုလျက် တိုက်ပွဲဝင်ရင်း ကျရာတာဝန်များအား သွေးစည်းညီညွတ်စွာ ထမ်းဆောင်လျက်ရှိသည့်အတွက် လွန်စွာဝမ်းသာဂုဏ်ယူပါကြောင်း ဖော်ပြအပ်ပါသည်။

၅။ မိမိတို့အားလုံးသည် စုစည်းမှု၊ ညီညွတ်မှုအင်အားများ ခိုင်မာစွာ တည်ဆောက်လျက် နွေဦးတော်လှန်ရေးအောင်မြင်မှုများအား အဆင့်ဆင့်ဖော်ဆောင်လျက်ရှိရာ ဒီမိုကရေစီစံနှုန်းများ ပြည့်ဝသည့် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီးအား မဝေးသောကာလတွင် ကြိုးစားတည်ထောင်နိုင်မည်ကို အကြွင်းမဲ့ယုံကြည်မိပါသည်။ မိမိတို့အနေဖြင့်လည်း ပြည်သူများ၏ အကျိုးအတွက် အာဏာရှင်စနစ်ဆိုးအား အပြီးသတ်အမြစ်ဖြတ်နိုင်ရေးတွင် တော်လှန်ရေးအင်အားစုအသီးသီးနှင့် ဆက်လက်ပူးပေါင်း၍ ချိတ်ဆက်လုပ်ဆောင်သွားမည်ဖြစ်ပါကြောင်း အလေးအနက် ကတိသစ္စာပြုအပ်ပါသည်။

၆။ ယနေ့ (၇၇) နှစ်မြောက် အာဇာနည်နေ့တွင် အာဇာနည်အမျိုးသားခေါင်းဆောင်ကြီးများ၊ ခေတ်အဆက်ဆက် တရားမျှတမှုအတွက် အသက်ပေးဆပ်တိုက်ပွဲဝင်လျက် ကျဆုံးခဲ့ကြရသော အာဇာနည်သူရဲကောင်းများနှင့် လက်ရှိနွေဦးတော်လှန်ရေးတွင် တခဲနက် ပါဝင်ပူးပေါင်းဆောင်ရွက်နေကြသည့် ပြည်သူလူထုအပေါင်းအား ဂုဏ်ယူလေးစားစွာဖြင့် ဤသဝဏ်လွှာအား ပေးပို့အပ်ပါသည်။

The Committee Representing Pyidaungsu Hluttaw

Scroll to Top