ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် အမေရိကန် အထက်လွှတ်တော်အမတ် Mr. Todd Young တို့ တွေ့ဆုံပွဲကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့၌ Virtual Conference ဖြင့် ပြုလုပ်ခဲ့ရာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်မြတ်သီတာထွန်းနှင့် အတွင်းရေးမှူး ဦးတင်ကိုကိုဦးတို့ တက်ရောက်ခဲ့သည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင် “အမေရိကန်နိုင်ငံ၏ မြန်မာနိုင်ငံအတွက် ကူညီပေးမှုများနှင့် အထက်လွှတ်တော်အမတ်က ဦးဆောင်ဆောင်ရွက်ခဲ့သည့် မြန်မာ့အရေးဆိုင်ရာ ဆုံးဖြတ်ချက်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ အကြမ်းဖက် စစ်ကောင်စီတပ်များက မြန်မာနိုင်ငံရှိ ပြည်နယ်/တိုင်း အချို့တွင် လေကြောင်းဖြင့် အင်အားသုံး တိုက်ခိုက်နေမှုများ ပြုလုပ်လျက်ရှိပါကြောင်း၊ မြန်မာပြည်သူများကို ထိရောက်သော ကူညီမှုများ ပေးနိုင်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်၍ မြန်မာပြည်သူများအပေါ် အကူအညီပေးစေလိုပါကြောင်း၊ ယခုကဲ့သို့ ခက်ခဲသည့် အချိန်ကာလတွင် အမေရိကန်နိုင်ငံ၊ လွှတ်တော်နှင့် လွှတ်တော်အမတ်များအပါအဝင် နိုင်ငံတကာအသိုက်အဝန်းက မြန်မာပြည်သူများအတွက် အကူအညီများ ပေးနေခြင်းအတွက် များစွာ ခွန်အားဖြစ်ရပါကြောင်း” ဖြင့် ပြောကြားခဲ့သည်။
တွေ့ဆုံပွဲ၌ နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌက ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ၏ ဆောင်ရွက်ခဲ့သည့် လုပ်ငန်များကို ရှင်းလင်းတင်ပြခဲ့ပြီး အမေရိကန်လွှတ်တော်၌ ဆွေးနွေးဆောင်ရွက်လျက်ရှိသည့် Burma Act နှင့် စပ်လျဉ်းသည့် ကိစ္စရပ်များ၊ ဒေသတွင်းနိုင်ငံများ၏ မြန်မာအရေးကိစ္စရပ်များအပေါ် ထားရှိသည့် သဘောထားများနှင့် ဆက်ဆံရေးအခြေအနေများကို ဆွေးနွေးခဲ့ကြသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

