မူလ / လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့၏ နှစ်ပတ်လည်ဖိုရမ်သို့ CRPH ကိုယ်စားလှယ်များ ပါဝင်တက်ရောက်

လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့၏ နှစ်ပတ်လည်ဖိုရမ်သို့ CRPH ကိုယ်စားလှယ်များ ပါဝင်တက်ရောက်

လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ (ASEAN Parliamentarians for Human Rights - APHR)၏ ဥက္ကဋ္ဌ Hon. Mercy Chriesty Barends နှင့် ပူးတွဲ ဥက္ကဋ္ဌ Hon. Charles Santiago ၏ ဖိတ်ကြားချက်အရAPHR၂၀၂၃ ခုနှစ်၊ မတ်လ ၃ ရက်နေ့မှ ၅ ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့၌ ကျင်းပခဲ့သည့် လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ (APHR) ၏ နှစ်ပတ်လည်ဖိုရမ်သို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီမှ ကိုယ်စားလှယ် (၂) ဦးနှင့် အကြံပေး (၁) ဦးတို့ သွားရောက်တက်ရောက်ခဲ့သည်။

အင်ဒိုနီးရှားအောက်လွှတ်တော်တွင် ကျင်းပခဲ့သည့် ဆွေးနွေးပွဲ ပထမနေ့၌ “မြန်မာ့ပဋိပက္ခ၊ အာဆီယံအရေးများ၊ အင်ဒိုနီးရှားနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ အခန်းကဏ္ဍအား ဆွေးနွေးခြင်း” အစီအစဉ်တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းမြတ်အေးက ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အမျိုးသားညီညွတ်ရေးအစိုးရနှင့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီတို့၏ အခန်းကဏ္ဍနှင့် လက်တွဲလုပ်ဆောင်နေမှုများ၊ CRPH ၏ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကြုံတွေ့နေရသည့် စိန်ခေါ်မှုများနှင့် အခက်အခဲများကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ဆွေးနွေးပွဲ ဒုတိယနေ့၌ လွှတ်တော်ကိုယ်စားလှယ်များ၏ အတွေ့အကြုံမျှဝေခြင်း အစီအစဉ်တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ဒေါက်တာဝင်းမြတ်အေးက “မြန်မာနိုင်ငံ၌ အကြမ်းဖက်မှုများ အဆုံးသတ်ရေးနှင့် ဒီမိုကရေစီပြန်လည်ရရှိရေးတို့အတွက် CRPH ၏ တောင်းဆိုချက်များ” ခေါင်းစဉ်ဖြင့် တရားမဝင် အာဏာသိမ်းစစ်တပ်၏ ကျူးလွန်လျက်ရှိသည့် အကြမ်းဖက်လုပ်ရပ်များ၊ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ၏ ကြိုးပမ်းချက်များနှင့် နိုင်ငံတကာအသိုက်အဝန်းက ပံ့ပိုးကူညီပေးရန် တောင်းဆိုချက်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ဆက်လက်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးထက် က “MPs at Risk” ဆွေးနွေးပွဲတွင် “ရွေးကောက်ခံမြန်မာလွှတ်တော်ကိုယ်စားလှယ်များ၏ စိန်ခေါ်မှုများ” ခေါင်းစဉ်ဖြင့် ပါဝင်ဆွေးနွေးခဲ့သည်။ urges ထိုသို့ ဆွေးနွေးရာတွင် အကြမ်းဖက်စစ်တပ်က ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များအပေါ် ကျူးလွန်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ ဖမ်းဆီးသတ်ဖြတ်ခဲ့မှုအခြေအနေများကို မျှဝေဆွေးနွေးခဲ့ပြီး အကြမ်းဖက်ခံရမှုများကြားမှ မြန်မာနိုင်ငံ၌ စစ်အာဏာရှင်စနစ် ကျဆုံးရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်သွားနိုင်ရေး ဒီမိုကရေစီအင်အားစုများ၏ ကြိုးပမ်းမှုများကို လက်တွဲပူးပေါင်းဆောင်ရွက်သွားရန် တိုက်တွန်းတောင်းဆိုခဲ့သည်။

ယခုကဲ့သို့ ခက်ခဲကြမ်းတမ်းသည့် အချိန်ကာလတွင် ဒီမိုကရေစီနည်းကျ ရွေးကောက်ခံထားရသည့် မိမိတို့ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ ရပ်တည်ပြီး နည်းလမ်းအမျိုးမျိုးဖြင့် ပံ့ပိုးကူညီပေးသည့် လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ (APHR) နှင့် ဤဆွေးနွေးပွဲ ဖြစ်မြောက်ရေးအတွက် ပံ့ပိုးကူညီခဲ့ကြသည့် အဖွဲ့အစည်းများကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် အထူးကျေးဇူးတင်ရှိပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top