မူလ / (၇၅) နှစ်မြောက် စိန်ရတု ပအိုဝ်းအမျိုးသားနေ့အခမ်းအနားတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်ပြောကြားခဲ့သည့် အမှာစကား

(၇၅) နှစ်မြောက် စိန်ရတု ပအိုဝ်းအမျိုးသားနေ့အခမ်းအနားတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်ပြောကြားခဲ့သည့် အမှာစကား

၂၀၂၄ ခုနှစ်၊ မတ်လ ၂၄ ရက်

ဒီကနေ့ (၇၅)နှစ်မြောက် စိန်ရတု ပအိုဝ်းအမျိုးသားနေ့အခမ်းအနားကို တက်ရောက် လာကြတဲ့ နိုင်ငံတော်ယာယီသမ္မတကြီး ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ တိုင်းရင်းသား လူမျိုးစု တော်လှန်ရေးအင်အားစုအသီးသီး၏ ခေါင်းဆောင်ကြီးများ၊ အမျိုးသား ညီညွတ်ရေးအတိုင်ပင်ခံကောင်စီ ကိုယ်စားလှယ်များ၊ တော်လှန်ရေးအင်အားစုများနှင့် ဖိတ်ကြား ထားသော ဂုဏ်သရေရှိ ဧည့်သည်တော်များနှင့်တကွ အားလုံးကို လေးစားပါကြောင်းနှင့် ပအိုဝ်း အမျိုးသားခေါင်းဆောင်ကြီးများနှင့်တကွ ရဲဘော်ရဲဘက်များအားလုံး ဘေးအန္တရာယ်အပေါင်း ကင်းရှင်းကြပါစေကြောင်း၊ တိုင်းရင်းသားပြည်သူအားလုံး ဘေးကင်းလုံခြုံစွာ အတူတကွ ပျော်ပျော်ရွှင်ရွှင် နေထိုင်နိုင်တဲ့အချိန်ကို အမြန်ဆုံးရောက်နိုင်ကြပါစေကြောင်း ဦးစွာပထမ ဆုတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။ ဒီကနေ့လို ထူးမြတ်တဲ့ နေ့ထူးနေ့မြတ် အခါသမယမှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ကိုယ်စား တက်ရောက်ပြီး အမှာစကား ပြောကြား ခွင့် ရတဲ့အတွက်လည်း အင်မတန် ဝမ်းမြောက်ဂုဏ်ယူရပါတယ်။

ဒီကနေ့လို နေ့ထူးနေ့မြတ်မှာ မိမိနိုင်ငံနဲ့လူမျိုးအတွက် ခေတ်အဆက်ဆက်က အကြမ်းဖက် စစ်အာဏာရှင်တွေကို တွန်းလှန်ရင်း အသက်ပေးဆပ်သွားခဲ့ကြရတဲ့ ပအိုဝ်းအမျိုးသားခေါင်းဆောင် ကြီးများကိုလည်း အလေးအမြတ် ဦးညွှတ်အလေးပြုအပ်ပါတယ်။ 

နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုးမှာ မရှိမဖြစ်တဲ့နေ့ တစ်နေ့ကတော့ အမျိုးသားနေ့ပဲ ဖြစ်ပါတယ်။ ဒီလိုအမျိုးသားနေ့တွေကို နေ့ထူးနေ့မြတ်အဖြစ် ဘာလို့သတ်မှတ်ကျင်းပကြသလဲ ဆိုလျှင် လူတိုင်းလူတိုင်းက မိမိတို့လူမျိုးကို လေးစားရမယ်။ မိမိတို့ ယဉ်ကျေးမှုကို တန်ဖိုးထားရ မယ်။ မိမိတိုင်းပြည်ကို ချစ်မြတ်နိုး တန်ဖိုးထားတတ်ရမယ်။ ဒီလို တန်ဖိုးထားလေးစားစေလိုတဲ့ စိတ်ဓာတ်တွေကို မျိုးဆက်သစ်လူငယ်တွေဆီ လက်ဆင့်ကမ်းပေးလိုတဲ့ ရည်ရွယ်ချက်တွေနဲ့ အမျိုးသားနေ့တွေကို အထူးအမြတ်ကျင်းပကြတာဟာ ကောင်းမွန်တဲ့ အမွေအနှစ်တစ်ခုပဲ ဖြစ်ပါတယ်။

မိမိတို့မြန်မာနိုင်ငံဟာ တိုင်းရင်းသားလူမျိုးပေါင်းစုံ စုပေါင်းနေထိုင်တဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်သလို တိုင်းရင်းသားပြည်သူတွေကလည်း တစ်မြေတည်းနေ တစ်ရေတည်းသောက်ပြီး  အေးအတူ ပူအမျှနေထိုင်ပြီး ဒုက္ခကိုလည်းအတူခံ၊ သုခကိုလည်း အတူဝေမျှခံစားလိုတဲ့ အမျိုးသား ရေး စိတ်ဓာတ်တွေနဲ့ အတူယှဉ်တွဲနေထိုင်ကြတယ်ဆိုတာ ဒီကနေ့ နွေဦးတော်လှန်ရေးကြီးက သက်သေပြနေပါတယ်။ ဒါကြောင့် အမျိုးသားရေးစိတ်ဓာတ်နှင့် ညီညွတ်မှုဟာ ဘယ်လောက် အရေးကြီးလဲဆိုတာ ကျွန်တော်တို့အားလုံး အသိဖြစ်ပါတယ်။

ပအိုဝ်းလူမျိုးတွေဟာဆိုရင် ဗြိတိသျှနယ်ချဲ့ဆန်ကျင်ရေးနဲ့ မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိရေး ကြိုးပမ်းဆောင်ရွက်ခဲ့ကြတဲ့ သမိုင်းမှတ်တမ်းမှာ ထင်ထင်ရှားရှားရှိပြီး ဖြစ်ပါတယ်။ လွတ်လပ်ရေးကြိုးပမ်းမှုရဲ့ မှတ်တိုင်ဖြစ်တဲ့ ပင်လုံညီလာခံမှာလည်း ပအိုဝ်းအမျိုးသားခေါင်းဆောင် တွေ တက်ရောက်ဆွေးနွေးခဲ့ကြပြီး သဘောတူလက်မှတ်ရေးထိုးရာမှာလည်း ပါဝင်ခဲ့ကြပါတယ်။ ဒီကနေ့ နွေဦးတော်လှန်ရေးမှာလည်း အကြမ်းဖက်စစ်အာဏာရှင်စနစ် ဆိတ်သုဉ်းပြီးတော့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ရေး ကြိုးပမ်းမှုမှာလည်း စွမ်းစွမ်းတမံ ပူးပေါင်း ဆောင်ရွက်နေကြတဲ့အတွက်လည်း အင်မတန်မှ လေးစားတန်ဖိုးထားရပါတယ်။

ဒီကနေ့အချိန်ဟာ မိမိတို့နိုင်ငံမှာ စစ်အာဏာရှင်တွေက ပြည်သူကို ရန်သူလို သဘော ထားပြီး အကြမ်းဖက်နှိပ်စက်သတ်ဖြတ်ခံနေကြရတဲ့ အချိန်ဖြစ်ပါတယ်။ နေစရာအိမ်မရှိ၊ ပြေးစရာ မြေမရှိ သောကဒုက္ခတွေ ပင်လယ်ဝေနေချိန်မှာ ပြည်သူတွေဘဝ ဘေးကင်းလုံခြုံဖို့အရေး မိမိတို့ တိုင်းရင်းသားပြည်သူအားလုံးဟာ ပုခုံးချင်းဖက် လက်ချင်းယှက်ပြီး လူမဆန်တဲ့ စစ်အာဏာရှင် စနစ်ကို ရှေ့တန်းကနေ တိုက်ထုတ်နေကြတဲ့ အမျိုးသားရေးစိတ်ဓာတ်ပြည့်ဝတဲ့ သူရဲကောင်းတွေ ပဲဖြစ်ပါတယ်။ ဒီအမျိုးသားရေးစိတ်ဓာတ်ကပဲ အောင်ပွဲတွေ တစ်ပွဲပြီးတစ်ပွဲ ဆောင်ယူပေးနေတာ လည်း ဖြစ်ပါတယ်။

သစ်ရိပ်ဝါးရိပ်များမှ အေးမြတဲ့အရသာကို ပေးစွမ်းနိုင်မှာဖြစ်သလို မိမိတို့ တော်လှန်ရေး အင်အားစုတွေအားလုံး စည်းလုံးညီညွတ်ခြင်း၊ အပြန်အလှန်လေးစား ယုံကြည်ခြင်းတွေနဲ့အတူ ဘုံရန်သူဖြစ်တဲ့ အကြမ်းဖက်စစ်အာဏာရှင်စနစ်ကို ဖြိုချဖျက်ဆီးနိုင်မှသာ တိုင်းရင်းသားပြည်သူ တွေဘဝ အေးချမ်းသာယာပြီး ဘေးကင်းလုံခြုံတဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။ ဒီနေ့အချိန်မှာဆိုရင် အကြမ်းဖက်စစ်တပ်ဟာ ပြိုကျလုနီးဖြစ်နေတဲ့ ပင်အိုကိုင်းဆွေး ဖြစ်နေပြီ ဖြစ်ပါတယ်။ မိမိတို့ တိုင်းရင်းသားပြည်သူတွေ၊ တော်လှန်ရေးအင်အားစုတွေ၊ တိုင်းရင်းသား မဟာမိတ်အင်အားစုတွေရဲ့ စည်းလုံးညီညွတ်မှုတွေနဲ့ ဘက်ပေါင်းစုံက အင်အားတွေပေါင်းစည်းပြီး ဘက်ပေါင်းစုံက ဖြိုချနေတဲ့အတွက် မကြာခင် ပြိုကျတော့မှာ ဖြစ်ပါတယ်။ ဒီလိုပြိုကျလုနီး ဖြစ် နေတဲ့ အကြမ်းဖက်စစ်အာဏာရှင်တွေကို အမြန်ဆုံး အဆုံးသတ်နိုင်ဖို့ အားလုံးရဲ့ တွဲလက်တွေကို ခိုင်ခိုင်တွဲပြီး ရှေ့ဆက်ချီတက်ကြရမှာလည်း ဖြစ်ပါတယ်။ မိမိတို့တစ်တွေ နွေဦးတော်လှန်ရေးမှာ ဘယ်လောက်စည်းလုံးညီညွတ်ခဲ့တယ်ဆိုတာ မျိုးဆက်သစ်တွေအတွက် ချန်ရစ်ခဲ့မယ့် သမိုင်း စာမျက်နှာတွေပေါ်ကနေ သက်သေပြဖို့ ဒီကနေ့ ပူးပေါင်းဆောင်ရွက်မှုတွေကို အရှိန်မပြတ် ဆက်လက် ကြိုးပမ်းကြပါစို့လို့ တိုက်တွန်းရင်း၊ သန္နိဋ္ဌာန်ပြုရင်း နိဂုံးချုပ်အပ်ပါတယ်။

အားလုံးကို လေးစားပါတယ်။

အရေးတော်ပုံ မုချ အောင်ရမည်။

Scroll to Top