မူလ / အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများအား ရင်ဆိုင်ကြုံတွေ့ရပါက ဆောင်ရွက်သင့်သည့် အချက်အလက်များနှင့်စပ်လျဥ်း၍ ဆွေးနွေးမျှဝေပို့ချသော လေကြောင်းရန်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းသင်တန်းတစ်ခု စီစဥ်ပြုလုပ်

အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများအား ရင်ဆိုင်ကြုံတွေ့ရပါက ဆောင်ရွက်သင့်သည့် အချက်အလက်များနှင့်စပ်လျဥ်း၍ ဆွေးနွေးမျှဝေပို့ချသော လေကြောင်းရန်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းသင်တန်းတစ်ခု စီစဥ်ပြုလုပ်

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ လုံခြုံရေးနှင့်ကာကွယ်ရေးဆိုင်ရာကော်မတီသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနနှင့်အတူ ပူးပေါင်း၍ အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်များအား ရင်ဆိုင်ကြုံတွေ့ရပါက ကြိုတင်ကာကွယ်နိုင်စေရန်နှင့် လုပ်ဆောင်သင့်သည့်အချက်အလက်များအား လွှတ်တော်ကိုယ်စားလှယ်များအတွက် ဆွေးနွေးမျှဝေပို့ချသည့် လေကြောင်းရန်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းသင်တန်းအား စီစဥ်ဆောင်ရွက်ပေးခဲ့သည်။

ဆွေးနွေးပို့ချမှုတွင် ဝန်ကြီးဌာနမှ တာဝန်ရှိသူများက လက်နက်ကြီးဖြင့် ပစ်ခတ်ခံရနိုင်သည့်ဒေသများရှိ အရပ်သားပြည်သူများအတွက် သတိပြုရန်အချက်များ၊ တစ်ကိုယ်စာ အရေးပေါ်အိတ်အတွက် ကြိုတင်စုဆောင်းပြင်ဆင်ထားသင့်သည့်အချက်များ၊ အရပ်သားပြည်သူများအား လေကြောင်းရန်နှင့် လက်နက်ကြီးရန် ကြိုတင်ကာကွယ်နိုင်ရေး အသိပညာများ ဖြန့်ဝေပေးခြင်း၊ ကြိုတင်စုဖွဲ့မှုများပြုလုပ်ခြင်း၊ ဇာတ်တိုက်လေ့ကျင့်ခြင်း၊ လိုအပ်သည့်အရင်းအမြစ်များအား စုစည်းခြင်း၊ သတင်းအချက်အလက်များ မျှဝေခြင်းတို့ ဆောင်ရွက်နိုင်ရေးအချက်များ၊ ရပ်ရွာလူထုအခြေပြု ဘေးအန္တရာယ်ကြောင့် အရေးပေါ် လူရွှေ့ပြောင်းရာတွင် သိရှိထားသင့်သည့်အချက်များ၊ လေကြောင်းတိုက်ခိုက်မှုဆိုင်ရာ သိရှိထားသင့်သည့်အချက်များ၊ ကျေးရွာဒေသများတွင် လုံခြုံရေးအန္တရာယ်ကြီးမားသည့် အခြေအနေမျိုးတွင် အရေးပေါ်လူရွှေ့ပြောင်းရာ၌ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ အရေးပေါ်လူရွှေ့ပြောင်းနိုင်ရေး ဇာတ်တိုက်လေ့ကျင့်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ရမည့်အချက်များ၊ မိုင်းအန္တရာယ်နှင့် ဗုံးခိုကျင်း၊ ကတုတ်ကျင်း တူးဖော်ရန် အဆင့်ဆင့်နည်းနာများ စသည်ဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်မှုဘေးအန္တရာယ်တို့မှ ကာကွယ်နိုင်ရေး အသိပညာများအား မျှဝေပို့ချပေးခဲ့သည်။

အဆိုပါသင်တန်းသို့ လုံခြုံရေးနှင့်ကာကွယ်ရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ ရေးရာကော်မတီဝင်များ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ NUG လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ စုစုပေါင်း (၇၆) ဦး တက်ရောက်ခဲ့ကြသည်။

The Committee Representing Pyidaungsu Hluttaw

Scroll to Top