မူလ / ပြည်ထောင်စုလွှတ်တော် သတ္တမအကြိမ်အစည်းအဝေးသို့ အစီရင်ခံတင်သွင်းခဲ့သည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာ

ပြည်ထောင်စုလွှတ်တော် သတ္တမအကြိမ်အစည်းအဝေးသို့ အစီရင်ခံတင်သွင်းခဲ့သည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာ

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်
 
နိဒါန်း 
 
၁။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် စတင်ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၅) ရက်နေ့မှစ၍ ပြည်ထောင်စုလွှတ်တော်အား တာဝန်ခံလျက် တရားမဝင် အကြမ်းဖက်စစ်အာဏာရှင်စနစ် အပြီးတိုင်ပပျောက်ရေးနှင့် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး၏ ဘုံရည်မှန်းချက်ဖြစ်သည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်ရေးတို့အတွက် လွှတ်တော်ကဏ္ဍဖြင့် တော်လှန်ရေးအင်အားစုများနှင့် အတူတကွ လက်တွဲကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ လက်ရှိအချိန်အထိ အမျိုးသား ညီညွတ်ရေးအစိုးရ၏ သက်ဆိုင်ရာဝန်ကြီးဌာနများအပါအဝင် တော်လှန်ရေးအင်အားစုများ၊ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပူးပေါင်း၍ ပြည်သူလူထု၏ အခက်အခဲများ၊ တော်လှန်ရေး၏ စိန်ခေါ်မှုများကို ဖြေရှင်းဆောင်ရွက်နေသကဲ့သို့ နိုင်ငံရေးအရ ပူးပေါင်းပါဝင် ဆောင်ရွက်မှုများ ကိုလည်း လက်တွဲကြိုးပမ်းလုပ်ဆောင်လျက်ရှိပါသည်။ 
 
လွှတ်တော်နှင့်ရေးရာကော်မတီများ၏ လုပ်ငန်းဆောင်ရွက်များ တိုးမြှင့်နိုင်စေရန် ဆောင်ရွက်ခြင်း
 
၂။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ကော်မတီ၏ဆောင်ရွက်ချက် များ၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ လုပ်ငန်းစဥ်များအား လွှတ်တော်သို့ အစီရင်ခံတင်ပြ နိုင်ရန်၊ ပြည်သူသို့အသိပေးတင်ပြနိုင်ရန်နှင့် နိုင်ငံရေးအရ တွန်းအားတစ်ခုအဖြစ် ဖော်ဆောင် နိုင်ရန် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးများအား ခေါ်ယူကျင်းပခဲ့ရာ ပုံမှန်အစည်းအဝေး (၆) ကြိမ်နှင့် အထူးအစည်းအဝေး (၁) ကြိမ် ခေါ်ယူကျင်းပခဲ့ပါသည်။ စစ်အာဏာရှင်များ၏ မတရားဖမ်းဆီးသတ်ဖြတ်နေမှုများ၊ ခြိမ်းခြောက်မှုများကြားမှ လွှတ်တော်ကိုယ်စားလှယ်များ၏ တာဝန်ထမ်းဆောင်နေမှုအား မြန်မာသိ၊ ကမ္ဘာသိဆောင်ရွက်နိုင်ခဲ့ပြီး ကမ္ဘာ့နိုင်ငံပေါင်း (၁၇၀) ကျော် ပါဝင်သည့် နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) ၏ တရားဝင်ကိုယ်စားပြုသည့် လွှတ်တော်အဖွဲ့အစည်းအဖြစ် အသိအမှတ်ပြုမှုကိုလည်း ယနေ့ထိတိုင် ရရှိထားဆဲဖြစ်ပါသည်။ ရွေးကောက်ခံကိုယ်စားလှယ်များ၏ အခြေအနေနှင့် စာရင်းများကို ပြုစုထားရှိလျက် ရွေးကောက်ခံကိုယ်စားလှယ်များ၏ အခွင့်အရေး ရပိုင်ခွင့်တို့နှင့်စပ်လျဉ်း၍ စနစ်တကျ စီစဥ် ဆောင်ရွက်လျက်ရှိပါသည်။ ဖွဲ့စည်းထားရှိသည့် လွှတ်တော်ရေးရာကော်မတီ(၁၁)ခုသည်လည်း‌ ကော်မတီလုပ်ငန်းလမ်းညွှန်များနှင့်အညီ  အပတ်စဥ်ပုံမှန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးများ ကျင်းပလျက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တော်လှန်ရေးမိတ်ဖက်အဖွဲ့အစည်းများ၊ အင်အားစု များနှင့်အတူ တွေ့ဆုံဆွေးနွေးမှု အစည်းအဝေးများအား (၆၂၇)ကြိမ် စီစဥ်တွေ့ဆုံနိုင်ခဲ့ပါသည်။  
 
အစိုးရနှင့် လွှတ်တော်အကြား ချိတ်ဆက်ပူးပေါင်းဆောင်ရွက်ခြင်း
 
၃။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည် အစိုးရ၏လုပ်ငန်းဆောင်ရွက်ချက် များ၊ ဆောင်ရွက်မည့်လုပ်ငန်းစဥ်များကို သိရှိပြီး လိုအပ်သည့်အကြံပြုချက်၊ တိုက်တွန်းချက်များ ပြုလုပ်နိုင်ရေးနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၏ သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့်တွေ့ဆုံ၍ ရှင်းလင်းတင်ပြခြင်းများ ပြုလုပ်ခြင်းသည် အဓိကမဟာဗျူဟာလုပ်ငန်းတစ်ရပ်အဖြစ် ပါဝင်ပါသည်။ ၂၀၂၄ ခုနှစ်တွင် ဝန်ကြီးဌာနများနှင့် (၁၄)ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကာ မြေပြင်၌ ဖြစ်ပေါ်နေသည့်အခြေအနေများ၊ ပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်အချက်များကို အကြံပြုတိုက်တွန်းခဲ့ပါသည်။ ထို့ပြင် စစ်ဘေးရှောင်ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အပါအဝင် အစိုးရအနေဖြင့် ဖြေရှင်းကိုင်တွယ်ရမည့် ကိစ္စရပ်များကို သက်ဆိုင်ရာ မဲဆန္ဒနယ် များမှ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်သူများ၏ တင်ပြချက်များကိုလည်း အချိန်မီ သိရှိစေရေးနှင့် ဖြေရှင်းနိုင်ရေးတို့အတွက် ချိတ်ဆက် ပူးပေါင်းဆောင်ရွက်မှုများကို ပြုလုပ်ခဲ့ ပါသည်။ နိုင်ငံရေးအရ တွန်းအားတစ်ခုအဖြစ် ရည်ရွယ်ကျင်းပသည့် နိုင်ငံတော်အဆင့် အခမ်းအနားများကိုလည်း အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။
 
မဟာမိတ်အင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရေး ဆောင်ရွက်ခြင်း
 
၄။ လက်ရှိတော်လှန်ရေးကာလသည် စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းပြီး သက်ဆိုင်သူ အားလုံးပါဝင်ပြီး ရေရှည်တည်တံ့သော နိုင်ငံရေးဖြေရှင်းမှုကို ရရှိအောင် အင်အားစုအသီးသီးက ကြိုးပမ်းနေချိန်ဖြစ်သည်နှင့်အညီ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီအနေဖြင့် လက်ရှိစစ်အာဏာရှင်စနစ်ကို တွန်းလှန်နေကြသည့် အင်အားစုအသီးသီးနှင့် ဆက်ဆံရေး ခိုင်မာအားကောင်းလာစေရေးနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ တိုးမြှင့်နိုင်ရေးကို အစဉ်တစိုက် အလေးပေးလျက် ဆောင်ရွက်ခဲ့ပါသည်။ တော်လှန်ရေး အရှိန်အဟုန် မြင့်တက်လာသည်နှင့်အမျှ ပြည်သူလူထုအနေဖြင့် အခက်အခဲ၊ အကြပ်အတည်းများ ပိုမိုတွေ့ကြုံရင်ဆိုင်လာရသည့် အခြေအနေများနှင့် အနာဂတ် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို အတူတကွ ပူးပေါင်းဖြေရှင်း ဆောင်ရွက်သွားနိုင်ရန် ပါဝင်နေသော တော်လှန်ရေးအင်အားစုများနှင့် လက်တွဲလုပ်ဆောင် သွားနိုင်ရန် နည်းလမ်းများ ရှာဖွေကြိုးပမ်းလျက်ရှိပါသည်။ 
 
ဥပဒေများ၊ မူဝါဒများ တိုးတက်ကောင်းမွန်စေရန် ဆောင်ရွက်ခြင်း 
 
၅။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ကြားကာလနှင့် အသွင် ကူးပြောင်းရေးကာလ လုပ်ငန်းစဉ်များအတွက် အဓိကအရေးကြီးသည့် ဖက်ဒရယ်နှင့် ဒီမိုကရေစီ စနစ်နှင့်ကိုက်ညီသည့် ဥပဒေများ၊ မူဝါဒများ ပေါ်ထွန်းရေးကို အလေးပေးဆောင်ရွက်လျက်ရှိပြီး ၂၀၂၅ ခုနှစ်တွင်လည်း အနာဂတ်နိုင်ငံတော်သစ်အတွက် လိုအပ်မည့် ဥပဒေများ၊ မူဝါဒများကို လေ့လာသုံးသပ်ခြင်းများကို  သက်ဆိုင်ရာကဏ္ဍအလိုက် ဖော်ထုတ်ပြင်ဆင်ထားပြီးဖြစ်ပါသည်။ ဥပဒေရေးရာကော်မတီအနေဖြင့် ယနေ့အချိန်အထိ ဥပဒေ(၉)ခုတို့အား အတည်ပြု ဆောင်ရွက် နိုင်ခဲ့ပြီး အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်းဥပဒေ (မူကြမ်း)နှင့် စပ်လျဥ်း၍ ကော်မတီအတွင်း ဆွေးနွေးမှုများ ပြုလုပ်ရုံသာမက CDM Success Committee ၊ JCC CDM တို့နှင့် (၂၈)ကြိမ်အထိ တွေ့ဆုံ၍ ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် အသွင် ကူးပြောင်းရေးကာလ တရားစီရင်ရေးကိစ္စရပ်များနှင့်စပ်လျဥ်း၍ အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာနနှင့် တွေ့ဆုံဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။
 
၆။ လက်ရှိတော်လှန်ရေး၏ အဓိကရည်မှန်းချက်ဖြစ်သည့် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက် လိုအပ်လျက်ရှိသည့် အသွင်ကူးပြောင်းရေး ဖက်ဒရယ်ဖွဲ့စည်းပုံမူကြမ်းရေးဆွဲခြင်းတွင် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် အခြေခံ မူဘောင်များ၊ ပါဝင်သင့်ပါဝင်ထိုက်သည့်အချက်များအား ဥပဒေရှုထောင့်အရ သော်လည်းကောင်း၊ ဖက်ဒရယ်မူဘောင်အရသော်လည်းကောင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးနှင့် ကိုးကား အချက်အလက်များအဖြစ် ကိုင်စွဲပါဝင်ဆောင်နိုင်ရန် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်နှင့် ဖွဲ့စည်းပုံ ရေးဆွဲခြင်းတွင် ပါဝင်သင့်သည့်အချက်များကို အခြေခံကာ မူကြမ်းတစ်ရပ်အဖြစ် ဥပဒေရေးရာ ကော်မတီ၊ ဖက်ဒရယ်ရေးရာကော်မတီ၊ NUCC ရေးရာကော်မတီတို့က ပူးပေါင်း၍ နှိုင်းယှဥ် သုံးသပ်လေ့လာမှုများအား ပြုလုပ်ခဲ့ပါသည်။ ထို့ပြင် ဖက်ဒရယ်၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး စံနှုန်းများအရ  မကိုက်ညီသည့်ဥပဒေများ၊ လိုအပ်လာမည့်ဥပဒေများ၊ မူဝါဒများကို လေ့လာ သုံးသပ်နေသကဲ့သို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပ.အ.ဖ)လုပ်ငန်းလမ်းညွှန်အပေါ် ဥပဒေရေးရာ ကော်မတီ၊ (NUCC) ရေးရာကော်မတီ၊ လုံခြုံရေးနှင့်ကာကွယ်ရေးဆိုင်ရာကော်မတီတို့နှင့်အတူ ဆွေးနွေးလေ့လာလျက်ရှိပါသည်။
 
၇။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ဖက်ဒရယ်/ယူနစ်များ အားကောင်းခြင်းမှသည် ပြည်ထောင်စုဆီသို့ ဆိုသည့်မူဖြင့် အစိုးရနှင့် အင်အားစုအသီးသီးက ပုံဖော်ကြိုးပမ်းနေမှုများကြောင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်၏ ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးကြိုတင်ပြင်ဆင်မှုဆိုင်ရာဥပဒေ၊ မန္တလေး၊ မကွေးနှင့် တနင်္သာရီ ဖက်ဒရယ်ယူနစ် ကြားကာလအစီအမံ ကြိုတင်ပြင်ဆင်မှုဆိုင်ရာ ဥပဒေများ ရေးဆွဲခြင်းလုပ်ငန်းစဥ်များတွင် ဥပဒေနှင့် ဖက်ဒရယ်စံနှုန်းများအရ လိုအပ်သည့် အကြုံပြုချက်များ၊ ပူးပေါင်းဆောင်ရွက်မှုများဖြင့် လွှတ်တော်ကိုယ်စားလှယ်များက ပါဝင်ဆောင်ရွက်နေမှုများကို လက်တွဲကူညီပေးလျက်ရှိသည်။ ယင်းသို့ ဖွဲ့စည်းပုံရေးဆွဲခြင်း လုပ်ငန်းစဥ်များတွင် လွှတ်တော်ကိုယ်စားလှယ်များ ပါဝင် ဆောင်ရွက်ခြင်းအား အထောက်အကူဖြစ်စေရန် International IDEA နှင့် ပူးပေါင်း၍ နိုင်ငံတကာပညာရှင်များဖြင့် ဆွေးနွေးပွဲများကို စီစဥ်ကျင်းပပေးခဲ့ပါသည်။ ၂၀၂၃ ခုနှစ်တွင် အွန်လိုင်းဆွေးနွေးပွဲ (၁၉) ကြိမ်၊ ၂၀၂၄ ခုနှစ်တွင် အွန်လိုင်းဆွေးနွေးပွဲ (၇)ကြိမ်၊ လူကိုယ်တိုင်ဆွေးနွေးပွဲ (၃) ကြိမ်တို့ကို စီစဥ်ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ပါသည်။ 
 
၈။ အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာ ကော်မတီအနေဖြင့်  မသန်စွမ်းသူများ အခွင့်အရေးဥပဒေ၊ နည်းဥပဒေ၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေ၊ ရှေးဦးအရွယ် ကလေး သူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံဖြိုးရေးလုပ်ငန်းဥပဒေ၊ သက်ကြီးရွယ်အိုများဆိုင်ရာဥပဒေ၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေ၊ လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်ခြင်း၊ အမြတ် ထုတ်ခြင်းနှင့် မဖွယ်မရာပြုမူခြင်းဆိုင်ရာ အကာအကွယ်ပေးရေးမူဝါဒ၊ ကလေးသူငယ် ကာကွယ်ရေးဆိုင်ရာ မူဝါဒ၊ လူငယ်ရေးရာမူဝါဒနှင့် အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနက ပြုစုထားသော “မြန်မာ့နွေဦးတော်လှန်ရေးအတွင်းမှ လူငယ်များ၏အခန်းကဏ္ဍများ၊ မဟာဗျူဟာများနှင့် နိုင်ငံရေးရည်မှန်းချက်များ” သုတေသနစာတမ်းတို့အပေါ် လေ့လာ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
 
ဖက်ဒရယ်ဆိုင်ရာ အသိပညာများ မြှင့်တင်နိုင်ရေး ဆောင်ရွက်ခြင်း
 
၉။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်ရန် အင်အားစုအသီးသီးနှင့် လက်တွဲကြိုးပမ်းဖော်ဆောင်မှုတွင် ဖက်ဒရယ်ဆိုင်ရာသဘောတရား၊ စံတန်ဖိုးနှင့်အခြေခံ ကျင့်သုံးမှုများကို ကျယ်ပြန့်စွာ သိရှိစေရေးကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အနေဖြင့် ၂၀၂၄ ခုနှစ်အတွင်း ပိုမိုကြိုးစားဆောင်ရွက်ခဲ့ပါသည်။ ယင်းသို့ ဆောင်ရွက်ရာတွင် နိုင်ငံတော်၏စနစ်တစ်ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် နိုင်ငံ့ဝန်ထမ်းများ၏ အခန်းကဏ္ဍသည်လည်း အရေးကြီးသည့် အစိတ်အပိုင်းဖြစ်ခြင်းကြောင့် ပြည်သူ့ရေးရာကော်မတီ သည် အမျိုးသားညီညွတ်ရေးအစိုးရ၊ CDM Success Committee (CSC)၊ International IDEA တို့နှင့်ပူးပေါင်း၍ အဖွဲ့အစည်းနှင့်ဝန်ကြီးဌာန (၂၂)ခုမှ CDM နိုင်ငံ့ဝန်ထမ်း (၁၄၅) ဦးအတွက် “ဖက်ဒရယ်စနစ်များရှိအုပ်ချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များ၏ရလဒ်များ” ဆွေးနွေးပွဲ စီးရီးကို လည်းကောင်း၊ ပညာရေးကော်မတီသည် ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ CDM ပြည်သူ့ ဝန်ထမ်းများအပါအဝင် သင်တန်းသား (၅၂) ဦးအတွက် ဖက်ဒရယ်အခြေခံသင်တန်း အပတ်စဥ် (၂)ခု အားလည်းကောင်း စီစဉ်ဆောင်ရွက်ခဲ့ပါသည်။ 
 
၁၀။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းစဉ်များတွင် ပြည်ထောင်စု၊ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်က ကဏ္ဍမျိုးစုံတွင် ပါဝင်ဆောင်ရွက်နေမှုကို မြှင့်တင်နိုင်ရန် ဖက်ဒရယ်ရေးရာကော်မတီသည် International IDEA၏ ကူညီပံ့ပိုးမှုဖြင့်  ဖက်ဒရယ်စနစ် ကျင့်သုံးလျက်ရှိသော နိုင်ငံများအား လေ့လာဆွေးနွေးပွဲများကို ကျင်းပခဲ့ရာ ၂၀၂၄ ခုနှစ်တွင် ဆွေးနွေးပွဲပေါင်း (၁၇)ခုကို စီစဥ်ဆောင်ရွက်ပေးခဲ့ပါသည်။ ထို့ပြင်  “ဖက်ဒရယ်စနစ်ကို ပုံဖော်ခြင်း နှင့် နိုင်ငံတော်တည်ဆောက်ရေးမဟာဗျူဟာဆွေးနွေးပွဲ’’ကိုလည်း အိန္ဒိယကျွမ်းကျင်ပညာရှင် နှင့် ဘယ်လ်ဂျီယံ ကျွမ်းကျင်ပညာရှင်တို့ဖြင့် စီစဉ်ဆောင်ရွက်ပေးခဲ့ပါသည်။ NDI ၏ ကူညီမှုဖြင့်  အဆင့်မြင့်ဖက်ဒရယ်သင်တန်းကို တိုင်းဒေသကြီးနှင့် ပြည်နယ်(၁၄)ခုမှ ဖက်ဒရယ်စနစ်နှင့် လူနည်းစုအခွင့်အရေးဆိုင်ရာ ဆရာ/ ဆရာမဖြစ် သင်တန်းတက်ရောက်ခဲ့သည့်ကိုယ်စားလှယ် (၄၂)ဦး တို့အား ဖိတ်ကြား၍ ပြုလုပ်ခဲ့ပါသည်။ ဖြည်းဖြည်းချင်းပြောင်းလဲမှုမူဝါဒ၊ လူမျိုးစု အခြေပြုဖက်ဒရယ်စနစ်၊ အချိုးမညီဖက်ဒရယ်စနစ်၊ အမျိုးသားတန်းတူရေး၊ ဖက်ဒရယ်တရား စီရင်ရေးဆိုင်ရာ ဆွေးနွေးပွဲများကိုလည်း လွှတ်တော်ကိုယ်စားလှယ်များအတွက် စီစဥ်ဆောင်ရွက် ပေးခဲ့ပါသည်။ 
 
၁၁။ လက်ရှိအချိန်တွင် အင်အားစုအသီးသီးက စနစ်ပြောင်းနိုင်ငံရေးစနစ်ကို ပုံံဖော် တည်ဆောက်နိုင်ရန် ကြိုးပမ်းနေခြင်းကြောင့် နိုင်ငံရေးစနစ်အပြောင်းအလဲအတွက် အဓိက အရေးကြီးသည့် ပြည်သူလူထုအနေဖြင့် ရှင်းရှင်းလင်းလင်းနားလည်ပြီး ပူးပေါင်းဆောင်ရွက်မှုတို့ ပိုမိုအားကောင်းစေရန် ပြည်သူ့ရေးရာကော်မတီသည် နွေဦးတက္ကသိုလ် (Spring University Myanmar)၊ International IDEA တို့နှင့်ပူးပေါင်း၍ ဖွဲ့စည်းပုံ ရေးဆွဲခြင်းလုပ်ငန်းစဉ်များ၊ လွှတ်တော်နှင့် အစိုးရများ၏သဘောသဘာဝများ၊ ဖက်ဒရယ်စနစ်၊ ဒီမိုကရေစီစနစ်နှင့်အခြေခံ အခွင့်အရေး၊ ရပိုင်ခွင့်များဆိုင်ရာ စာအုပ်စာတမ်း အမျိုးအစား (၂၈) မျိုးအား မြန်မာဘာသာဖြင့် ပထမအကြိမ်တွင် (၉) စုံ၊ ဒုတိယအကြိမ်တွင် အစုံ(၁၀၀) အား တိုင်းဒေသကြီးနှင့် ပြည်နယ်(၁၀) ခုရှိ စစ်ရှောင်စခန်းများ၊ ကျေးရွာများ၊ စာသင်ကျောင်းများသို့ ဖြန့်ဖြူးပေးခဲ့ပါသည်။ လက်ရှိအချိန်တွင် အကြမ်းဖက်စစ်ကောင်စီက သတင်းအချက်အလက်စီးဆင်းမှုနှင့် ပြည်သူများ အကြား ဆက်သွယ်ဆောင်ရွက်ခြင်းကို ပိတ်ပင်တားဆီးနိုင်ရန် အင်တာနက်လိုင်းများ ဖြတ်တောက်ထားခြင်းကြောင့် စာအုပ်စာတမ်းများကို ပုံနှိပ်ဖြန့်ချီခြင်းဖြင့် ဆောင်ရွက်ခဲ့ပါသည်။
 
ဝန်ဆောင်မှုနှင့် ထောက်ပံ့မှုဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ခြင်း
 
၁၂။ CDM ထောက်ပံ့မှုအခြေအနေ။ ပြည်သူ့ရေးရာကော်မတီသည် CDM ပြည်သူ့ဝန်ထမ်း သူရဲကောင်းများအတွက် စားဝတ်နေရေးနှင့် ကျန်းမာရေးဆိုင်ရာ အရေးပေါ်လူသားချင်းစာနာ ထောက်ထားမှုအကူအညီအဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဌာနနှင့် နိုင်ငံတကာအလှူရှင်များ၏ လှူဒါန်းငွေများ၊ Ahlu Shin Application နှင့် Spring Legends YouTube Channel တို့က ရရှိသည့်ဝင်ငွေများဖြင့် ၂၀၂၄ ခုနှစ်အတွင်း၊ ဘဏ္ဍာငွေကျပ် (၇၅၃) သိန်းကျော်ကို ထောက်ပံ့ပေးခဲ့ပါသည်။ သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များ၊ Ahlu Shin Facebook Page နှင့် ဝန်ကြီးဌာနများမှ တာဝန်ခံများက ချိတ်ဆက်တင်ပြလာသည့် CDM အရေးပေါ်ထောက်ပံ့မှုအတွက် ၂၀၂၄ ခုနှစ် ၊ ဇန်နဝါရီလ မှ ၂၀၂၅ ခုနှစ် ဇန်နဝါရီလကုန်အထိ CDM ပြည်သူ့ဝန်ထမ်း (၁၁၅၀) ဦးအတွက် မြန်မာကျပ်ငွေ (၇၂၈.၅)သိန်းအား ကူညီပေးနိုင်ခဲ့ပြီး ဖြစ်ပါသည်။ ထို့အပြင် CDMဝန်ထမ်းများ ကြုံတွေ့နေရသည့် စိတ်ပိုင်းဆိုင်ရာ ပြဿနာများ လျှော့ပါးကာ စိတ်ဓာတ်ခွန်အားများ တိုးပွားစေရန် ရည်ရွယ်၍ စိတ်ကျန်းမာရေးဆိုင်ရာ သင်တန်း များ စီစဥ်ပေးခဲ့ရာ ၂၀၂၄ ခုနှစ်အတွင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ  သင်တန်းသား (၂၈၄) ဦးအတွက် သင်တန်း(၉) ကြိမ် ခွဲ၍ ပြုလုပ်ပေးခဲ့ပါသည်။ 
 
၁၃။ စစ်ရှောင်ပြည်သူများအတွက်ထောက်ပံ့မှု။ ပြည်သူ့ရေးရာကော်မတီသည် အမျိုးသား ညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန နှင့်ချိတ်ဆက်၍ စစ်ရှောင် ပြည်သူများ၏ အသက်မွေးဝမ်းကျောင်းမှုအတွက် တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းများ ဖန်တီးပေးနိုင်ရန်အလို့ငှာ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများအတွက် ၂၀၂၄ ခုနှစ်အတွင်း၊ “တော်လှန်ထောက်ကူပညာယူ” ကမ်ပိန်းအစီအစဥ်၏ ထောက်ပံ့ငွေကျပ်သိန်း (၁၀၀)ဖြင့် အိမ်ထောင်စုပေါင်း (၂၀၀) ကျော်အတွက် ကူညီထောက်ပံ့ခဲ့ပါသည်။ လူသားချင်းစာနာ ထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနနှင့် ချိတ်ဆက်၍ စစ်ရှောင် ပြည်သူများနှင့် CDM ပြည်သူ့ဝန်ထမ်းများ၏ စားဝတ်နေရေးနှင့် ဆေးကုသစရိတ်များအတွက် ၂၀၂၄ ခုနှစ်အတွင်း (၁၆၆.၅) သိန်း ချိတ်ဆက်ကူညီထောက်ပံ့နိုင်ခဲ့ပါသည်။ အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာန၏ အကူအညီဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံ မြို့နယ်၊ ဘန်ကောက်စစ်ရှောင်စခန်းအား လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော စစ်ရှောင်တဲများ ပြန်လည်ဆောက်လုပ်ရေးလုပ်ငန်းအတွက် ထောက်ပံ့ငွေကျပ် (၃၇.၂၅) သိန်းကို ချိတ်ဆက်ပံ့ပိုးနိုင်ခဲ့ပါသည်။ အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာ ကော်မတီအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပြည်သူ့ရေးရာကော်မတီ၊ နိုင်ငံရေးအကျဥ်းသား ကူညီစောင့်ရှောက်ရေးအသင်းအပါအဝင် ပြင်ပအလှူရှင်များနှင့်ချိတ်ဆက်၍ (၂၆-၁-၂၀၂၄ မှ ၃၁-၁-၂၀၂၅ အထိ) စစ်ဘေးရှောင်ပြည်သူ (၄၈၉၃) ဦး၊ CDM ဝန်ထမ်း (၆) ဦး၊ ကိုယ်ဝန်ဆောင်(၂၁၆)ဦး၊ နိုင်ငံရေးအကျဥ်းသား (၉၀)ဦး၊ ကျဆုံးပြည်သူ (၆) ဦးအတွက် ကူညီပံ့ပိုးမှု စုစုပေါင်းငွေကျပ်( ၃၀,၉၉၈၅၀၀ )သိန်း ချိတ်ဆက်ထောက်ပံ့နိုင်ခဲ့ပါသည်။
 
၁၄။ ရွှေ့ပြောင်းအလုပ်သမားများနှင့် ပညာရေးကဏ္ဍ။ နယ်စပ်ဒေသတွင် ရောက်ရှိခိုလှုံနေသည့် မြန်မာဒုက္ခသည်များအတွက် ကြုံတွေ့နေရသည့် အခက်အခဲများ၊ စိန်ခေါ်မှုများကို ဖော်ထုတ်ပြီး ထိုင်းအစိုးရအပါအဝင် နိုင်ငံတကာကသိရှိစေပြီး ပံ့ပိုးကူညီပေးနိုင်ရန်  ရည်ရွယ်လျက် (၃၀-၁-၂၀၂၅) ရက်နေ့တွင် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၌ “မြန်မာ‌ဒုက္ခသည်များအတွက် အခွင့်အရေးနှင့်စီးပွားရေး အခွင့်အလမ်းများ မြှင့်တင်ပေးခြင်းဆိုင်ရာ ကိုရီးယား၊ ထိုင်း- မြန်မာ ကမ္ဘာလုံးဆိုင်ရာ ဆွေးနွေးပွဲကို  နိုင်ငံ (၃) နိုင်ငံမှ လွှတ်တော်ကိုယ်စားလှယ်များက ပူးပေါင်းကျင်းပခဲ့ပါသည်။ အလုပ်သမားရေးရာ ကော်မတီသည် ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားများ အရေးကိစ္စနှင့်ပတ်သက်သည့် နိုင်ငံခြားသားအလုပ်သမားများ လုပ်ငန်းစီမံခန့်ခွဲရေးဥပဒေအား သင်တန်းသား (၂၀) ဦးအတွက် မျှဝေပို့ချပေးခဲ့ပါသည်။ ပညာရေးကော်မတီအနေဖြင့်  ကြားကာလပညာရေးလုပ်ငန်းများ၊ မြေပြင်၏ လိုအပ်ချက်များနှင့်တောင်းဆိုချက်များကို ပညာရေးဝန်ကြီးဌာနနှင့် ချိတ်ဆက်ဆောင်ရွက် ပေးခြင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများအတွင်းရှိ ပညာရေးကိုယ်စားပြုကော်မတီများ၊ ပညာရေး ဘုတ်အဖွဲ့များ၊ ပညာရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း သာမက နိုင်ငံတကာမှပညာရပ်ဆိုင်ရာအဖွဲ့အစည်းများနှင့် အခါအားလျော်စွာ တွေ့ဆုံဆွေးနွေးလျက်ရှိ ပါသည်။ CDM ပညာရေးဝန်ထမ်းများနှင့် ကျောင်းသားကျောင်းသူများအတွက် အခါအားလျော်စွာ ကာလတိုသင်တန်းများ ဖွင့်လှစ်ပေးနိုင်ရေး သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် ပေးခြင်း၊ ထိုင်းနိုင်ငံအတွင်း နေထိုင်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ သားသမီးများ ပညာသင်ယူခွင့် မဆုံးရှုံးစေရေးကိစ္စနှင့်စပ်လျဉ်း၍ မြေပြင်အခြေပြုကျောင်းများသို့ ကွင်းဆင်း လေ့လာခြင်း၊ ဝန်ကြီးဌာနက ပေးပို့လာ သော ဘာသာရပ်သင်ရိုးညွှန်းတမ်း (မူကြမ်း)များအား အကြံပြုဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။ 
 
၁၅။ လုံခြုံရေးနှင့်ကာကွယ်ရေးဆိုင်ရာကဏ္ဍ။ လုံခြုံရေးနှင့်ကာကွယ်ရေးဆိုင်ရာ ကော်မတီ အနေဖြင့်  ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး များသို့ တက်ရောက်၍ မြေပြင်အခြေအနေများ၊ ဆွေးနွေးသည့် တင်ပြချက်များအား  သက်ဆိုင်ရာ ဝန်ကြီးဌာနများက ဖြေရှင်းဆောင်ရွက်ချက်များကို ပြုစုမှတ်တမ်းတင်လျက်ရှိပါသည်။ စစ်ဒေသ အလိုက် စစ်ရေးဆိုင်ရာ သိသင့်သိထိုက်သည့် မြေပြင်အချက်အလက်များ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် လုံခြုံရေးနှင့်ကာကွယ်ရေးဆိုင်ရာ သတင်းအချက်အလက်များ၊ ထူးခြား ဖြစ်စဉ်များအား သုံးသပ်လေ့လာ၍ အသိပေးတိုက်တွန်း အကြံပြုရမည့်ကိစ္စရပ်များအား သက်ဆိုင်ရာဝန်ကြီးဌာနများသို့ စီစဥ်ဆောင်ရွက်နိုင်ရန် ကော်မတီအနေဖြင့် ပေးပို့ခဲ့ပါသည်။ ကော်မတီအတွင်းတွင် နွေဦးတော်လှန်ရေးအတွင်း ကိုယ်လက်အင်္ဂါ စွန့်လွှတ်ခဲ့ရသည့်ရဲဘော်များ၊ စစ်ဘေးရှောင်လူငယ်များ ပညာဆက်လက်သင်ကြားနိုင်ရေးနှင့် အသက်မွေးဝမ်းကျောင်း ပညာရပ်များ သင်ကြားနိုင်ရေးနှင့်စပ်လျဉ်း၍ အခြားရေးရာကော်မတီများနှင့် ဆွေးနွေးညှိနှိုင်း လျက်ရှိပါသည်။ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ လုပ်ငန်းလမ်းညွှန်နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် တွေ့ဆုံဆွေးနွေးမှုများ  စီစဥ်ဆောင်ရွက်ခဲ့ပါသည်။ 
 
နိုင်ငံတကာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြင့်လာစေရေး ဆောင်ရွက်ခြင်း
 
၁၆။ ပြည်သူများက ခိုင်ခိုင်မာမာ ရပ်တည်အားပေးပံ့ပိုးနေပြီး တော်လှန်ရေးအင်အားစုများက လက်တွဲကြိုးပမ်းနေသည့် မိမိတို့နိုင်ငံ၌ တရားမဝင် အကြမ်းဖက်စစ်အာဏာရှင်စနစ် အဆုံးသတ် နိုင်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ်ကို တည်ဆောက်နိုင်ရေးတွင် ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီသည် လွှတ်တော်ကဏ္ဍအနေဖြင့် ပါဝင်ကြိုးပမ်းဆောင်ရွက်ရာတွင် နိုင်ငံတကာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာအားကောင်းစေခြင်းဖြင့် လူထုနွေဦးတော်လှန်ရေးကြီး အမြန်ဆုံး အောင်မြင်စေရန်လည်း အဓိကမဟာဗျူဟာလုပ်ငန်း တစ်ရပ်အဖြစ် ချမှတ်ဆောင်ရွက်ခဲ့ပါသည်။
 
၁၇။ နိုင်ငံတကာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ခိုင်မာအားကောင်းလာစေရေး ဆောင်ရွက်ရာတွင် နိုင်ငံတကာလွှတ်တော်များ၊ လွှတ်တော်အဖွဲ့အစည်းများနှင့် လွှတ်တော် ကိုယ်စားလှယ်များအပြင် နိုင်ငံတကာသံတမန်များ၊ အဖွဲ့အစည်းများဖြင့်လည်း ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်ခဲ့ပါသည်။ နိုင်ငံတကာနှင့်ဒေသတွင်း လွှတ်တော်အစည်းအဝေးများနှင့် ဆွေးနွေးပွဲ များသို့ ပါဝင်တက်ရောက်ခြင်း၊ တွေ့ဆုံဆွေးနွေးခြင်း၊ တိုက်ရိုက်စာပေးပို့ခြင်းနှင့် နိုင်ငံတကာ နေ့ထူးနေ့မြတ်များတွင် ထုတ်ပြန်ချက်များ ထုတ်ပြန်ခြင်းတို့ကို လုပ်ဆောင်ခဲ့ပါသည်။  
 
၁၈။ ဆွေးနွေးပွဲများ တက်ရောက်ခြင်းအနေဖြင့် ၂၀၂၄ ခုနှစ်အတွင်း အောက်ပါ ဆွေးနွေးပွဲများသို့ ပါဝင်တက်ရောက်ခဲ့ပါသည်-
 
(က) ၁-၂-၂၀၂၄ ရက်နေ့တွင် ဥရောပပါလီမန်၌ မြန်မာနိုင်ငံ ဒီမိုကရေစီပြန်လည် တည်ဆောက်ရေးကို မည်သို့ပံ့ပိုးနိုင်မည့်အခန်းကဏ္ဍများကို ဖော်ထုတ်နိုင်ရန် ရည်ရွယ်၍ “မြန်မာနိုင်ငံ၏ အာဏာသိမ်းမှု (၃) နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနား” သို့ အွန်လိုင်းမှ တစ်ဆင့်တက်ရောက်ခြင်း၊
 
(ခ)    ၁-၂-၂၀၂၄ ရက်နေ့တွင်  ချက်သမ္မတနိုင်ငံပါလီမန်က “သူရဲကောင်းဝါဒ၊ ဒီမိုကရေစီ၊ ဖယ်ဒရယ်ဝါဒနှင့် မြန်မာ့အနာဂတ်” ခေါင်းစဉ်ဖြင့် ကျင်းပသည့် မြန်မာနိုင်ငံ၏ မိတ်သဟာယများ ဖြစ်ကြသော ဥရောပပါလီမန်၊ သြစတြီးယားနိုင်ငံ၊ ပြင်သစ်နိုင်ငံ၊ နော်ဝေနိုင်ငံ၊ သြစတြေးလျား နိုင်ငံအသီးသီးတို့မှ လွှတ်တော်အမတ်များနှင့် မြန်မာနိုင်ငံမှ နိုင်ငံ့အရေးဆောင်ရွက်နေကြသူများ တွေ့ဆုံကြသည့် အွန်လိုင်း တွေ့ဆုံပွဲသို့ ပါဝင်တက်ရောက်ခြင်း၊
 
(ဂ) နိုင်ငံတကာပါလီမန်များအဖွဲ့ (Inter-Parliamentary Union-IPU)၊ ထိုင်းနိုင်ငံ လွှတ်တော်နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(World Health Organization-WHO) တို့၏ ဖိတ်ကြားချက် အရ (၂-၁၂-၂၀၂၄) ရက်နေ့မှ (၃-၁၂-၂၀၂၄) ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ကျင်းပခဲ့သည့် “ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးလုံခြုံမှုအပေါ် အာရှပစိဖိတ်ဒေသရှိ လွှတ်တော်များ၏ ဒေသတွင်းဆွေးနွေးပွဲ”သို့ မြန်မာ လွှတ်တော်ကိုယ်စားလှယ်ဖွဲ့ လူကိုယ်တိုင်သွားရောက် တက်ရောက်ခဲ့ခြင်း။ 
 
၁၉။ နိုင်ငံတကာပါလီမန်များညီလာခံများသို့ တက်ရောက်ခြင်းတွင် (၂၃-၃-၂၀၂၄) ရက်မှ (၂၇-၃-၂၀၂၄) ရက်အထိ ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့၌ ကျင်းပခဲ့သည့် “(၁၄၈) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံနှင့် ဆက်စပ်အစည်းအဝေးများ” သို့လည်းကောင်း၊ (၁၃-၁၀-၂၀၂၄) ရက်မှ (၁၇-၁၀-၂၀၂၄) ရက်အထိ ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့၌ ကျင်းပခဲ့သည့်“(၁၄၉) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံနှင့် ဆက်စပ်အစည်းအဝေးများ”သို့ မြန်မာ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့အနေဖြင့် လူကိုယ်တိုင်တက်ရောက်ပါဝင်ခဲ့ပါသည်။ ထို့ပြင် ညီလာခံများအတွင်း အမှုဆောင်ကောင်စီအစည်းအဝေးများ၊ ညီလာခံအစည်းအဝေးများ၊ အမြဲတမ်း ကော်မတီအစည်းအဝေးများနှင့် အခြားဆွေးနွေးပွဲများသို့လည်း ပါဝင်တက်ရောက် ခဲ့သည်သာမက နိုင်ငံအသီးသီးမှ ကိုယ်စားလှယ်အဖွဲ့များနှင့်လည်း သီးခြားတွေ့ဆုံ၍ မြန်မာ့အရေး အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး ပူးပေါင်းဆောင်ရွက်ပေးစေလိုသည့် ကိစ္စရပ်များကိုလည်း တောင်းဆိုတိုက်တွန်းခဲ့ပါသည်။ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်သည် ညီလာခံတွင် General Debate တွင် စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ အပါအဝင် တော်လှန်ရေးအင်အားစုများ၏ နိုင်ငံရေးရည်မှန်းချက်များ၊ နိုင်ငံတကာအသိုက်အဝန်းက ဆက်လက်ပံ့ပိုးပေးစေလိုသည့် ကဏ္ဍများကို ထည့်သွင်း၍ မိန့်ခွန်းပြောကြားခဲ့ပါသည်။ (၁၄၈) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များ ညီလာခံက ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအား ဆက်လက်အသိအမှတ်ပြုကြောင်းနှင့် IPU အစည်းအဝေးများသို့ ဆက်လက်တက်ရောက်ခွင့်ပြုရန် ဆုံးဖြတ်ခဲ့ပါသည်။ (၁၄၉) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံက IPU ၏ အဓိကဆွေးနွေးဖက်အဖြစ် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီအား ဆက်လက်အသိအမှတ်ပြုကြောင်း ဆုံးဖြတ်ခဲ့ပါသည်။ 
 
၂၀။     တွေ့ဆုံဆွေးနွေးမှုများအနေဖြင့် အောက်ပါတွေ့ဆုံဆွေးနွေးမှုများကို ပြုလုပ်ခဲ့ပါသည်-
 
(က) ၁၄-၃-၂၀၂၄ ရက်နေ့တွင် ဥရောပပါလီမန်၏ အရှေ့တောင်အာရှနှင့် အာဆီယံဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့နှင့် ဥရောပသမဂ္ဂ၏ ပြည်ပရေးရာဝန်ဆောင်မှု (European External Action Service) မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံ၍ လက်ရှိမြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေများ၊ လူသားချင်းစာနာ ထောက်ထားမှုအခြေအနေများနှင့် အကြမ်းဖက်အာဏာသိမ်းစစ်တပ်က မြန်မာ ပြည်သူများအပေါ်၌ ကျူးလွန်လုပ်ဆောင်လျက်ရှိသည့် တိုက်ခိုက်မှုများ အပါအဝင် မြန်မာ့အရေးအခြေအနေများကို ဆွေးနွေးခဲ့ပါသည်။ ထို့ပြင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဥ်များအား ရှင်းလင်းတင်ပြခဲ့ပြီး မြန်မာ့အရေးဖြေရှင်းမှုတွင် ဆက်လက် ပံ့ပိုးကူညီပေးရန် ဥရောပပါလီမန်အား တိုက်တွန်းတောင်းဆိုခဲ့ပါသည်။
 
(ခ) ၇-၅-၂၀၂၄ ရက်နေ့တွင်  နိုင်ငံတကာပါလီမန်များအဖွဲ့၏ လူငယ်လွှတ်တော် ကိုယ်စားလှယ်များဖိုရမ် ဥက္ကဋ္ဌ Mr. Dan Carden  နှင့် IPU မှ တာဝန်ရှိပုဂ္ဂိုလ်များအား နိုင်ငံတကာဆက်ဆံရေးကော်မတီက အွန်လိုင်းမှတစ်ဆင့်တွေ့ဆုံ၍ လူငယ် လွှတ်တော်ကိုယ်စားလှယ်များဖိုရမ်၏ လုပ်ငန်းဆောင်တာများ၊ လူငယ်များပါဝင် နိုင်သည့် မဟာဗျူဟာမြောက် မိတ်ဖက်အဖွဲ့ဖြစ်စေရန် ချိတ်ဆက်မှုများ၊ မြန်မာ လူငယ်လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် လက်ရှိမြန်မာ့အရေး ဖြေရှင်းမှုတွင် ပိုမိုပါဝင်ဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးဖလှယ်ခဲ့ကြပါသည်။
 
(ဂ) ၂၂-၅-၂၀၂၄ ရက်နေ့တွင် နယူးဇီလန်လွှတ်တော်အမတ်များဖြစ်ကြသော Mr. Phil Twyford၊ Ms. Ingrid Leary ၊ Ms. Arena Williams တို့နှင့် အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံ၍ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် နယူးဇီလန် လွှတ်တော်တို့ လွှတ်တော်ချင်း ပူးပေါင်းဆောင်ရွက်မှု ပိုမိုနီးကပ်စွာ ဆောင်ရွက် လိုမှုများ၊ အမျိုးသားညီညွတ်ရေးအစိုးရအား နယူးဇီလန်အစိုးရအနေဖြင့် အသိအမှတ် ပြုပေးနိုင်ရေး တွန်းအားပေးစေလိုမှုများ၊ ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာ့အရေးအပေါ် ဆုံးဖြတ်ချက်ချထားသော 2669 နှင့် အာဆီယံဘုံသဘော တူညီချက် (၅) ရပ်အား ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ရေးအတွက် တွန်းအားပေးစေလိုမှုများ၊ ဒုက္ခသည်များအား လက်ခံနိုင်သည့်မူဝါဒဆိုင်ရာများအား သိရှိလိုမှုများ၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများစွာ လိုအပ်နေမှု များနှင့် ပူးပေါင်းဆောင်ရွက် သွားလိုသည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။
 
(ဃ) တစ်ဖက်အဖွဲ့အစည်းများ၏ လုံခြုံရေးအရ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၏ အမည်များကို တင်ပြနိုင်ခြင်းမရှိသော်လည်း အမေရိကန်၊ ကနေဒါ၊ ဖင်လန်၊ ဆွီဒင်၊ အီတလီ၊ ဥရောပသမဂ္ဂ၊ ဂျာမနီ၊ ဘယ်ဂျီလ်ယံ၊ ပြင်သစ်၊ တောင်ကိုရီးယား၊ ယူကရိန်း၊ ဩစတေးလျ၊ နယူးဇီလန်၊ ယူဂန်ဒါ၊ ဂန်နာ၊ ယူကေ၊ ဂျပန်၊ ထိုင်း၊ မလေးရှား၊ တီမောလက်စ်တေ့အပါအဝင် နိုင်ငံတကာသံတမန်များ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးမှုပေါင်း အကြိမ် (၅၀) ကျော် စီစဥ်ဆောင်ရွက်ခဲ့ပါသည်။ 
 
သတင်းနှင့် ပြန်ကြားရေးကဏ္ဍအား ဆောင်ရွက်ခြင်း
 
၂၁။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ပြည်သူလူထုနှင့် နိုင်ငံတကာ အသိုက်အဝန်းသည် တိကျမှန်ကန်ခိုင်လုံသည့် သတင်းအချက်အလက်များ ရရှိနိုင်စေရန်  မိမိတို့၏ပုံမှန်လုပ်ငန်း ဆောင်ရွက်ချက်များ၊ တွေ့ဆုံမှုများ၊ ထုတ်ပြန်ကြေညာချက်များအား  CRPH Website၊ Facebook၊ X Platform၊ Telegram  စသည့် ဆိုရှယ်မီဒီယာကွန်ရက်များ မှတစ်ဆင့် အချိန်နှင့်တပြေးညီ ဖြန့်ဝေအသိပေးတင်ပြလျက်ရှိသည်။ ၂၀၂၄ ခုနှစ်တွင် ထုတ်ပြန်ချက် ကြေညာချက်ပေါင်း (၆)စောင် ထုတ်ပြန်နိုင်ခဲ့ကာ နိုင်ငံတကာအထိမ်းအမှတ်နေ့များသို့ ပေးပို့သည့် သဝဏ်လွှာ(၅)စောင်၊ တိုင်းရင်းသားပြည်သူများ၏ နေ့ထူးနေ့မြတ်များနှင့် တော်လှန်ရေး အဖွဲ့အစည်းများ၏ နှစ်ပတ်လည်နေ့အခမ်းအနားများသို့ ပေးပို့သည့်သဝဏ်လွှာ(၄၈)စောင်နှင့် ဝမ်းနည်းကြောင်းသဝဏ်လွှာ(၄)စောင် စုစုပေါင်း (၅၈)စောင်ဖြစ်ပါသည်။ ထို့အပြင် သတင်းစဥ်များအား အမှတ်စဥ်(၁၉)စောင်အထိ ထုတ်ဝေနိုင်ခဲ့ကာ ပြည်သူလူထုဆီသို့ အသိပေးတင်ပြခြင်းများအား သတင်းမီဒီယာကဏ္ဍအနေဖြင့် အရှိန်အဟုန်ကောင်းစွာ ဆောင်ရွက်နိုင်ခဲ့ပါသည်။ 
 
၂၀၂၅ ခုနှစ်တွင် ဆောင်ရွက်သွားမည့် မဟာဗျူဟာလုပ်ငန်းစဥ်များ တင်ပြခြင်း
 
၂၂။  ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည် ၂၀၂၅ခုနှစ်အတွင်း  ပြည်သူလူထု တစ်ရပ်လုံးက မျှော်လင့်တောင့်တနေသော အောင်မြင်မှုပန်းတိုင်သို့ အရောက်လှမ်းချီတက်နိုင်ရန် မဟာဗျူဟာ (၅) ရပ်ဖြင့် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ဤမဟာဗျူဟာများအား အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် များ၊ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ အဓိကအားပြုလျက် ပြည်တွင်း ပြည်ပရှိ သက်ဆိုင်ရာ အင်အားစုအသီးသီးနှင့် ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ယင်းမဟာဗျူဟာ(၅) ရပ် မှာ – 
 
(က)လွှတ်တော်လုပ်ငန်းစဥ်များ၊ ကော်မတီများ၏ လုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်ခြင်း၊ အမျိုးသားညီညွတ်ရေးအစိုးရနှင့်ပူးပေါင်းဆောင်ရွက်ခြင်း၊
 
(ခ) အချင်းချင်းအကြား ဆက်ဆံရေးနှင့် မဟာမိတ်ဆက်ဆံရေး တည်ဆောက်ခြင်းနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လုပ်ဆောင်ခြင်း၊ 
 
(ဂ)အသွင်ကူးပြောင်းရေး ကာလအစီအမံနှင့် လုပ်ငန်းစဉ်များ ပါဝင်ဆောင်ရွက်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း၊
 
(ဃ)၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲရလဒ်အား ဆက်လက်အသိအမှတ်ပြုရေး နှင့် စစ်ကောင်စီက ကျင်းပရန် စီစဉ်လျက်ရှိသည့် အတုအယောင် ရွေးကောက်ပွဲအပေါ် တိုက်ဖျက်ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ခြင်းနှင့် 
 
(င)နိုင်ငံတကာလွှတ်တော်အသိုက်အဝန်းနှင့် ချိတ်ဆက်ဆောင်ရွက်မှု၊ ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ခြင်းတို့ ဖြစ်ပါသည်။ 
 
နိဂုံး
 
၂၃။  တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးသည် လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှု၊ တရားဥပဒေစိုးမိုးမှု၊ ကိုယ်ပိုင်ပြဌာန်းခွင့်တို့ စုံညီပြည့်ဝသည့် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီးအား ကြိုးစားတည်ဆောက်လျက်ရှိရာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီအနေဖြင့်လည်း ပြည်သူများအပ်နှင်းလိုက်သော ပြည်သူ့အာဏာအား အစဥ်အမြဲ တန်ဖိုးထားလေးစားလျက် အမျိုးသားညီညွတ်ရေးအစိုးရ အပါအဝင် တော်လှန်ရေးအင်အားစု အသီးသီးနှင့်အတူ  ဆက်လက်လက်တွဲချိတ်ဆက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် သတ္တမအကြိမ်အစည်းအဝေး (ပထမနေ့)တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ အစီရင်ခံစာအား ပြည်ထောင်စုလွှတ်တော်သို့ လေးစားစွာ အစီရင်ခံတင်သွင်းအပ်ပါသည်။ 

The Committee Representing Pyidaungsu Hluttaw
Scroll to Top