၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပခဲ့သော ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃၄/၂၀၂၅) တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခဲ့သည်။
အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ က အဖွင့်အမှာစကား ပြောကြားပြီး ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က ဝန်ကြီးဌာန၏ မဟာဗျူဟာရည်မှန်းချက် (၃) ရပ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားလည်ပတ်မှုအတွက် အဓိကထောက်တိုင်ဖြစ်သည့် အုပ်ချုပ်ရေးနှင့် စီးပွားရေးပစ်မှတ်များကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် စစ်တပ်၏ နိုင်ငံရေးတွင် ပါဝင်မှုကို အဆုံးသတ်စေရန်၊ ကြားကာလ အုပ်ချုပ်ရေးစနစ် ပိုမိုအားကောင်းအောင် ဆောင်ရွက်ပြီး အုပ်ချုပ်ရေး၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ဝန်ဆောင်မှုလုပ်ငန်းများ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ရန်နှင့် အမျိုးသားညီညွတ်ရေးအစိုးရနှင့် ပြည်နယ်/ဖက်ဒရယ်ယူနစ်များအကြား ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို အခြေခံသည့် အုပ်ချုပ်ရေးစနစ် ပူးပေါင်းအကောင်အထည်ဖော်ရန်နှင့် ရည်ရွယ်ချက်/လုပ်ငန်းအစီအစဉ်(၅)ချက်တွင် အကြမ်းဖက်စစ်ကောင်စီ၏ အုပ်ချုပ်ရေး အဓိက အထောက်အပံ့ ဖြစ်နေသည့် Hight Value Targets များနှင့် Hight Pay Off Targets များကို တားဆီးနှိမ်နှင်း အရေးယူဆောင်ရွက်ရန်၊ ကြားကာလအုပ်ချုပ်ရေးကို NUG ထိန်းချုပ်နယ်မြေများတွင် ကောင်းမွန်သော အုပ်ချုပ်ရေး ဝန်ဆောင်မှုများ ပေးနိုင်ရန်၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးစီမံချက်များ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာစီမံချက်အား အကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့် အမျိုးသားညီညွတ်ရေးအစိုးရနှင့် ပြည်နယ်/ဖက်ဒရယ်ယူနစ်များအကြား ဖက်ဒရယ်စနစ်ကို အခြေခံသည့် အုပ်ချုပ်ရေးနှင့် ရဲလုပ်ငန်းစဉ်ဖော်ဆောင်ရန်အတွက် လက်တွေ့ပူးပေါင်းဆောင်ရွက်နိုင်ရန်၊ မူဝါဒနှင့် လုပ်ငန်းစဉ်များ ပေါ်ပေါက်လာရေး ဆောင်ရွက်ရန်တို့ အပါအဝင် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအပေါ် ရှင်းလင်းပြောကြားခဲ့သည်။
၎င်းနောက် တက်ရောက်လာသည့် ကော်မတီဝင်များက မြေပြင်အခြေအနေများနှင့်ပတ်သက်၍ သိရှိလိုသည်များ ဆွေးနွေးမေးမြန်းကာ အကြံပြုခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ် က ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။
ဆက်လက်၍ ရေးရာကော်မတီများအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ တင်ပြဆွေးနွေးရာတွင် အလုပ်သမားရေးရာကော်မတီက တင်ပြဆွေးနွေးကာ အစည်းအဝေးအား ရပ်နားခဲ့သည်။
အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများနှင့် အဖွဲ့ဝင်များ၊ ရေးရာကော်မတီအဖွဲ့ဝင်များ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
The Committee Representing Pyidaungsu Hluttaw



