ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ပြည်သူ့ရေးရာကော်မတီသည် CDMer များ၏ အရေးကိစ္စများကို အဓိကဆောင်ရွက်ပေးလျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီးမှ CDMer များနှင့် ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံဆွေးနွေးသည့် အစီအစဥ်တစ်ရပ်အား ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက် (အင်္ဂါနေ့)၊ နေ့လယ် (၁၂:၃၀) နာရီအချိန်တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ပြုလုပ်ခဲ့သည်။
တွေ့ဆုံပွဲတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အတွင်းရေးမှူး ဒေါ်ဖြူဖြူသင်းက အဖွင့်အမှာစကားပြောကြားရာ CRPH အနေဖြင့် စတင်ဖွဲ့စည်းချိန်ကတည်းက CDM စာရင်းများ ပြုစုခဲ့ပြီး ထောက်ပံ့မှုများပြုလုပ်ခဲ့ပါကြောင်း၊ CDM အင်အားစုများသည် စစ်အာဏာရှင်စနစ် ပြုတ်ကျသည်အထိသွားရန် ခွန်အားတစ်ရပ်ဖြစ်ပြီး ဂုဏ်ပြုမှတ်တမ်းများပေးရန်လည်း အဆင့်သင့်ဖြစ်၍ CRPH နှင့် NUG တို့ပူးပေါင်း လုပ်ဆောင်ရန်ရှိပါကြောင်း၊ CDM များ၊ Generation Z များနှင့် အတူ ကိုယ်စားလှယ်များအနေဖြင့်လည်း တော်လှန်ရေးပြီးဆုံးသည်အထိသွားရန် သန္နိဋ္ဌာန်ချထားပြီးဖြစ်ကြောင်း၊ ယနေ့အချိန်ထိ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးတွင် ပါဝင်ခဲ့ကြသော CDM သူရဲကောင်းများအား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။
၎င်းနောက် ပညာရေးဝန်ကြီးဌာနနှင့်ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက နှုတ်ခွန်းဆက်အားပေးစကားပြောကြားရာ၌ တော်လှန်ရေးတပ်ဦး CDM များသည် ရှေ့တန်းမှပါဝင်နေ၍ ကျေးဇူးတင်ရှိပါကြောင်း၊ စစ်ကိုင်းသည် ထိန်းချုပ်နယ်မြေဖြစ်လာချိန်တွင် ယန္တရားများ ပြန်လည်လည်ပတ်နေကြပြီးဖြစ်ကြောင်း၊ တော်လှန်ရေးအတွက် မြေပြင်စည်းလုံးညီညွတ်ရေးက အရေးကြီးပါကြောင်း၊ မြေပြင်မှာ ဒေသအလိုက် အနာဂတ်အတွက် မည်သည့်ပုံစံဖော်ဆောင်မည်ကို စီမံခန့်ခွဲဆုံးဖြတ်ကြရန်နှင့် ထိုသို့ဆုံးဖြတ်ရာတွင် လူသားဆန်ဆန် ဥပဒေနှင့်အညီ စုပေါင်းခေါင်းဆောင်မှုဖြင့် အထက်အောက်၊ ဘေးတိုက်တိုင်ပင်ဆောင်ရွက်ကြရန် ဖြစ်ကြောင်း၊ တော်လှန်ရေးကာလမှာ (၂)နှစ်အထိ ရောက်လာချိန်တွင် နိုင်ငံတကာကလည်း လေးစားလက်ခံလာကြပြီး ဘက်ပေါင်းစုံတွင် တိုးတက်မှုများ ရှိလာပါကြောင်း၊ ယခုနှစ်သည် အဆုံးအဖြတ်ပေးမည့်နှစ်တစ်နှစ်ဖြစ်၍ ကျရာကဏ္ဍမှ တိုက်ပွဲဝင်ကြရန်နှင့် ထို့သို့တိုက်ပွဲဝင်ရာတွင် “ငါဆိုသည့်မာန်မာနမထားဘဲ အချင်းချင်းကြားတွင် နားလည်မှုဖြင့်တည်ဆောက်ကြရန်” ဖြစ်ကြောင်း၊ ပို၍အောင်မြင်လေ ပို၍အာရုံစိုက် ဆောင်ရွက်ကြရန် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့အပြင် ပြည်သူ့ရေးရာကော်မတီ၊ ဥက္ကဋ္ဌ ဒေါက်တာခင်စိုးစိုးကြည်က စစ်ကိုင်းတိုင်း၏ တိုင်းလုံးကျွတ် လုပ်ဆောင်နေသည့် တော်လှန်ရေးကြိုးပမ်းမှုများကို အားယူ၊ နားထောင်လျက်ရှိပြီး တော်လှန်ရေးစံပြုရသည့်တိုင်းတစ်တိုင်းဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၏ ရဲရင့်သည့် လုပ်ဆောင်မှုများကြောင့် ၂၀၂၂ ခုနှစ်နှင့်မတူ အလားအလာကောင်းများရှိ၍ နှစ်ကူး သတင်းစကားများအရ ၂၀၂၃ ခုနှစ်သည် အောင်ပွဲကိုဦးတည်လျက်ရှိပါကြောင်း၊ ယနေ့တွေ့ဆုံမှုသည် CDM မူဝါဒရေးဆွဲနေမှု အခြေအနေများနှင့် CRPH နှင့် NUG တို့မှ CDM များအတွက် လုပ်ဆောင်နေသည်များကို ပွင့်လင်းရင်းနှီးစွာ တင်ပြဆွေးနွေးလို၍ဖြစ်ပါကြောင်း ပြောကြား ပြီးနောက် အတွင်းရေးမှူး ဒေါ်အိအိပြုံးက ကော်မတီ၏လုပ်ငန်းဆောင်ရွက်ချက်များကို တက်ရောက်လာသူများအား ရှင်းလင်းပြောကြားခဲ့ရာ CDMer များက ၎င်းတို့ကြုံတွေ့နေရသည့် မြေပြင်မှအခက်အခဲများနှင့် သိရှိလိုသည်များအတွက် အပြန်အလှန်မေးမြန်းဆွေးနွေးဖြေကြား၍ တွေ့ဆုံမှုအား ညနေ(၁၅:၃၀)အချိန်တွင် ရပ်နားခဲ့သည်။
တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အတွင်းရေးမှူး ဒေါ်ဖြူဖြူသင်း၊ ပညာရေးဝန်ကြီးဌာနနှင့်ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ ပြည်သူ့ရေးရာကော်မတီ ဥက္ကဋ္ဌ ဒေါက်တာခင်စိုးစိုးကြည်နှင့် အဖွဲ့ဝင်များ၊ စစ်ကိုင်းတိုင်းဒေသကြီးမှ CDM အရေး ဦးဆောင်သူများနှင့် CDMer များတက်ရောက်ခဲ့ကြသည်။
The Committee Representing Pyidaungsu Hluttaw







