မူလ / ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ ပြည်သူ့ရေးရာကော်မတီ၊ CDM Success Committee နှင့် မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ (CCSC-MON) တို့ တွေ့ဆုံဆွေးနွေး

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ ပြည်သူ့ရေးရာကော်မတီ၊ CDM Success Committee နှင့် မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ (CCSC-MON) တို့ တွေ့ဆုံဆွေးနွေး

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ပြည်သူ့ရေးရာကော်မတီသည် CDM Success Committee နှင့်အတူ မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ (CCSC-MON) နှင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်နေ့ ၁၂:၃၀ နာရီအချိန်တွင် ဗီဒီယိုကွန်ဖရင့်ဖြင့် တွေ့ဆုံမှုတစ်ရပ် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ (CCSC-MON) က ကောင်စီဖွဲ့စည်းထားရှိမှု၊ ကောင်စီ၏ ရည်ရွယ်ချက်၊ မူဝါဒများ၊ လုပ်ငန်းစဉ်များနှင့် အစီအမံများအား ရှင်းလင်းတင်ပြခဲ့ပြီး ပြည်သူ့ရေးရာကော်မတီနှင့် CDM Success Committee မှ တာဝန်ရှိသူများက “ကဏ္ဍများအလိုက် လိုအပ်ချက်များအား ပူးပေါင်းဆောင်ရွက်သွားရန်၊ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်နိုင်ရေးဆိုင်ရာ သင်တန်းများကိုလည်း အတတ်နိုင်ဆုံး ချိတ်ဆက်ဆောင်ရွက်သွားရန်၊ CDM ပြုလုပ်မှုသည် နွေဦးတော်လှန်ရေးအတွက် အလွန်အရေးကြီးပြီး အနာဂတ်ဖက်ဒရယ်နိုင်ငံတော် တည်ဆောက်ရေးအတွက်လည်း အဓိကအင်အားများ ဖြစ်ပါသောကြောင့် တော်လှန်ရေးအောင်မြင်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားကြပါရန်” အကြံပြုပြောကြား၍ အနာဂတ်တွင် ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ လုပ်ငန်းစဉ်များအား ဆွေးနွေးချမှတ်ခဲ့ကြပါသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) အတွင်းရေးမှူးအဖွဲ့ဝင် ဒေါ်ဖြူဖြူသင်း၊ ပြည်သူ့ရေးရာကော်မတီ ဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ CDM Success Committee အတွင်းရေးမှူး ဒေါက်တာဇော်ဝေစိုး၊ တွဲဖက်-အတွင်းရေးမှူး ဒေါက်တာဥက္ကာနှင့် မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ (CCSC-MON)မှ ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် ကောင်စီဝင်များ တက်ရောက်ခဲ့ကြပါသည်။

The Committee Representing Pyidaungsu Hluttaw

Scroll to Top