ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ ပြည်သူ့ရေးရာကော်မတီသည် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP- Assistance Association for Political Prisoners) နှင့် အတူပူးပေါင်းပြီး CDM ဝန်ထမ်းများအတွက် Mental Health ဆိုင်ရာသင်တန်းများကို ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ပို့ချဆွေးနွေးလျက်ရှိပါသည်။
ဒုတိယအကြိမ် Mental Health ဆိုင်ရာသင်တန်းကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်၊ ၁၇ ရက်နှင့် ၁၈ ရက်နေ့များတွင် တနင်္သာရီတိုင်းဒေသကြီးမှ CDM ဝန်ထမ်းများအားလည်းကောင်း၊ တတိယအကြိမ် Mental Health ဆိုင်ရာသင်တန်းကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်၊ ၂၅ ရက်နှင့် ၂၆ ရက်နေ့များတွင် ပဲခူးတိုင်းဒေသကြီးမှ CDM ဝန်ထမ်းများအားလည်းကောင်း (၃) ရက်တာ နေ့စဉ် နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီအထိ ပို့ချဆွေးနွေးခဲ့ပါသည်။
သင်တန်းတွင် သင်တန်းနည်းပြက Stress Management နှင့် Self-Care ခေါင်းစဉ်များဖြင့် သင်ကြားပို့ချခဲ့ပြီး၊ သင်တန်းကာလအတွင်း စိတ်ကျန်းမာရေးနှင့် စိတ်ခံစားမှုအခြေပြုဖြေရှင်းနည်း၊ စိတ်ကျန်းမာရေး အစွဲများကို ဖယ်ခွာခြင်း၊ စိတ်ပင်ပန်းဖိစီးမှုဖြစ်စေသည့် ပဋိပက္ခအခြေအနေများ၊ လက္ခဏာများနှင့် ကိုင်တွယ်ဖြေရှင်းနည်းများ၊ မိမိကိုယ်ကို ဂရုစိုက်ခြင်းနည်းလမ်းများအား သင်ကြားမျှဝေခဲ့ပြီး စစ်တမ်းများ၊ ဆန်းစစ်ချက်များဖြင့် လက်တွေ့လေ့ကျင့်မှုများလည်း သင်တန်းသားများနှင့်အတူတကွ လုပ်ဆောင်ခဲ့ကြပါသည်။
ပြည်သူ့ရေးရာကော်မတီသည် AAPP နှင့် အတူပူးပေါင်း၍ အလားတူသင်တန်းများအား တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးမှ CDM ဝန်ထမ်းများအတွက် စိတ်ပိုင်းဆိုင်ရာ ဆန်းစစ်မှုများကို လေ့လာသိရှိစေရန်နှင့် တော်လှန်ရေးကာလအတွင်း စိတ်ဓာတ်ခွန်အား တိုးပွားစေရန် ရည်ရွယ်၍ လစဉ်ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပါသည်။
အဆိုပါသင်တန်းဖွင့်ပွဲသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အတွင်းရေးမှူးအဖွဲ့ဝင် ဒေါ်ဖြူဖြူသင်း တက်ရောက်၍ အဖွင့်နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး ပြည်သူ့ရေးရာကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာတိုင်းဒေသကြီးများမှ လွှတ်တော်ကိုယ်စားလှယ်များ၊ AAPP မှ တာဝန်ရှိသူများ တက်ရောက်အားပေးခဲ့ကြပါသည်။
The Committee Representing Pyidaungsu Hluttaw







