ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ ပြည်သူ့ရေးရာကော်မတီသည် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (Assistance Association for Political Prisoners−AAPP)နှင့်အတူ ပူးပေါင်း၍ မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့မှ CDM ဝန်ထမ်း(၃၀)ဦးအတွက် Mental Health ဆိုင်ရာ သင်တန်းအား ဗွီဒီယိုကွန်ဖရင့်မှတစ်ဆင့် ပို့ချဆွေးနွေးခဲ့သည်။
ပထမအကြိမ် Mental Health ဆိုင်ရာ သင်တန်းအား ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့အထိ (၃) ရက်တာ နေ့စဉ် နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီအထိ ပို့ချဆွေးနွေးရာ AAPP ၏ စိတ်ဓာတ်ပြန်လည်မြှင့်တင်ရေးကူညီထောက်ပံ့မှုအစီအစဉ်မှ သင်တန်းနည်းပြက Stress Management နှင့် Self-Care ခေါင်းစဥ်များဖြင့် စိတ်ကျန်းမာရေးနှင့် စိတ်ခံစားမှုအခြေပြုဖြေရှင်းနည်း၊ စိတ်ကျန်းမာရေးအစွဲများကို ဖယ်ခွာခြင်း၊ စိတ်ပင်ပန်းဖိစီးမှု ဖြစ်စေသည့် ပဋိပက္ခအခြေအနေများ၊ လက္ခဏာများနှင့် ကိုင်တွယ်ဖြေရှင်းနည်းများ၊ မိမိကိုယ်ကို ဂရုစိုက်ခြင်းနည်းလမ်းများအား သင်ကြားမျှဝေခဲ့ပြီး စစ်တမ်းများ၊ ဆန်းစစ်ချက်များဖြင့် လက်တွေ့လေ့ကျင့်မှုများလည်း သင်တန်းသားများနှင့် အတူတကွ လုပ်ဆောင်ခဲ့ကြသည်။
ပြည်သူ့ရေးရာကော်မတီအနေဖြင့် တိုင်းဒေသကြီးနှင့်ပြည်နယ်အားလုံးမှ CDM ဝန်ထမ်းများအတွက် စိတ်ပိုင်းဆိုင်ရာဆန်းစစ်မှုများ လေ့လာသိရှိစေရန်နှင့် တော်လှန်ရေးကာလအတွင်း စိတ်ဓာတ်ခွန်အားတိုးပွားစေရန် ရည်ရွယ်၍ အလားတူ သင်တန်းများအား လစဉ် ဆက်လက်ဖွင့်လှစ်ပို့ချသွားမည် ဖြစ်သည်။
အဆိုပါသင်တန်းဖွင့်ပွဲသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အတွင်းရေးမှူးအဖွဲ့ဝင် ဒေါ်ဖြူဖြူသင်း တက်ရောက်၍ အဖွင့်နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး ပြည်သူ့ရေးရာကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ AAPP မှ တာဝန်ရှိသူများ တက်ရောက်အားပေးခဲ့ကြသည်။
The Committee Representing Pyidaungsu Hluttaw





