ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် ရေးဆွဲရေးလုပ်ငန်းကော်မတီတို့သည် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးတွင် နှစ်ဖက် အပြန်အလှန် မိတ်ဆက်ကြပြီးနောက် မန္တလေးလုပ်ငန်းကော်မတီအနေဖြင့် မန္တလေးဒေသကြားကာလနိုင်ငံရေးအစီအမံ (မူကြမ်း) ရေးဆွဲရေးလုပ်ငန်းစဉ်နှင့် လက်ရှိဆောင်ရွက်နေမှုများအား တာဝန်ရှိသူများက တင်ပြမျှဝေခဲ့သည်။ ထို့နောက် CRPH ဥက္ကဋ္ဌနှင့်တကွ အဖွဲ့ဝင်များက မန္တလေးလုပ်ငန်းကော်မတီ၏ ဆွေးနွေးမေးမြန်းမှုများအပေါ် ပြန်လည်ဖြေကြားပြီး အကြံပြုချက်များလည်း ပြောကြားခဲ့ကြသည်။ ထို့အပြင် ကြားကာလနိုင်ငံရေးအစီအမံနှင့်စပ်လျဥ်း၍ အပြန်အလှန် သဘောထားများ၊ အမြင်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးဖလှယ်ခဲ့ကြသည်။ ရှေ့ဆက်လုပ်ငန်းစဥ်များအတွက်လည်း လိုအပ်သလို ချိတ်ဆက်တွေ့ဆုံကြရန် ဆွေးနွေးသဘောတူခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နှင့်တကွ CRPH အဖွဲ့ဝင်များ ပါဝင်တက်ရောက်ကြပြီး မန္တလေးလုပ်ငန်းကော်မတီမှလည်း ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။
The Committee Representing Pyidaungsu Hluttaw







