တွေ့ဆုံမှုအား ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် CRPH အတွင်းရေးမှူးအဖွဲ့ဝင် ဦးထွန်းမြင့် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ (ASEAN Parliamentarians for Human Rights – APHR) ၏ ဥက္ကဋ္ဌ Hon. Mercy Chriesty Barends နှင့် ပူးတွဲ ဥက္ကဋ္ဌ Hon. Charles Santiago နှင့်အဖွဲ့အား လက်ခံတွေ့ဆုံခဲ့သည်။
(၁) နာရီကျော်ကြာ တွေ့ဆုံမှုတွင် တော်လှန်ရေးကာလ၏ လွှတ်တော်လုပ်ငန်းစဉ်များ၊ သတ္တမအကြိမ် ကြားကာလ ပြည်ထောင်စုလွှတ်တော်ကျင်းပပြီးစီးမှုအပါအဝင် တော်လှန်ရေးကာလ နိုင်ငံရေးသဘောတူညီချက် ပူးတွဲထုတ်ပြန်မှုများ၊ တော်လှန်ရေးဖြစ်ပေါ်တိုးတက်မှုအခြေအနေများ၊ အာဆီယံဘုံသဘောတူညီချက် (၅) ချက်နှင့် ပတ်သက်သည့် လက်ရှိ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည့် မလေးရှားနိုင်ငံ၏ အခန်းကဏ္ဍများအပေါ် ချဉ်းကပ်ဆောင်ရွက်သင့်သည့် အချက်များအား အမြင်ဖလှယ်ဆွေးနွေးခဲ့ကြပြီး အာဆီယံနိုင်ငံလွှတ်တော်များနှင့် ဒေသတွင်း လွှတ်တော်ကိုယ်စားလှယ်များ အချင်းချင်း ပူးတွဲဆောင်ရွက်နိုင်မည့် အလားအလာများ အမြင်ဖလှယ်ခဲ့ကြသည်။
တွေ့ဆုံပွဲတွင် CRPH အတွင်းရေးမှူးအဖွဲ့ဝင် ဦးထွန်းမြင့်၊ CRPH နိုင်ငံတကာဆက်ဆံရေးကော်မတီအဖွဲ့ဝင်များဖြစ်သော ဦးစည်သူမောင်နှင့် ဦးအာကာမျိုးထက်တို့က ပါဝင်ဆွေးနွေးခဲ့ကြသည်။
The Committee Representing Pyidaungsu Hluttaw



