မူလ / မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ မြန်မာနှစ်သစ်ကူးနေ့သဝဏ်လွှာ

မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ မြန်မာနှစ်သစ်ကူးနေ့သဝဏ်လွှာ

၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၇ ရက်

၁။ မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ နှစ်သစ်ကူးအခါသမယမှစ၍ ပြည်တွင်း၊ ပြည်ပရှိ တိုင်းရင်းသားပြည်သူပြည်သားအပေါင်းတို့အနေဖြင့် ကျန်းမာဘေးကင်းပြီး အားအင်အသစ်များ ရရှိ ပိုင်ဆိုင်နိုင်ပါစေကြောင်းနှင့် ၁၃၈၆ ခုနှစ်သည် မြန်မာပြည်အတွက် အောင်အတိတ်၊ အောင်နိမိတ်များ ဆောင်ကျဥ်းလာမည့် ထူးမြတ်သည့် နှစ်သစ်ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

၂။ မိမိတို့ နိုင်ငံ၏ တန်ဖိုးထားမြတ်နိုးရသည့် အတာသင်္ကြန်ပွဲအား လူမဆန်သော စစ်အာဏာရှင်များကို ဆန့်ကျင်တွန်းလှန်ရင်း ဖြတ်သန်းခဲ့ရသည်မှာ (၄) ကြိမ်မြောက်ရှိခဲ့ပြီ ဖြစ်ပြီး အတာသင်္ကြန်ပွဲသည် ပျော်ရွှင်မှုများ ဆိတ်သုဉ်းလျက် ပြည်သူများအနေဖြင့် လွတ်လပ်စွာ ကြည်နူးအေးချမ်းနိုင်ခြင်းမရှိသည်မှာ လွန်စွာ စိတ်မချမ်းမြေ့ဖွယ်ရာ ဖြစ်ပါသည်။ ယခုကဲ့သို့ လူ့အခွင့်အရေးများ ကွယ်ပျောက်၍ အကြမ်းဖက်စစ်တပ်၏ အကြမ်းဖက်ဖိနှိပ်ခံနေရမှုများသည် စစ်အာဏာရှင်စနစ်အား နိဂုံးအဆုံးသတ်မှသာ သာယာအေးချမ်းမှုများ ပြန်လည်ရရှိခံစားနိုင်မည် ဖြစ်ပါသည်။

၃။ ဖြတ်သန်းလာခဲ့သည့် ပြည်သူ့တော်လှန်ရေး (၃) နှစ်တာကာလအတွင်း မိမိတို့ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးသည် ရဲရင့်မှု၊ ဆုံးဖြတ်ချက်ခိုင်မာမှု၊ ကြံ့ကြံ့ခံနိုင်မှုတို့ကို ထင်ထင် ရှားရှားပြသနိုင်ခဲ့ကြပြီး ကမ္ဘာကြီးကပါ မထင်မှတ်ထားသည့် ကြီးမားသော အောင်မြင်မှုများကို ရယူနိုင်ခဲ့ကြပါသည်။ ယခုနှစ်သစ်ကူးတွင် မိမိတို့အားလုံး မျှော်မှန်းကြိုးပမ်းနေသည့် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးပန်းတိုင်သည် ပိုမို နီးကပ်လာပြီ ဖြစ်ပါသည်။

၄။ ဤနွေဦးတော်လှန်ရေးကြီး၏ အောင်ပွဲအား အမြန်ဆုံး ရရှိနိုင်ရန် ပြည်သူ့တော်လှန်ရေး တွင် ပါဝင်နေကြသည့် အင်အားစုများအနေဖြင့်လည်းကောင်း၊ ပြည်သူတစ်ဦးချင်းအနေဖြင့် လည်းကောင်း မိမိတို့၏ ပါဝင်မှုအခန်းကဏ္ဍကို တိုးမြှင့်ပါဝင်သွားကြရန် တိုက်တွန်းလိုပါသည်။ တော်လှန်ရေးအင်အားစုများအကြား ရှိရင်းစွဲ အပြန်အလှန်နားလည်ယုံကြည်မှု၊ အပြန်အလှန် အသိအမှတ်ပြုမှု၊ ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် ပြည်သူ့တို့၏ မျှော်လင့်ချက်အား လက်တွေ့ကျကျ အကောင်အထည်ဖော်ဆောင်ပေးနိုင်မည် ဖြစ်ပါသည်။

၅။ နွေဦးတော်လှန်ရေး (၃) နှစ်တာအတွင်း တည်ဆောက်နိုင်ခဲ့သည့် သွေးစည်းညီညွတ်မှု၊ စုဖွဲ့နိုင်မှု၊ ဟန်ချက်ညီညီ လုပ်ကိုင်ဆောင်ရွက်မှု၊ တာဝန်ကိုယ်စီထမ်းရွက်မှုတို့ကို ဆက်လက် ထိန်းသိမ်းမြှင့်တင်ပြီး ပိုင်ဆိုင်နိုင်ခဲ့သည့် အောင်မြင်မှုများကို ဆက်လက်ထိန်းသိမ်းလျက် မိမိတို့ အားလုံးသော တိုင်းရင်းသားညီနောင်များ၏ ဘုံရည်မှန်းချက်ဖြစ်သည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီးအား အမြန်ဆုံးတည်ဆောက်သွားနိုင်ရေး နှစ်သစ်တွင် စိတ်သစ်၊ လူသစ်ဖြင့် ဆက်လက်ပါဝင်နိုင်ကြပါစေကြောင်း လေးလေးနက်နက် ဆုတောင်းဆန္ဒပြုအပ်ပါသည်။

The Committee Representing Pyidaungsu Hluttaw

Scroll to Top