မူလ / အီဒုလ်ဖိသိရ် ဝါကျွတ် အီးဒ်ပွဲတော်နေ့ သဝဏ်လွှာ

အီဒုလ်ဖိသိရ် ဝါကျွတ် အီးဒ်ပွဲတော်နေ့ သဝဏ်လွှာ

၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၁ ရက်

၁။ ယနေ့ကျရောက်သည့် အီဒုလ်ဖိသိရ် ဝါကျွတ် အီးဒ်ပွဲတော်နေ့ အချိန်အခါသမယတွင် ကမ္ဘာ့နိုင်ငံအသီးသီးတွင် မှီတင်းနေထိုင်ကြသော အစ္စလာမ်ဘာသာဝင်များ အားလုံးနှင့်တကွ ဘာသာပေါင်းစုံမှ ဘာသာဝင်များအားလုံး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကာ ကောင်းကျိုး လိုရာဆန္ဒများ ပြည့်ဝကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

၂။ ရမဒွါန် ဥပုသ်ဆောက်တည်ခြင်း၏ အနှစ်သာရများသည် သက်ဝင်ယုံကြည်သူတို့ အတွက် ခန္တီတရားဖြင့် အပြစ်ဒုစရိုက်များကို ရှောင်ရှားလိုစိတ်အား ကျင့်သုံးဆောက်တည် ရခြင်းဖြစ်သကဲ့သို့ လူ့အဖွဲ့အစည်းအတွင်း အပြန်အလှန် စာနာနားလည်မှု၊ ကူညီဖေးမမှု၊ ကိုယ်ချင်းစာတရားထွန်းကား စေခြင်းဖြင့် အောင်မြင်သော၊ ငြိမ်းချမ်းသော တရားလမ်းကို ဖော်ဆောင်ခြင်းဖြစ်ပါသည်။

၃။ ရမဒွါန် ဥပုသ်ဆောက်တည်ခြင်း အကျိုးကျေးဇူးများကြောင့် လက်ရှိကြုံတွေ့နေကြရ သော အခက်အခဲများမှ အမြန်ဆုံး လွတ်မြောက်ကာ လူမျိုး ဘာသာ မခွဲခြားဘဲ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့် အပြည့်အဝရှိမည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး လုပ်ငန်းများတွင် တိုင်းရင်းသားလူမျိုးပေါင်းစုံနှင့် ဘာသာပေါင်းစုံတို့မှ တော်လှန်ရေးအင်အားစု အားလုံးတို့က အပြန်အလှန် လေးစားယုံကြည်မှုတို့နှင့်အတူ ရှေ့ဆက်ချီတက်ကြစေလိုကြောင်း လေးလေးနက်နက် တိုက်တွန်းလိုပါသည်။ 

၄။ အကြမ်းဖက်စစ်ကောင်စီသည် လူမျိုးရေးကို အကြောင်းပြု၍ဖြစ်စေ ဘာသာရေးကို အကြောင်းပြု၍ဖြစ်စေ မိမိတို့ တော်လှန်ရေးအင်အားစုများပြိုကွဲသွားစေရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်လာမည့် သွေးခွဲမှုများကို အသိပညာဉာဏ်ဖြင့် ဆင်ခြင်အောက်မေ့ကာ ရင်ဆိုင်ကျော်ဖြတ် နိုင်ရန် အထူးလိုအပ်လှပါသည်။ ခေတ်အဆက်ဆက် အကြမ်းဖက်စစ်အာဏာရှင်များသည် လူမျိုးရေး နှင့် ဘာသာရေးကို အသုံးချကာ ဒီမိုကရေစီခရီးလမ်း ပျက်သုဉ်းရေးအတွက် ကြိုးပမ်း ဆောင်ရွက် ခဲ့ပုံများကို လေ့လာသုံးသပ်ကြည့်ပါက သမိုင်းစာမျက်နှာများပေါ်မှ ၎င်းတို့၏ လုပ်ရပ်များက သက်သေပြလျက်ရှိပါသည်။ ထို့ကြောင့် ယနေ့ဆင်နွှဲနေသည့် နွေဦးတော်လှန်ရေးတွင် မိမိတို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် တိုင်းရင်းသားလူမျိုးပေါင်းစုံနှင့် ဘာသာ ပေါင်းစုံတို့မှ ပြည်သူများအားလုံးနှင့်အတူလက်တွဲ၍  အတိတ်သမိုင်းဖြစ်ရပ်များကို သင်ခန်းစာ ယူကာ မိမိတို့၏ဘုံရန်သူဖြစ်သည့် အကြမ်းဖက်စစ်ကောင်စီအား အတူတကွ တိုက်ထုတ်သွားမည် ဖြစ်ကြောင်း ကတိပြုလျက် ဤသဝဏ်လွှာအား ထုတ်ပြန်အပ်ပါသည်။

The Committee Representing Pyidaungsu Hluttaw

Scroll to Top