၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်
၁။ ဟံသာဝတီနိုင်ငံတော်ကြီးကို စတင်တည်ထောင်ခဲ့သည့် သာသနာသက္ကရာဇ် ၁၁၁၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် (၁) ရက်နေ့အား မွန်အမျိုးသားနေ့အဖြစ် လက်ခံကျင်းပလာခဲ့သည်မှာ ယနေ့တွင် (၇၈) နှစ် တိုင်ခဲ့ပြီဖြစ်ပါသည်။ ယနေ့ကဲ့သို့ မင်္ဂလာရှိသော အချိန်အခါသမယတွင် မွန်တိုင်းရင်းသားများနှင့်တကွ တိုင်းရင်းသားပြည်သူများအားလုံး နှလုံးစိတ်ဝမ်း အေးချမ်းရွှင်လန်း ကြပါစေကြောင်း မေတ္တာပို့သအပ်ပါသည်။
၂။ မွန်တိုင်းရင်းသားများသည် ဟံသာဝတီနိုင်ငံတော်ကြီးအတွက် ကြံ့ကြံ့ခံ တိုက်ပွဲဝင်ခဲ့ ကြသည့် သမိုင်းကြောင်း ထည်ဝါသော၊ ဓလေ့ထုံးတမ်းအစဉ်အလာကောင်းသော လူမျိုးများ ဖြစ်ပါသည်။ စုစည်းညီညွတ်မှုအင်အားကို နှစ်ပေါင်းများစွာတိုင် မြဲမြံစွာ တည်ဆောက်ထားနိုင်မှု သည် အားလုံးသော တိုင်းရင်းသားပြည်သူများအတွက် စံတန်ဖိုးထားရသည့် ဂုဏ်ယူစရာ သမိုင်း မှတ်တမ်းဖြစ်ပါသည်။
၃။ မွန်တိုင်းရင်းသားခေါင်းဆောင်များနှင့် မွန်ပြည်သူပြည်သားများသည် အခြားတိုင်းရင်းသား များနှင့်အတူ နယ်ချဲ့ဗြိတိသျှလက်အောက်မှလွတ်မြောက်ရန် နိုင်ငံတော်၏ လွတ်လပ်ရေးအတွက် ပူးပေါင်းကြိုးပမ်းခဲ့သည်သာမက လက်ရှိနွေဦးတော်လှန်ရေးတွင်လည်း အင်အားစုတစ်ခုအနေဖြင့် ပါဝင်ဆောင်ရွက်နေပါသည်။ နိုင်ငံတော်တဝှမ်းရှိ တိုင်းရင်းသားပြည်သူလူထု အားလုံးတို့၏ ဒီမိုကရေစီအရေး၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များ ပြည့်ပြည့်ဝဝ ရရှိစေရေးတို့အတွက် တိုင်းရင်းသားပြည်သူများအကြားတွင် တွေ့ကြုံခဲ့ကြရသော သမိုင်းပေးသင်ခန်းစာများကိုကောင်းစွာ နားလည်သဘောပေါက်၍ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးတွင် ပိုမိုစုစည်း ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်သွားကြရန်လည်း တိုက်တွန်းအပ်ပါသည်။
၄။ မွန်တိုင်းရင်းသား ခေါင်းဆောင်ကြီးများနှင့် မွန်လူငယ်ပြည်သူလူထုတို့ အနေဖြင့် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် ခိုင်မာသော ရည်မှန်းချက်များ ချမှတ်ဖော်ဆောင်ကာ တော်လှန်ရေးအင်အားစုအသီးသီးနှင့် ပူးပေါင်းလုပ်ဆောင်နေမှုများအား ပိုမိုအောင်မြင်စွာ ဆောင်ရွက်နိုင်ပါစေကြောင်း အလေးအနက် ဆန္ဒပြုလျက် ဤသဝဏ်လွှာအား ထုတ်ပြန်အပ်ပါသည်။
The Committee Representing Pyidaungsu Hluttaw


