မူလ / (၇၇) နှစ်မြောက် ကရင်အမျိုးသားနေ့သို့ ပေးပို့သည့် သဝဏ်လွှာ

(၇၇) နှစ်မြောက် ကရင်အမျိုးသားနေ့သို့ ပေးပို့သည့် သဝဏ်လွှာ

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်
 
၁။ ကရင်တိုင်းရင်းသားတို့၏ တန်ဖိုးထားမြတ်နိုးရာ (၇၇) နှစ်မြောက် ကရင်အမျိုးသားနေ့ အချိန်အခါသမယတွင် ကရင်တိုင်းရင်းသားများအပါအဝင် တိုင်းရင်းသားပြည်သူပြည်သားအားလုံး တို့သည် ကောင်းကျိုးအဖြာဖြာ စုံညီစွာဖြင့် စိတ်ဆန္ဒတူညီစွာ လက်တွဲလျှောက်လှမ်းနေသည့် ဖက်ဒရယ်ဒီမိုကရေစီလမ်းခရီးတလျောက်တွင် ဘေးအပေါင်းကင်းဝေးလျက် ကျန်းမာပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။
 
၂။ ကရင်တိုင်းရင်းသားပြည်သူတစ်ရပ်လုံးသည် ၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှ စတင်၍ ကြွေးကြော်တောင်းဆိုခဲ့ကြသည့် ကရင်ပြည်ရရှိရေး၊ အမျိုးသားတန်းတူရေး၊ လူမျိုးရေး ပဋိပက္ခများ ချုပ်ငြိမ်းရေးစသည့်အချက်များသည် ကရင်တမျိုးသားလုံး၏ နိုင်ငံရေးအသိနှင့် မျိုးချစ်စိတ်ဓာတ်တို့အား ပိုမိုနိုးကြွားတက်ကြွလာစေခဲ့ပါသည်။ ထို့အပြင် ကရင်အမျိုးသားထု၏ ဆန္ဒဖော်ထုတ်မှုသည် ကရင်တမျိုးသားလုံး၏ စည်းလုံးညီညွတ်မှု အင်အားကိုလည်း ပိုမိုပေါ်လွင်စွာ ဖော်ထုတ်ပြသနိုင်ခဲ့သည့်အတွက် သမိုင်းတွင် မှတ်တမ်းတင်ဂုဏ်ပြုထိုက်သော လူထုစုဝေးပွဲကြီး ဖြစ်ခဲ့ပါသည်။
 
၃။ လက်ရှိနွေဦးတော်လှန်ရေးနှင့်အတူ ပြည်သူလူထုသည် မည်သည့် အာဏာရှင်တို့၏ စိုးမိုးခြယ်လှယ်အုပ်ချုပ်မှုကိုမျှ လက်ခံခြင်းမရှိဘဲ ခိုင်မာသော သံမဏိစိတ်ဓာတ်တို့ဖြင့် အောင်ပွဲ အဆုံးတိုင်တက်ညီလက်ညီပူးပေါင်းပါဝင်လျက်ရှိရာ အကြမ်းဖက်စစ်အုပ်စုနှင့် အပေါင်းအပါတို့သည် ပြိုလဲယိုင်နဲ့နေသည့် ဆိုးဝါးသော အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ပါသည်။ မိမိတို့ တော်လှန်ရေး အင်အားစုများအနေဖြင့် ပိုမိုချိတ်ဆက်ဆောင်ရွက်လျက် အပြန်အလှန်ယုံကြည်မှု၊ နားလည်မှုများ တည်ဆောက်ဖြန့်ခင်းလျက် ရှေ့လုပ်ငန်းစဥ်များအား စနစ်တကျ ပုံဖော်လုပ်ဆောင်သွားမည်ကို ယုံကြည်ပါသည်။
 
၄။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ခေတ်အဆက်ဆက်နှင့် လက်ရှိစစ်အာဏာရှင်စနစ်ဆိုးအား ဆန့်ကျင်တွန်းလှန်ရေးတွင် ပေးအပ်ရာတာဝန်များ ကြိုးစား ထမ်းဆောင်ရင်း ပါဝင်အားဖြည့်လျက်ရှိသည့် ကရင်ခေါင်းဆောင်ကြီးများ၊ ကရင်လူငယ်များနှင့် ကရင်တိုင်းရင်းသားတစ်ရပ်လုံးအား လေးစားဂုဏ်ပြုလိုပါသည်။ ကရင်တိုင်းရင်းသား ပြည်သူ လူထု၏ နိုင်ငံရေး၊ စစ်ရေးအစရှိသည့် တော်လှန်ရေးလုပ်ငန်းစဥ်များတွင် ဦးဆောင်ပါဝင်နိုင်မှု၊ စုစည်းညီညွတ်မှုတို့အား တန်ဖိုးထားလေးစားပါကြောင်းနှင့် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးတွင်လည်း ကရင်တိုင်းရင်းသားများအပါအဝင် အခြားတော်လှန်ရေး ညီနောင်တိုင်းရင်းသားအင်အားစုများနှင့်အတူ ဆက်လက်လက်တွဲ ချိတ်ဆက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ကတိပြုလျက် ယခု (၇၇) နှစ်မြောက် ကရင်အမျိုးသားနေ့သဝဏ်လွှာအား ဂုဏ်ယူစွာ ထုတ်ပြန်အပ်ပါသည်။
 
The Committee Representing Pyidaungsu Hluttaw
Scroll to Top