မူလ / (၇၇) နှစ်မြောက် ကရင်နီအမျိုးသားအာဇာနည်နေ့သဝဏ်လွှာ

(၇၇) နှစ်မြောက် ကရင်နီအမျိုးသားအာဇာနည်နေ့သဝဏ်လွှာ

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်

၁။ နယ်ချဲ့ဖဆပလအစိုးရ၏ ကောက်ကျစ်ရက်စက်မှုကြောင့် ကရင်နီအမျိုးသားအစည်း အရုံးဥက္ကဋ္ဌ ခုခံတော်လှန်ရေးခေါင်းဆောင်ကြီး ဂိုဘီတူရီ ကျဆုံးခဲ့သည့် ၁၉၄၈ ခုနှစ်၊ စက်တင်ဘာ လ (၈) ရက်နေ့ကို ကရင်နီအမျိုးသား အာဇာနည်နေ့အဖြစ် သတ်မှတ်ကျင်းပလာခဲ့ကြရာ ယနေ့ အချိန်တွင် (၇၇) နှစ်မြောက်သို့ ရောက်ရှိခဲ့ပြီဖြစ်ပါသည်။ ကရင်နီအမျိုးသားခေါင်းဆောင်ကြီး ဂိုဘီတူရီနှင့်တကွ ကရင်နီတော်လှန်ရေးကာလတစ်လျှောက် အသက်ပေးဆပ် တိုက်ပွဲဝင်ခဲ့ကြသည့် အာဇာနည်ရဲဘော်ရဲဘက်အပေါင်းတို့အား ပြည်သူများနှင့်အတူ အသိအမှတ်ပြု အောက်မေ့လျက် ဦးညွှတ်အလေးပြုအပ်ပါသည်။

၂။ မိမိတို့အနေဖြင့် အာဇာနည်ခေါင်းဆောင်ကြီးများကို လွမ်းဆွတ်တမ်းတ သတိရနေရုံနှင့် မပြီးဘဲ ၎င်းတို့ချမှတ်ခဲ့သည့် လမ်းစဉ်များကို လက်တွေ့ကျင့်သုံးလိုက်နာခြင်းဖြင့်သာ မပြီးပြတ် သေးသည့် မျှော်မှန်းချက်များကို ဆက်လက် ပခုံးပြောင်း အကောင်အထည်ဖော်နိုင်မည်ဖြစ်ပါ သည်။ ယနေ့တော်လှန်ရေး၏ ရည်မှန်းချက်မှာ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းပြီး တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အပြည့်အဝရရှိမည့် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန်ဖြစ်ပါသည်။ ဤခရီးတွင် တိုင်းရင်းသားပြည်သူအားလုံးက ကျရာ အခန်းကဏ္ဍ၌ပါဝင်၍ စည်းလုံးညီညွတ်စွာ ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြရမည် ဖြစ်ပါ သည်။ ဤသို့ဖြင့်သာ ကရင်နီအာဇာနည်ခေါင်းဆောင်ကြီးများနှင့်တကွ ခေတ်အဆက်ဆက် ဒီမိုကရေစီတိုက်ပွဲအတွင်း ကျဆုံးခဲ့ကြရသော သူရဲကောင်းများ၏ပေးဆပ်မှုများ အလဟဿ မဖြစ်စေဘဲ အနာဂတ်မျိုးဆက်သစ်များအတွက် လွတ်လပ်၍ တရားမျှတသော ဖက်ဒရယ်ဒီမို ကရေစီပြည်ထောင်စုကို တည်ဆောက်နိုင်မည်ဖြစ်ပါသည်။

၃။ တိုင်းရင်းသားပြည်သူအားလုံး၏ဘုံရန်သူဖြစ်သော အကြမ်းဖက်စစ်အုပ်စုသည် အမည် နာမ အမျိုးမျိုးပြောင်းလဲသတ်မှတ်၍ ၎င်းတို့၏စစ်အာဏာအမိန့်တည်မြဲရေးအတွက် နည်းလမ်း အမျိုးမျိုးသုံးကာ နိုင်ငံတော်အား ပြိုလဲပျက်စီးစေရန် ကြံဆောင်လျက်ရှိပါသည်။ တရားမဝင်သော အတုအယောင်ရွေးကောက်ပွဲကိုလည်း ဟန်ပြလုပ်ဆောင်ကာ နိုင်ငံတကာ၏အသိအမှတ်ပြုမှု ရရှိ ရန် ကြိုးစားလျက်ရှိသည့်အတွက် မိမိတို့အင်အားစုများအားလုံးအနေဖြင့်လည်း ယင်းကိစ္စအား အမြော်အမြင်ကြီးစွာ ကိုင်တွယ်ဆောင်ရွက်သွားရန် အထူးအရေးကြီးလှပါသည်။

၄။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် အာဇာနည်ခေါင်းဆောင်ကြီး များ၏စိတ်ဓာတ်ကို အစဥ်အမြဲလေးစားလျက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့်သာမက တော်လှန်ရေးအင်အားစုအားလုံးတို့နှင့်အတူ ပူးပေါင်းဆောင်ရွက်ကာ နွေဦးတော်လှန်ရေး အောင်မြင်သည်အထိ မဆုတ်မနစ် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ထို့ကြောင့် တော်လှန်ရေးအင်အားစုများအားလုံးအနေဖြင့်လည်း စစ်အာဏာရှင်များ၏ သပ်လျှိုသွေးခွဲမှုများ ကို သတိပြုရှောင်ရှားကာ အချင်းချင်း အပြန်အလှန် လေးစားယုံကြည်မှု၊ စုစည်းညီညွတ်မှုတို့ဖြင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ထုံးကို နှလုံးမူလျက် ဘုံရည်မှန်းချက်ပန်းတိုင်ဆီသို့ ဆက်လက် ချီတက်ကြရန် လေးလေးနက်နက် တိုက်တွန်းလျက် ယနေ့ကျရောက်သည့် (၇၇) နှစ်မြောက် ကရင်နီအမျိုးသား အာဇာနည်နေ့ သဝဏ်လွှာအား ထုတ်ပြန်အပ်ပါသည်။

The Committee Representing Pyidaungsu Hluttaw

Scroll to Top