မူလ / (၇၆) နှစ်မြောက် ကရင်နီပြည်တပ်မတော်နေ့ သဝဏ်လွှာ

(၇၆) နှစ်မြောက် ကရင်နီပြည်တပ်မတော်နေ့ သဝဏ်လွှာ

၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၇ ရက်

၁။ ၁၉၄၈ ခုနှစ်၊ ဩဂုတ်လ ၁၇ ရက်နေ့တွင် ကရင်နီပြည်၏ လွတ်လပ်မှုအတွက် ကရင်နီ တပ်မတော်အား အောင်မြင်စွာ စုဖွဲ့တည်ထောင်နိုင်ခဲ့ကာ ယနေ့တွင် (၇၆) နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်သည့်အတွက် မိမိတို့အနေဖြင့် လွန်စွာ ဂုဏ်ယူဝမ်းမြောက်လျက် ကရင်နီပြည်တပ်မတော်မှ သူရဲကောင်းစစ်သည်များနှင့်တကွ ကရင်နီတိုင်းရင်းသားများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ရွှင်လန်းပါစေကြောင်းနှင့် ဘေးအန္တရာယ်အသွယ်သွယ်တို့မှ ကင်းဝေးပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။

၂။ မိမိတို့တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအနေဖြင့် တန်းတူညီမျှခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်လွတ်လပ်ခွင့်နှင့် ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့်တို့ အပြည့်အဝ ရရှိခံစားနိုင်မည့် ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်ရေးနှင့် အကြမ်းဖက်စစ်အာဏာရှင်စနစ် ပျက်သုဉ်းရေးအတွက် ညီညွတ်စွာ ကြိုးစားထမ်းရွက်လျက်ရှိရာ ကရင်နီပြည်တပ်မတော်နှင့် ကရင်နီတိုင်းရင်းသားများအနေဖြင့် စိန်ခေါ်မှု အခက်အခဲများအား ရဲရဲဝံ့ဝံ့ ရင်ဆိုင်ဖြေရှင်းကာ တော်လှန်ရေးအင်အားစုအသီးသီးတို့နှင့် တွဲလက်ညီညီ ညီညွတ်စွာ ပူးပေါင်းပါဝင်ဆောင်ရွက်နေ သည့်အတွက် ပြည်သူများကိုယ်စား ထပ်တူလေးစားဂုဏ်ယူရပါကြောင်း ဖော်ပြလိုပါသည်။

၃။ ခေတ်အဆက်ဆက် တော်လှန်ရေးတိုက်ပွဲများတွင် အသက်၊ သွေး၊ ချွေးများ ပေးဆပ် လျက် ကျရာတာဝန်များအား မမှိတ်မသုန် ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသည့် ကရင်နီတိုင်းရင်းသား အာဇာနည်သူရဲကောင်းများအား မိမိတို့အနေဖြင့် ဤသဝဏ်လွှာမှ တစ်ဆင့် လေးစားစွာ ဦးညွှတ် အပ်ပါသည်။

၄။ ကရင်နီပြည်တပ်မတော်အနေဖြင့် ကရင်နီတစ်မျိုးသားလုံးနှင့်အတူ မားမားမတ်မတ် ရပ်တည်၍ သမိုင်းမော်ကွန်းသစ်များ ရေးထိုးလျက် တပ်မတော်ကြီး၏ ရှေ့ဆက်ရမည့် ရည်ရွယ် ချက်များ၊ ရည်မှန်းချက်များနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းစဉ်များအား အောင်မြင် ပြီးမြောက်စွာ ကြိုးစားဆောင်ရွက်သွားနိုင်ပါစေကြောင်း ဆန္ဒပြုဆုတောင်းလျက် ဤ (၇၆) နှစ်မြောက် ကရင်နီပြည် တပ်မတော်နေ့ သဝဏ်လွှာအား ဂုဏ်ပြုထုတ်ပြန်အပ်ပါသည်။

The Committee Representing Pyidaungsu Hluttaw

Scroll to Top