၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်
၁။ ကရင်အမျိုးသားများအတွက် ကိုယ်ပိုင်လွတ်လပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့်နှင့် တန်းတူညီမျှမှုရရှိရေးတို့အတွက် စစ်အာဏာရှင်စနစ်ကို တိုက်ထုတ်ရင်း ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီးနှင့်အတူ ကရင်တိုင်းရင်းသား ရဲဘော်များ ကျဆုံးခဲ့ သည့် ၁၉၅၀ ပြည့်နှစ်၊ ဩဂုတ်လ (၁၂) ရက်နေ့ကို ကရင်အာဇာနည်နေ့အဖြစ် သတ်မှတ်ကျင်းပ လာခဲ့ကြသည်မှာ ယနေ့အချိန်တွင် (၇၄) နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါသည်။
၂။ ယနေ့ကျရောက်သည့် (၇၄) နှစ်မြောက် ကရင်အာဇာနည်နေ့ အချိန်အခါသမယတွင် ကရင်အမျိုးသားခေါင်းဆောင်ကြီးများ၊ ကရင်တိုင်းရင်းသားများအနေဖြင့် ကရင်တစ်မျိုးသားလုံး၏ နိုင်ငံရေးရည်မှန်းချက်အား အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ပါစေကြောင်းနှင့် ညီနောင်တိုင်းရင်းသားအင်အားစုများနှင့် တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးက စစ်အာဏာရှင် စနစ်ဆိုးလက်အောက်မှ အမြန်ဆုံးလွတ်မြောက်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက် သွားနိုင်ရေး ကြိုးပမ်းနေသည့် လက်ရှိ နွေဦးတော်လှန်ရေးကြီးတွင်လည်း အားအင်အပြည့်ဖြင့် ဆက်လက်ပါဝင်နိုင်ပါစေကြောင်း လေးလေးနက်နက် ဆန္ဒပြုအပ်ပါသည်။
၃။ ပြည်တွင်း၊ ပြည်ပရှိ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ ပံ့ပိုးပါဝင်နေမှုနှင့်အတူ သွေးချင်း ညီနောင်တိုင်းရင်းသား အင်အားစုအသီးသီးက နှစ်ပေါင်း (၇၀) ကျော်ကြာ သက်ဆိုးရှည်ကြာခဲ့ သော စစ်အာဏာရှင်စနစ်ဆိုးကို တွဲလက်ညီညီ ပူးပေါင်းတော်လှန်နေခြင်းကြောင့် ယနေ့အချိန်တွင် အောင်မြင်မှုများစွာ ရရှိနေပြီဖြစ်ပါသည်။ ပြည်သူအားလုံး၏ စုစည်းခိုင်မာမှုအင်အားသည် ယုံကြည် ချက် ပန်းတိုင်ဆီသို့ အရောက်လှမ်းနိုင်ရန် တွန်းအားတစ်ခုပင်ဖြစ်ကာ တည်ဆောက်ခဲ့ပြီးသော စုဖွဲ့မှု၊ ပူးပေါင်းဆောင်ရွက်မှုတို့ကို တိုးမြှင့်ခြင်းအားဖြင့် မိမိတို့အားလုံး မျှော်လင့်နေသည့် အကြမ်းဖက်စစ်အာဏာရှင်စနစ်ကင်းစင်ပြီး အေးချမ်းတည်ငြိမ်သော အနာဂတ်နိုင်ငံတော်သစ်ကို အချိန်တိုတိုအတွင်း တည်ဆောက်သွားနိုင်မည်ကို အခိုင်အမာယုံကြည်ပါသည်။
၄။ မိမိတို့၏ ပန်းတိုင်အား ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်သည့် ယခုအချိန်တွင် တော်လှန်ရေး အင်အားစုများအချင်းချင်းအကြား အပြန်အလှန်အသိအမှတ်ပြုမှု၊ ချိတ်ဆက်ပူးပေါင်းဆောင်ရွက်မှု၊ စည်းလုံးညီညွတ်မှုတို့နှင့်အတူ ဆက်လက်လျှောက်လှမ်းသွားကြရမည်ဖြစ်ပါသည်။ မိမိတို့အနေ ဖြင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက မျှော်လင့်ကြိုးပမ်းနေကြသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်သွားနိုင်ရေးအတွက် တော်လှန်ရေးအင်အားစုများအားလုံးနှင့်အတူ ဆက်လက်လက်တွဲကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကာ ကရင်အာဇာနည်ခေါင်းဆောင်ကြီးများ ၏ တာဝန်ယူဆောင်ရွက်မှုများ၊ အမြော်အမြင်ကြီးမားမှုများ၊ အသက်ခန္ဓာရင်းနှီးပေးဆပ်မှု၊ စွန့်လွှတ် အနစ်နာခံမှုတို့အား လေးမြတ်စွာ ဦးညွှတ်လျက် ဤ (၇၄)နှစ်မြောက် ကရင်အာဇာနည်နေ့ သဝဏ်လွှာ အား ဂုဏ်ယူစွာ ထုတ်ပြန်အပ်ပါသည်။
The Committee Representing Pyidaungsu Hluttaw


