၂၀၂၅ ခုနှစ်၊ ဇွန်လ ၆ ရက်
၁။ ရန်ကုန်မြို့ သမိုင်းချည်စက်ရုံရှေ့တွင် စစ်အာဏာရှင်များက အလုပ်သမားပြည်သူများအား ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည့်နေ့ ၁၉၇၄ ခုနှစ် ဇွန်လ (၆) ရက်နေ့သည် မြန်မာနိုင်ငံအလုပ်သမားလှုပ်ရှားမှုသမိုင်းတွင် မည်သို့မျှ ချန်လှပ်ထား၍မရသော နေ့တစ်နေ့ ဖြစ်ပါသည်။ အလုပ်သမားများ၏ ရပိုင်ခွင့်နှင့် အခွင့်အရေးများအား ရဲဝံ့စွာတောင်းဆို၍ တိုက်ပွဲဝင်ခဲ့ကြသော အလုပ်သမားသူရဲကောင်းများအား ဂုဏ်ပြုသည့်အနေဖြင့် ဇွန်လ (၆) ရက်နေ့ကို အလုပ်သမားသပိတ်လှုပ်ရှားမှုနေ့အဖြစ် သတ်မှတ်၍ အောက်မေ့ဖွယ်နေ့တစ်နေ့အဖြစ် ဂုဏ်ပြုကျင်းပလာခဲ့သည်မှာ ယနေ့အချိန်တွင် (၅၁) နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပါသည်။
၂။ ၁၉၇၄ ခုနှစ်၊ ဇွန်လ (၆) ရက်နေ့တွင် စတင်ခဲ့သည့် ပြည်လုံးကျွတ် အလုပ်သမားအရေးတော်ပုံတွင် ရဲဝံ့စွာ တိုက်ပွဲဝင်ခဲ့ကြသော အလုပ်သမားသူရဲကောင်းများသည် ခေတ်အဆက်ဆက် စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေးအတွက် မဆုတ်မနစ် ကြိုးပမ်းခဲ့ကြသူများဖြစ်ပါသည်။ အလုပ်သမားအရေးတော်ပုံမှ ပေါက်ဖွားလာသည့် စိတ်ဓာတ်ကိုကိုင်စွဲလျက် အကြမ်းဖက်စစ်အာဏာရှင်စနစ်လက်အောက်မှ အလုံးစုံလွတ်မြောက်ရေးအတွက် ဆက်လက်ကြိုးပမ်းသွားကြစေလိုကြောင်း အလုပ်သမားပြည်သူလူထုအားလုံးအား လေးလေးနက်နက် တိုက်တွန်းအပ်ပါသည်။ ခေတ်အဆက်ဆက် စစ်အာဏာရှင်စနစ်လက်အောက်မှ လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ရင်းကျဆုံးခဲ့ကြရသော အလုပ်သမားပြည်သူ အာဇာနည်သူရဲကောင်းအပေါင်းတို့အား အောက်မေ့သတိရလျက် ဤသဝဏ်လွှာမှတစ်ဆင့် ဦးညွှတ်အလေးပြုအပ်ပါသည်။
၃။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် တိုင်းပြည်၏ အာဏာကို အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အတင်းအဓမ္မ အာဏာသိမ်းယူပြီးနောက်ပိုင်း တိုင်းပြည်၏ ကဏ္ဍမျိုးစုံအပေါ် ဆိုးရွားစွာ ထိခိုက်ခဲ့ရပါသည်။ အထူးသဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ရှားပါးလာခြင်းနှင့် ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်လာမှုတို့ကြောင့် လူငယ်များစွာတို့သည် မိမိတို့တိုင်းပြည်ကိုစွန့်ခွာ၍ အခြားနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်နေကြရပါသည်။ ထို့အပြင် အကြမ်းဖက်စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီး လူငယ်များအား အတင်းအဓမ္မ စစ်မှုထမ်းခိုင်းစေမှုများကြောင့် လူငယ်ပေါင်းများစွာတို့သည် ပြည်ပနိုင်ငံများသို့ တိမ်းရှောင်နေရပြီး အလုပ်အကိုင်ရရှိနိုင်မှု အခက်အခဲများကို ပိုမိုကြီးမားစွာ ရင်ဆိုင်နေကြရပါသည်။
၄။ အလုပ်သမားပြည်သူများသည် နိုင်ငံ၏ အသက်သွေးကြောဖြစ်သကဲ့သို့ စစ်အာဏာရှင်စနစ် အဆုံးသတ်နိုင်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး ကြိုးပမ်းမှုတွင်လည်း အလွန်အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။ ယနေ့ခေတ် အလုပ်သမားထု၏ ကြိုးပမ်းအားထုတ်မှုများသည် နောင်လာမည့် မျိုးဆက်သစ်များအတွက် ပိုမိုကောင်းမွန်သော လူမှုဘဝနှင့် နိုင်ငံတည်ဆောက်ရေးအတွက် အခြေခံအုတ်မြစ်များ ဖြစ်ပါသည်။ ထို့ကြောင့် ပြည်တွင်း၊ ပြည်ပရှိ အလုပ်သမားပြည်သူများအနေဖြင့် အလုပ်သမားများ၏ ရပိုင်ခွင့် အခွင့်အရေးများ အပြည့်အဝရရှိနိုင်မည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး လုပ်ငန်းစဉ်များတွင် ဆက်လက်ပူးပေါင်းပါဝင်ဆောင်ရွက်သွားမည်ကိုလည်း အခိုင်အမာ ယုံကြည်ပါသည်။
၅။ ၅-၆-၂၀၂၅ ရက်နေ့တွင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့၌ ကျင်းပပြုလုပ်လျက်ရှိသည့် (၁၁၃) ကြိမ်မြောက်၊ အပြည်ပြည်ဆိုင်ရာအလုပ်သမားညီလာခံက အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့၏ ပုဒ်မ (၃၃) အရ မြန်မာနိုင်ငံ၌ ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန် လုပ်ဆောင်နေသည့် အကြမ်းဖက်စစ်ကောင်စီအား ဒဏ်ခတ်အရေးယူပိတ်ဆို့ရန် ဆုံးဖြတ်ချက်အား ချမှတ်လိုက်ခြင်းသည် မြန်မာနိုင်ငံရှိ အလုပ်သမားထုတို့အတွက်သာမက မြန်မာပြည်သူများအားလုံးအတွက် သတင်းကောင်းတစ်ခုပင်ဖြစ်ပါသည်။ ယင်းဆုံးဖြတ်ချက်အား ယခုညီလာခံတွင် အတည်ပြုနိုင်ရေးအတွက် အစိုးရ၊ လွှတ်တော်နှင့် အလုပ်သမားအဖွဲ့အစည်းများက နိုင်ငံတကာသို့ တိုက်တွန်းမှုများပြုလုပ်ရာတွင် တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး အလုပ်သမားထုအပါအဝင် မြန်မာပြည်သူများအားလုံး အခြေခံအခွင့်အရေးများနှင့် လွတ်လပ်ခွင့်များ အမြန်ဆုံး ရရှိခံစားနိုင်ရေး ဆက်လက်ကြိုးပမ်းသွားကြရဦးမည် ဖြစ်ပါသည်။
၆။ အကြီးအကျယ် ချိုးဖောက်ခံနေရသည့် အလုပ်သမားများ၏ အခွင့်အရေးများကို နိုင်ငံတကာစံနှုန်းများနှင့်ကိုက်ညီသော အခွင့်အရေးများရရှိစေရေးနှင့် အလုပ်သမားများ၏ အခွင့်အရေးများအား အပြည့်အဝအကာအကွယ်ပေးရေးတို့အတွက် လွှတ်တော်၏ အခန်းကဏ္ဍမှ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီအနေဖြင့် ပြည်တွင်း၊ ပြည်ပရှိ မြန်မာပြည်သူ အလုပ်သမားထုဘက်မှ ခိုင်ခိုင်မာမာရပ်တည်၍ အလုပ်သမားထု၏ အကျိုးစီးပွားအတွက် အစဉ်အမြဲ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြုလျက် ဤ (၅၁) နှစ်မြောက် အလုပ်သမားသပိတ်လှုပ်ရှားမှုနေ့ သဝဏ်လွှာအား ထုတ်ပြန်အပ်ပါသည်။
The Committee Representing Pyidaungsu Hluttaw


