မူလ / (၃၇) နှစ်မြောက် ချင်းတော်လှန်ရေးနေ့သဝဏ်လွှာ

(၃၇) နှစ်မြောက် ချင်းတော်လှန်ရေးနေ့သဝဏ်လွှာ

၂၀၂၅ ခုနှစ်၊ မတ်လ ၂၀ ရက်

၁။ ယနေ့ကျရောက်သည့် (၃၇) နှစ်မြောက် ချင်းတော်လှန်ရေးနေ့ အချိန်အခါသမယတွင် မြန်မာနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံအသီးသီး၌ ရောက်ရှိနေကြသော ချင်းတိုင်းရင်းသားခေါင်းဆောင်ကြီးများ၊ ချင်းလူမျိုးစုများ၊ ချင်းတိုင်းရင်းသား တော်လှန်ရေးရဲဘော်၊ ရဲဘက်များအားလုံးနှင့်အတူ ညီနောင် သွေးချင်းများအားလုံး ဘေးအန္တရာယ်အပေါင်းမှကင်းဝေးပြီး ကောင်းကျိုးမင်္ဂလာအဖြာဖြာ ပြည့်စုံ ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

၂။ ချင်းတိုင်းရင်းသားတို့သည် မျိုးချစ်စိတ်ဓာတ်ပြင်းထန်၍ ခိုင်မာတည်ကြည်သည့် တိုင်းရင်းသားလူမျိုးများဖြစ်သည်နှင့်အညီ သူ့ကျွန်မခံလိုသော တော်လှန်ရေးစိတ်ဓာတ် အပြည့်အဝ ရှိသော လူမျိုးများလည်းဖြစ်ပါသည်။ ချင်းအမျိုးသားတပ်ဦးကို ညီညွတ်စွာ စုစည်းတည်ထောင်၍ လက်နက်ကိုင်တော်လှန်ရေးစတင်ခဲ့သည့်နေ့ ၁၉၈၈ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့အား ချင်း တော်လှန်ရေးနေ့အဖြစ် သတ်မှတ်ခဲ့ကြပြီး မမေ့အပ်သော နေ့တစ်နေ့အဖြစ် နှစ်စဉ်ကျင်းပလာခဲ့ ကြသည်မှာ ဂုဏ်ယူဖွယ်ရာ သမိုင်းအစဉ်အလာတစ်ခု ဖြစ်ပါသည်။

၃။ ဒီမိုကရေစီခရီးကြမ်းတွင် ချင်းတိုင်းရင်းသားခေါင်းဆောင်ကြီးများ၏ စွန့်လွှတ်အနစ်နာခံ ပေးဆပ်ခဲ့မှုများသည် ယနေ့တိုင် အမှတ်ရစရာဖြစ်ပြီး မျိုးဆက်သစ်များအတွက် စံနမူနာကောင်း များဖြစ်ပါသည်။ မြန်မာ့နွေဦးတော်လှန်ရေးတွင်လည်း အကြမ်းဖက်စစ်အာဏာရှင်များကို တူမီး စွဲကိုင်ပြီး ပထမဦးဆုံး ဆန့်ကျင်တော်လှန်ခဲ့ကြသော ချင်းတိုင်းရင်းသားတို့၏ ရဲစွမ်းသတ္တိနှင့် မျိုးချစ်စိတ်ဓာတ်မှာ ချီးကျူးဂုဏ်ယူဖွယ်ရာဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီသမိုင်း တစ်လျှောက်တွင် အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြရင်း ကျဆုံးသွားခဲ့ကြသော ချင်းတိုင်းရင်းသား ခေါင်းဆောင်ကြီးများနှင့်အတူ ချင်းတော်လှန်ရေးရဲဘော် အာဇာနည်သူရဲကောင်းအပေါင်းတို့အား ဤသဝဏ်လွှာမှတစ်ဆင့် ဦးညွှတ်အလေးပြုအပ်ပါသည်။

၄။ ယခုနှစ်တွင် ချင်းပြည်ကောင်စီ (Chinland Council) နှင့် ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC) တို့သည် ချင်းအမျိုးသားညီညွတ်ရေး သဘောတူညီချက်အား ထုတ်ပြန်နိုင်ခဲ့သည်မှာလည်း ချင်းပြည်သူလူထုအတွက် ဝမ်းမြောက်ဖွယ်ရာ ပူးပေါင်းဆောင်ရွက်မှု ဖြစ်သည့်အတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ထပ်လောင်း ဂုဏ်ပြု အပ်ပါသည်။ ယနေ့အချိန်တွင် ချင်းတော်လှန်ရေးနေ့၏အနှစ်သာရကို အလေးထား၍ အခြားသော တော်လှန်ရေးအင်အားစုများနှင့် စုစည်းညီညွတ်မှု၊ အချင်းချင်း အပြန်အလှန် နားလည် ယုံကြည်မှု တို့ကိုမြှင့်တင်ကာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် ဆက်လက် ကြိုးစားပါဝင်ဆောင်ရွက်နိုင်ပါစေကြောင်း ဆန္ဒပြုလျက် ဤသဝဏ်လွှာအား ထုတ်ပြန် အပ်ပါသည်။

The Committee Representing Pyidaungsu Hluttaw

Scroll to Top