မူလ / အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်းတည်ထောင်ခြင်း (၃၇) နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်းတည်ထောင်ခြင်း (၃၇) နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာ

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်

၁။ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးနှင့် တိုင်းရင်းသား တန်းတူရေးတို့ ရရှိရေးအတွက် ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ပြည်သူလူထု၏ အားပေးထောက်ခံမှုနှင့်အတူ ရပ်တည်ခဲ့ သည်မှာ ယနေ့အချိန်တွင် (၃၇) နှစ်တိုင် ရောက်ရှိခဲ့ပြီဖြစ်ပါသည်။

၂။ ယနေ့ကျရောက်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်ခြင်း (၃၇) နှစ်မြောက် နေ့တွင် ခေတ်အဆက်ဆက် ဒီမိုကရေစီတိုက်ပွဲအတွင်း အကြမ်းဖက်စစ်အာဏာရှင်များ၏ မတရား ဖမ်းဆီး၊ သတ်ဖြတ်ခံခဲ့ရသည့် ပါတီဝင်ခေါင်းဆောင်ကြီးများ၊ ထောင်တွင်း၌ နှစ်ရှည်လများ အကျဉ်းချခံထားရပြီး ညှဉ်းပန်းနှိပ်စက်မှုမျိုးစုံကို ရင်ဆိုင်ရင်း ကျဆုံးခဲ့ကြရသော ပါတီဝင် အာဇာနည်သူရဲကောင်းအပေါင်းတို့အား အောက်မေ့သတိရလျက် ဦးညွှတ်အလေးပြုအပ်ပါသည်။

၃။ ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံကြီးမှတစ်ဆင့် ပေါက်ဖွားလာခဲ့သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် ၁၉၉၀ ပြည့်နှစ်တွင် ရွေးကောက်ပွဲကျင်းပပြီး မဲဆန္ဒနယ်မြေ အများစု တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ် အနိုင်ရရှိခဲ့သော်လည်း စစ်အာဏာရှင် များက တိုင်းပြည်အာဏာကို လွှဲပြောင်းမပေးခဲ့ပါ။ ၂၀၁၅ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်များတွင် ကျင်းပ ခဲ့သည့် လွတ်လပ်၍ တရားမျှတသော အထွေထွေရွေးကောက်ပွဲများတွင်လည်း အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်သည် ပြည်သူလူထု၏ တစ်ခဲနက် ထောက်ခံအားပေးမှုဖြင့် အပြတ်အသတ် အနိုင် ရခဲ့ပြီး အစိုးရဖွဲ့နိုင်ခဲ့ပါသည်။ သို့သော်လည်း အကြမ်းဖက် စစ်အာဏာရှင်များက မဲမသမာမှုများ ရှိသည်ဟုစွပ်စွဲကာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အာဏာသိမ်းယူခဲ့ပြန်ပါသည်။

၄။ ထိုသို့ အာဏာသိမ်းယူပြီးနောက် အကြမ်းဖက် စစ်အာဏာရှင်များက အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ပါတီ အဖွဲ့ဝင်များနှင့် ခေါင်းဆောင်များ၊ ဒီမိုကရေစီအရေး ကြိုးပမ်းနေသူများကို ဥပဒေမဲ့ ဖမ်းဆီး ထောင်ချခဲ့ပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည်လည်း အကျဉ်းထောင်တွင်း၌ နှလုံးရောဂါ ဝေဒနာကို ပြင်းထန်စွာခံစားနေရပြီး ဆေးကုသခွင့်မရသည့်အတွက်လည်း များစွာ စိုးရိမ်မိပါ သည်။ ထို့အပြင် နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်အပါအဝင် အခြားသော ပါတီအဖွဲ့ဝင်များနှင့် နိုင်ငံရေးအကျဉ်းသားများအားလုံးသည်လည်း စစ်အာဏာရှင်များ၏ ညှင်းပန်း နှိပ်စက်မှုများစွာကို ခံစားနေကြရပြီး ဆေးကုသခွင့် မရကြသည့်အတွက်လည်း များစွာ စိတ်မကောင်းဖြစ်ရပါသည်။

၅။ အကြမ်းဖက်စစ်အာဏာရှင်များသည် အတုအယောင် ရွေးကောက်ပွဲကျင်းပပြီး နိုင်ငံတကာ ကို လှည့်စားရန် ကြိုးပမ်းလျက်ရှိပါသည်။ အပြစ်မဲ့ ပြည်သူများ နေထိုင်ရာနေရာများ၊ စာသင် ကျောင်းများ၊ ဘာသာရေးဆိုင်ရာအဆောက်အဦများနှင့် စစ်ဘေးရှောင်စခန်းများတွင် ဗုံးကြဲ တိုက်ခိုက်ခြင်းများကို နေ့စဉ်နှင့်အမျှ လုပ်ဆောင်နေသော အကြမ်းဖက်စစ်အာဏာရှင်များက ပြုလုပ်မည့် ရွေးကောက်ပွဲသည် ပြည်သူလူထု၏ဆန္ဒ လုံးဝ ပါဝင်မည်မဟုတ်ဘဲ လက်နက် အားကိုးဖြင့် ပြည်သူကိုခြိမ်းခြောက်ကာ ဆန္ဒမဲရယူ၍ ကျင်းပမည့် အတုအယောင်ရွေးကောက်ပွဲသာ ဖြစ်ပါသည်။ မည်သို့မျှ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်မည် မဟုတ်သောကြောင့် ဒီမိုကရေစီကိုချစ်မြတ်နိုး တန်ဖိုးထားသည့် တိုင်းရင်းသားပြည်သူများအားလုံးအနေဖြင့် အကြမ်းဖက်စစ်ကော်မရှင်က ကျင်းပမည့် ရွေးကောက်ပွဲသည် အတုအယောင်သာဖြစ်ကြောင်း ကမ္ဘာကြီးက သိရှိအောင် ကြိုးပမ်းဆောင်ရွက်ကာ ၎င်းတို့၏ ရည်မှန်းချက် မအောင်မြင်ရေး အတူ လက်တွဲကြိုးပမ်း ဆောင်ရွက်သွားကြရန် အထူးလိုအပ်ပါသည်။ ထိုသို့ လုပ်ဆောင်နိုင်မှသာ တိုင်းရင်းသားပြည်သူအားလုံးအတွက် စစ်မှန်သော ပြည်သူ့အစိုးရ ပေါ်ပေါက်နိုင်မည် ဖြစ်ပါသည်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့်လည်း စစ်ကော်မရှင်က ပြုလုပ်မည့် ရွေးကောက်ပွဲသည် အတုအယောင်ရွေးကောက်ပွဲဖြစ်ကြောင်း နိုင်ငံတကာနှင့် ဒေသတွင်းနိုင်ငံ များက သိရှိအောင် လွှတ်တော်အခန်းကဏ္ဍမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

၆။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ပါတီ၏ မူလရည်မှန်းချက်ဖြစ်သော စစ်အာဏာ ရှင်စနစ်ချုပ်ငြိမ်းရေးနှင့် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးတို့ အတွက် တိုင်းရင်းသားပြည်သူများ၊ တော်လှန်ရေးအင်အားစုအားလုံးတို့နှင့်အတူ မဆုတ်မနစ် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ကို အကြွင်းမဲ့ ယုံကြည်ပါသည်။ “ပြည်သူရှိနေသမျှ ပါတီ ရှိနေမည်” ဟူသော ခိုင်မာသည့် ယုံကြည်ချက်ကို ကိုင်စွဲလျက် ပြည်သူတို့၏ ယုံကြည် ကိုးစားမှုကို နောင်နှစ်ပေါင်းများစွာတိုင်အောင် ဆက်လက်ရရှိပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် ဤဂုဏ်ပြုသဝဏ်လွှာအား ပေးပို့အပ်ပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု‌ကော်မတီ

Scroll to Top