မူလ / ကိုဖုန်းမော်နှင့် ကိုစိုးနိုင်ကျဆုံးခြင်း (၃၇) နှစ်မြောက် နှစ်ပတ်လည်နေ့ သဝဏ်လွှာ

ကိုဖုန်းမော်နှင့် ကိုစိုးနိုင်ကျဆုံးခြင်း (၃၇) နှစ်မြောက် နှစ်ပတ်လည်နေ့ သဝဏ်လွှာ

၂၀၂၅ ခုနှစ်၊ မတ်လ ၁၃ ရက်

၁။ ၁၉၈၈ ခုနှစ်၊ မတ်လ (၁၃) ရက်နေ့သည် မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုသမိုင်းတွင် သမိုင်းဝင် ရှစ်လေးလုံးအရေးတော်ပုံကြီးကို ပေါ်ပေါက်စေခဲ့ပြီး ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားများ ဖြစ်ကြသော ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့ကျဆုံးခဲ့ကြရသည့် မေ့ပျောက်၍ မရနိုင်သော နေ့တစ်နေ့လည်း ဖြစ်ပါသည်။ ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့သည် ဒီမိုကရေစီရရှိရေးအတွက် ကြိုးပမ်းရင်း ကျဆုံးခဲ့ရာ ယနေ့အချိန်တွင် (၃၇) နှစ်မြောက် ရှိခဲ့ပြီဖြစ်ပါသည်။

၂။ တိုင်းပြည်အနာဂတ်၏ ကျောင်းသားလူငယ်များသည် ဒီမိုကရေစီအတွက် နှစ်ပေါင်းများစွာကြာ တိုက်ပွဲဝင်လျက်ရှိပြီး ယနေ့အချိန်အထိ အသက်ပေါင်းများစွာ ပေးဆပ်နေရဆဲဖြစ်ပါသည်။ ယနေ့နွေဦးတော်လှန်ရေးသည် တိုင်းရင်းသားပြည်သူအားလုံးအတွက် နောက်ဆုံး ဒီမိုကရေစီ တိုက်ပွဲဖြစ်သကဲ့သို့ အကြမ်းဖက်စစ်အာဏာရှင်စနစ်နှင့်အတူ အာဏာရှင်စနစ်မှန်သမျှကို အပြီးသတ် ချေမှုန်းနိုင်မည့် နောက်ဆုံးတော်လှန်ရေးတိုက်ပွဲလည်းဖြစ်ပါသည်။ နွေဦးတော်လှန်ရေးတွင် တိုက်ပွဲဝင်နေကြသော ကျောင်းသားလူငယ်များအနေဖြင့် ကိုဖုန်းမော်၊ ကိုစိုးနိုင်တို့၏ စွန့်လွှတ်ပေးဆပ်မှုများကို အထူးအောက်မေ့သတိရလျက် ၎င်းတို့၏ စိတ်ဓာတ်ကိုကိုင်စွဲကာ ဆက်လက် ချီတက်ကြစေလိုကြောင်း လေးလေးနက်နက် တိုက်တွန်းအပ်ပါသည်။

၃။ အကြမ်းဖက်စစ်အာဏာရှင်စနစ်ကို တိုင်းရင်းသားလူမျိုးပေါင်းစုံ ဘာသာဝင်ပေါင်းစုံတို့က စုပေါင်း၍ တော်လှန်နေသော နွေဦးတော်လှန်ရေးတွင် ကျောင်းသားလူငယ်များ၏ အခန်းကဏ္ဍသည် အလွန်အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိနေပါသည်။ ယနေ့လူငယ်၊ လူရွယ်များသည် နောင်အနာဂတ်တွင် တိုင်းပြည်တာဝန်များကို ပခုံးပြောင်းထမ်းဆောင်မည့် လူကြီးများဖြစ်သောကြောင့် အင်မတန်အရေးပါသော အင်အားတစ်ရပ်ဖြစ်ပါသည်။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးခရီးလမ်းတွင် ကိုဖုန်းမော်၊ ကိုစိုးနိုင်တို့ကဲ့သို့ ကျောင်းသားလူငယ်၊ လူရွယ်များစွာတို့သည် အကြမ်းဖက်စစ်အာဏာရှင်များ၏ မတရားဖမ်းဆီးသတ်ဖြတ်ခြင်း၊ ထောင်ချခြင်းနှင့် အတင်းအဓမ္မစစ်မှုထမ်းစေခိုင်းခြင်းကို ခံနေကြရပါသည်။ အကြမ်းဖက်စစ်တပ်က လူမဆန်သော လုပ်ရပ်များကို စဉ်ဆက်မပြတ်လုပ်ဆောင်လျက်ရှိပြီး တိုင်းပြည်အနာဂတ်ကို ဖျက်ဆီးလျက်ရှိနေပါသည်။

၄။ ဒီမိုကရေစီရှင်သန်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးတို့အတွက် ပြည်သူလူထုအင်အားနှင့်အတူ တော်လှန်ရေးအင်အားစုများအားလုံး၏ စုပေါင်းအင်အားဖြင့် စိန်ခေါ်မှု၊ အခက်အခဲနှင့် အတားအဆီးပေါင်းများစွာကို ဆက်လက်ကျော်လွှား ဖြတ်သန်းရဦးမည်ဖြစ်ပါသည်။ တော်လှန်ရေးအင်အားစုများအားလုံးအနေဖြင့် ဒီမိုကရေစီခရီးကြမ်းတစ်လျှောက်တွင် အသက်၊ သွေး၊ ချွေးနှင့် ဘဝပေါင်းများစွာ ပေးဆပ်ခဲ့ကြရသော အာဇာနည်သူရဲကောင်းများ၏ စွန့်လွှတ်အနစ်နာခံမှုများကို လေးစားတန်ဖိုးထားခြင်းအားဖြင့် ခိုင်မာသည့်စိတ်ဓာတ်၊ မလျော့သောဇွဲနှင့် အပြန်အလှန် နားလည်ယုံကြည်မှုတို့ဖြင့် ဆက်လက်ကြိုးပမ်းသွားကြစေလိုကြောင်း လေးလေးနက်နက် တိုက်တွန်းလိုပါသည်။

၅။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီတိုက်ပွဲအတွင်း ကျဆုံးခဲ့ရသော ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့ကဲ့သို့ ကျောင်းသားလူငယ် အာဇာနည်သူရဲကောင်းများစွာတို့၏ စွန့်လွှတ် အနစ်နာခံမှုတို့ကို အစဉ်အမြဲအောက်မေ့လျက် ၎င်းတို့၏ အိပ်မက်များကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မိမိတို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် သန္နိဋ္ဌာန်ပြုပါသည်။ ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားများဖြစ်သည့် ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့နှင့်အတူ ခေတ်အဆက်ဆက် ဒီမိုကရေစီတိုက်ပွဲအတွင်း ကျဆုံးခဲ့ကြရသော ကျောင်းသား၊ လူငယ်လူရွယ် အာဇာနည်သူရဲကောင်းအပေါင်းတို့အား လေးစားစွာ ဦးညွှတ်ဂုဏ်ပြုလျက် ဤသဝဏ်လွှာအား ထုတ်ပြန်အပ်ပါသည်။

The Committee Representing Pyidaungsu Hluttaw

Scroll to Top