မူလ / (၂၄) နှစ်မြောက် ကယန်းအမျိုးသားနေ့ သဝဏ်လွှာ

(၂၄) နှစ်မြောက် ကယန်းအမျိုးသားနေ့ သဝဏ်လွှာ

၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၀ ရက်

၁။ ယနေ့ကျရောက်သည့် (၂၄) နှစ်မြောက် ကယန်းအမျိုးသားနေ့ အချိန်အခါသမယတွင် ကယန်းလူမျိုးများ၊ ကယန်းခေါင်းဆောင်ကြီးများ၊ ရဲဘော်ရဲဘက်များအားလုံးနှင့်တကွ နွေဦး တော်လှန်ရေးတွင် ပါဝင်ဆင်နွှဲလျက်ရှိသည့် တိုင်းရင်းသားပြည်သူများအားလုံး ဘေးအန္တရာယ် အပေါင်း ကင်းဝေးကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

၂။ ခရစ်နှစ် ၂၀၀၀ ပြည့်နှစ်၊ ဧပြီ(၈၊၉၊၁၀) ရက်နေ့များတွင် ကယန်းလူမျိုးခေါင်းဆောင် များ၊ ကယန်းလူမျိုးနွယ်စု (၄) မျိုးဖြစ်သော ကယန်းကငန်၊ ကယန်းကဲဒေါ့၊ ကယန်းလထာနှင့် ကယန်းကခေါင်းတို့မှခေါင်းဆောင်များ၊ ဘာသာရေးအဖွဲ့အစည်းများမှ ကယန်းလူမျိုးဆရာတော်ကြီး များ၊ ကယန်းလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းခေါင်းဆောင်များစုဝေးကာ ကယန်းလူမျိုး အတွက် အရေးကြီးသည့် ဆုံးဖြတ်ချက် (၃) ရပ်ဖြစ်သော လက်တင်အက္ခရာဖြင့် အသုံးပြုထား သည့်စာကို ပြုပြင်မွမ်းမံ၍ ကယန်းအမျိုးသားစာပေအဖြစ် အတည်ပြုခြင်း၊ ကယန်းကငန်၊ ကယန်း ကဲဒေါ့၊ ကယန်းလထာနှင့် ကယန်းကခေါင်းဟူသည့် မျိုးနွယ်စုများသည် ကယန်းအမျိုးသား တစ်ခုတည်းအဖြစ် ခံယူအတည်ပြုခြင်းနှင့် ကယန်းအမျိုးသားအလံတော်ကို အတည်ပြုခဲ့သည် ၂၀၀၁ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့ကို ကယန်းအမျိုးသားနေ့အဖြစ် သတ်မှတ်ကာ ကျင်းပလာခဲ့ကြ သည်မှာ ယနေ့အချိန်တွင် (၂၄) နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါသည်။

၃။ ကယန်းလူမျိုးများ၏ သမိုင်းမှတ်တမ်းများမှာ အင်မတန်ကြီးမားလှပါသည်။ နှစ်ပေါင်း ၇၀ ကျော်ကြာ လက်နက်ကိုင်တော်လှန်ရေး အစပြုရာဒေသဖြစ်သကဲ့သို့ ယနေ့နွေဦး တော်လှန် ရေးတွင်လည်း ရွပ်ရွပ်ချွံချွံဖြင့် စစ်အာဏာရှင်များကို တော်လှန်တိုက်ခိုက်လျက်ရှိပါသည်။ ယနေ့ ကဲ့သို့ နေ့ထူးနေ့မြတ်အချိန်အခါသမယတွင် မိမိနိုင်ငံနှင့် လူမျိုးအတွက် ခေတ်အဆက်ဆက်က အကြမ်းဖက် စစ်အာဏာရှင်များကို တွန်းလှန်ရင်း အသက်ပေးဆပ်ခဲ့ကြရသော ကယန်းအမျိုးသား ခေါင်းဆောင်ကြီးများနှင့် နွေဦးတော်လှန်ရေးတွင် ကျဆုံးခဲ့ကြသော ကယန်းအမျိုးသားရဲဘော်များ အားလုံးအား ဤသဝဏ်လွှာမှတစ်ဆင့် ဦးညွှတ် အလေးပြုအပ်ပါသည်။

၄။ မြန်မာနိုင်ငံသည် လွတ်လပ်ရေးရရှိခဲ့သော်လည်း တိုင်းရင်းသားပြည်သူများ အားလုံး လိုလားသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု မရရှိခဲ့သဖြင့် ပြည်တွင်းစစ်သည် နှစ်ပေါင်း ၇၀ ကျော်ကြာညောင်းခဲ့ပြီး စစ်အာဏာရှင်များ၏ဖိနှိပ်ချုပ်ချယ်မှုအောက်တွင် တိုင်းရင်းသားပြည်သူ တို့၏ အသက်၊ အိုးအိမ်၊ စည်းစိမ် ပေါင်းများစွာ ပျက်စီးဆုံးရှုံးခဲ့ရပါသည်။ မြန်မာနိုင်ငံ၏သမိုင်း တစ်လျှောက်တွင် ယနေ့ဆင်နွှဲနေသည့် နွေဦးတော်လှန်ရေးသည် တိုင်းရင်းသားပြည်သူများ အားလုံး စည်းလုံးညီညွတ်စွာ တိုက်ပွဲဝင်ပြီး အောင်ပွဲများစွာရရှိနေသည့် တော်လှန်ရေးအဖြစ် သမိုင်း သစ်တစ်ခု မော်ကွန်းတွင်ခဲ့ပြီဖြစ်ပါသည်။

၅။ ယနေ့နွေဦးတော်လှန်ရေးသည် အောင်ပွဲများစွာဖြင့် အောင်လံကိုလွှင့်ထူနိုင်သကဲ့သို့ အောင်ပွဲ၏နောက်ကွယ်မှ ပေးဆပ်ရမှုများသည်လည်း လွန်စွာ များပြားလှပါသည်။ ရှေ့မျိုးဆက် များဖောက်ခဲ့ကြသည့် ဒီမိုကရေစီခရီးလမ်းကို မိမိတို့မျိုးဆက်များက ဆက်လက်လျှောက်လှမ်း နေသကဲ့သို့ နောင်အနာဂတ်တွင်လည်း မိမိတို့ဖောက်ခဲ့သည့်လမ်းကို နောက်မျိုးဆက်သစ်များက ဆက်လက်လျှောက်လှမ်းရမည် ဖြစ်ပါသည်။ ထို့ကြောင့် အနာဂတ်မျိုးဆက်များ အေးချမ်းသာယာ ဘေးကင်းလုံခြုံသည့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်တွင် ကောင်းမွန်စွာ နေထိုင်နိုင်ရေးအတွက် စစ်အာဏာရှင်စနစ် အဆုံးသတ်ရေး မိမိတို့အားလုံး တွဲလက်ညီညီဖြင့် ဆက်လက်ပူးပေါင်းဆောင် ရွက်ကြစေလိုကြောင်း တိုက်တွန်းလျက် ဤသဝဏ်လွှာအားထုတ်ပြန်အပ်ပါသည်။

The Committee Representing Pyidaungsu Hluttaw

Scroll to Top