မူလ / မြန်မာသက္ကရာဇ် (၁၃၈၇) ခုနှစ် မြန်မာနှစ်သစ်ကူးနေ့သဝဏ်လွှာ

မြန်မာသက္ကရာဇ် (၁၃၈၇) ခုနှစ် မြန်မာနှစ်သစ်ကူးနေ့သဝဏ်လွှာ

၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၇ ရက်

၁။ ယနေ့ကျရောက်သည့် မြန်မာနှစ်သစ်ကူးမင်္ဂလာ အချိန်အခါကာလတွင် နိုင်ငံတော် တစ်ဝှမ်းရှိ တိုင်းရင်းသားများ၊ ပြည်သူလူထုအားလုံးနှင့်တကွ ပြည်ပနိုင်ငံအသီးသီးသို့ ရောက်ရှိနေ ကြသော တိုင်းရင်းသားညီအစ်ကိုမောင်နှမအားလုံး ဘေးအမျိုးမျိုး၊ ရန်အသွယ်သွယ် ကင်းဝေးလျက် စိတ်အေးချမ်းလုံခြုံစွာဖြင့် လူ့အခွင့်အရေးများ အပြည့်အဝ ရရှိခံစားနိုင်ကြပါစေကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ဆန္ဒပြုမေတ္တာပို့သအပ်ပါသည်။

၂။ မိမိတို့နိုင်ငံတွင် သင်္ကြန်ပွဲတော်သည် ချစ်ခင်မြတ်နိုးဖွယ်ရာ ရိုးရာအစဉ်အလာတစ်ခု၏ ပြယုဂ်ဖြစ်သည်နှင့်အညီ နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းချိန်တွင် ကောင်းမှုကုသိုလ်များ ပြုလုပ်ခြင်း၊ ကုသိုလ်တရားများ ပွားများအားထုတ်ခြင်း၊ အတာရေသဘင်ပွဲတော် ဆင်နွှဲခြင်းများဖြင့် လူမျိုးဘာသာမရွေး ပျော်ရွှင်စွာ ဖြတ်သန်းကြသည့် အခါသမယ ဖြစ်ခဲ့ပါသည်။

၃။ သို့ရာတွင် ယခုအခါ မိမိတို့ မြန်မာနိုင်ငံအနေဖြင့် အကြမ်းဖက်စစ်အုပ်စု၏ ဘေးအန္တရာယ် သာမက သဘာဝဘေးအန္တရာယ်တို့ကိုပါ တွေ့ကြုံရင်ဆိုင်နေကြရသည့် အလွန်ခက်ခဲသော အချိန် ကာလ ဖြစ်ပါသည်။ အကြောင်းတိုက်ဆိုင်မှ ဖြစ်တတ်သော သဘောရှိသည့် သဘာဝဘေးထက် ပိုမိုဆိုးရွားသော မသူတော်စစ်မိစ္ဆာတို့၏ နေ့စဉ်နေ့တိုင်း ပြည်သူများကို သတ်ဖြတ်နှိပ်စက်ဖျက်ဆီး နေသည့်ဘေးကို ခံစားနေကြရချိန် ဖြစ်ပါသည်။ အကြမ်းဖက် စစ်အာဏာရှင်စနစ်ဆိုးကြီး အမြစ်ပြတ် ချုပ်ငြိမ်းမှသာ ပြည်သူလူထု ကြုံတွေ့ရသည့် ဘေးအမျိုးမျိုးအား စနစ်တကျဖြင့် ပိုမိုဖြေရှင်းစီစဉ် ဆောင်ရွက်သွားနိုင်မည် ဖြစ်ပါသည်။

၄။ မြန်မာသက္ကရာဇ် (၁၃၈၇) ခုနှစ်၊ မြန်မာနှစ်သစ်ကူးနေ့မှစ၍ နှစ်တစ်နှစ်၏ ပြက္ခဒိန်နှစ် ပြောင်းရုံမျှသာမက စနစ်တစ်ခု၏ အပြောင်းအလဲ ဖြစ်စေသည့်တိုင်အောင် ပြည်ထောင်စုဖွား နိုင်ငံသူ၊ နိုင်ငံသားတိုင်း လိုလားတောင့်တလျက်ရှိသည့် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တော်သစ်အား တည်ဆောက်သွားနိုင်ရေးအတွက် မိမိတို့အားလုံးအနေဖြင့် စိတ်ဓာတ်ခိုင်မာစွာ တွဲလက်ညီညီ ဆက်လက် ကြိုးစားသွားရန် နှစ်သစ်သန္နိဋ္ဌာန်ပြုလျက် သဝဏ်လွှာပါးအပ်ပါသည်။

The Committee Representing Pyidaungsu Hluttaw

Scroll to Top