မူလ / မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ မြန်မာနှစ်သစ်ကူးနေ့ ဆုတောင်းစကား

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ မြန်မာနှစ်သစ်ကူးနေ့ ဆုတောင်းစကား

၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၇ ရက်

၁။           ယနေ့ကျရောက်သည့် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ မြန်မာနှစ်သစ်ကူးနေ့ အခါသမယ တွင် မြန်မာနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံအသီးသီးတွင် မှီတင်းနေထိုင်နေကြသော တိုင်းရင်းသား ပြည်သူ အပေါင်း ကောင်းကျိုးအဖြာဖြာ ရရှိခံစားနိုင်ကြပြီး စိတ်နှလုံး အေးချမ်းနိုင်ကြပါစေကြောင်း နှစ်သစ်ကူး ဆုတောင်းမေတ္တာစကားပါးအပ်ပါသည်။

၂။            ကူးပြောင်းခြင်းအနက်ကို ဖော်ဆောင်သည့် “သင်္ကြန်”ဟူသော ဝေါဟာရနှင့်အညီ  မြန်မာ သက္ကရာဇ် နှစ်ဟောင်းတစ်ခုကုန်ဆုံးကာ နှစ်သစ်သို့ ကူးပြောင်းသောအချိန်ကာလတွင် သင်္ကြန်ရေဖြင့် နှစ်ဟောင်း၏ အညစ်အကြေးများကို ဆေးကြောသန့်စင်စေရန် အတာရေသဘင်ပွဲတော်ကို ကျင်းပကြကာ နှစ်သစ်ကို အေးချမ်းစွာကြိုဆိုလေ့ရှိသော်လည်း လက်နက်အားကိုး၍ အာဏာ လုယူထားသည့် အကြမ်းဖက်စစ်အုပ်စုလက်အောက်တွင် မိမိတို့၏ မြန်မာနှစ်သစ်သည် အရုပ်ဆိုး အကျည်းတန်လှပါသည်။

၃။           အကြမ်းဖက်စစ်အာဏာရှင်တစ်စုနှင့် ၎င်းတို့၏ လက်အောက်ခံအဖွဲ့များသည် တိုင်းရင်း သား ပြည်သူများ၏ဘဝများအား နည်းလမ်းအမျိုးမျိုးဖြင့် ဖြိုချဖျက်ဆီးကာ အာဏာရှင်ပီပီ ကိုယ်ကျိုး အတ္တများဖြင့် ပြည်သူလူထုအား ဖိနှိပ်အုပ်ချုပ်ရန် ကြိုးစားလျက်ရှိရာ မိမိတို့ ပြည်သူလူထု အားလုံးသည်လည်း  ရပ်တည်ချက်ခိုင်ခိုင်မာမာဖြင့် “လုံးဝအုပ်ချုပ်ခွင့်မရစေရ” ဟူ၍ စည်းလုံးမှု အင်အားခိုင်မာစွာဖြင့် ခုခံတော်လှန်နေကြဆဲ ဖြစ်ပါသည်။

၄။           မိမိတို့ ပြည်သူတစ်ဦးချင်းစီအနေဖြင့် လူမဆန်သောအာဏာရှင်များ၏ အုပ်ချုပ်မှုကို လက်မခံဘဲ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်မှုဖြင့် အမှန်တရားအတွက် တောင်းဆိုခဲ့ရာတွင် လက်နက် အားကိုး၍ ဖိနှိပ်သတ်ဖြတ်ခြင်းများကြုံခဲ့ကြရပြီး ရရာလက်နက်ဆွဲကိုင်၍ အကြမ်းဖက်စစ်အုပ်စုအား လက်နက်ကိုင်လမ်းစဥ်ဖြင့် နိုင်ငံတစ်ဝှမ်းတွင် ခုခံတော်လှန်ခဲ့သည့် ယခုနွေဦးတော်လှန်ရေးသည် (၂) နှစ်ကျော်ကာလသို့ ရောက်ရှိလာခဲ့ပြီဖြစ်ပါသည်။

၅။           ပြည်သူလူထု၏ တူညီသောသဘောထားဆန္ဒဖြင့် ရွေးချယ်တင်မြှောက်ထားသော ပြည်သူ့ကိုယ်စားလှယ်များဖြစ်သည့် မိမိတို့အနေဖြင့် ရရှိထားသည့် အခြေအနေများအပေါ် မူတည်၍  ပြည်တွင်း၌သာမက နိုင်ငံတကာတွင် လွှတ်တော်ကဏ္ဍမှ နည်းလမ်းအမျိုးမျိုးဖြင့် ကြိုးပမ်းပါဝင်လျက်ရှိပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ တော်လှန်ရေးအင်အားစုများဖြင့် ပူးပေါင်းကာ စစ်အာဏာရှင်များ၏ လူမဆန်သော အကြမ်းဖက်မှုများ အမြန်ဆုံး အဆုံးသတ်     နိုင်ရေးနှင့် မြန်မာပြည်သူများအတွက် အေးချမ်းသာယာသော အနာဂတ်ကို ဖန်တီးပုံဖော်ပေးနိုင်ရေး ဆက်လက်ကြိုးပမ်းသွားမည် ဖြစ်ပါသည်။

၆။           ပြည်သူလူထုက ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် မိမိတို့ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ပြည်သူလူထုအပေါ် သစ္စာစောင့်သိရိုသေကာ ပြည်သူ အားလုံးက မျှော်လင့်ကြိုးပမ်းနေကြသည့် ငြိမ်းချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်သော ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်နိုင်ရေးတွင် ဆက်လက်ကြိုးပမ်းသွားမည် ဖြစ်ပါကြောင်း ထပ်လောင်းကတိပြုလျက် ပြည်သူအားလုံးအတွက် အဓိပ္ပာယ်ပြည့်ဝသော နှစ်သစ်ကူး ဖြစ်ပါစေ ကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။    

The Committee Representing Pyidaungsu Hluttaw

Scroll to Top