မူလ / Zomi Federal Union (ZFU) က ဦးစီးကျင်းပသည့် ZFU Information Session သို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီမှ အဖွဲ့ဝင်များ တက်ရောက်

Zomi Federal Union (ZFU) က ဦးစီးကျင်းပသည့် ZFU Information Session သို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီမှ အဖွဲ့ဝင်များ တက်ရောက်

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီမှ အဖွဲ့ဝင်များအနေဖြင့်  Zomi Federal Union (ZFU) က ဦးစီးကျင်းပသည့် Information Session သို့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့၊ နံနက် (၈:၀၀) နာရီအချိန်တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် တက်ရောက်ခဲ့သည်။

တွေ့ဆုံဆွေးနွေးပွဲတွင် Member of Supreme Council, ZFU မှ U Pau Khat Suan က ချင်းဘာသာစကားဖြင့် အဖွင့်ဆုတောင်းစကားပြောကြားပေးခဲ့ပြီး ချင်းပြည်နယ်၊ တီးတိန်အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဟန်ခန့်လျန်းက အဖွင့်အမှာစကားပြောကြားရာတွင် ယခု မိမိတို့တိုက်ယူနေခြင်းသည် သာမန်ငြိမ်းချမ်းရေးအတွက်မဟုတ်ဘဲ ငြိမ်းချမ်းရေးကို ပျက်ပြားစေရန် လုပ်ဆောင်နေသည့် စစ်မိစ္ဆာ၊ မကောင်းဆိုးဝါးဟူသမျှကို  မြန်မာပြည်ကြီး၏ မျက်နှာပြင်ကနေ မောင်းထုတ်ပြီး မြန်မာပြည်ကြီးအတွက် ခေတ်သစ်ငြိမ်းချမ်းရေး၊ အစစ်အမှန်ငြိမ်းချမ်းရေးရရှိရန်အတွက် ဖြစ်ပါကြောင်းနှင့် တောင်ပေါ်မြေပြန့် သွေးမကွဲဘဲ၊ မည်သူ့ကိုမျှ နောက်ချန်ထားခဲ့ခြင်းမရှိဘဲ အားလုံးအတူတကွ ချီတက်ပြီး ခေတ်သစ်ငြိမ်းချမ်းရေးကို တည်ဆောက်ကြပါမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အဖွဲ့ဝင် ဒေါ်မြတ်သီတာထွန်း က အဖွင့်အမှာစကားပြောကြားရာတွင် အကြမ်းဖက်စစ်အာဏာ ရှင်အုပ်စုကို ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် တော်လှန်တိုက်ပွဲဝင်နေကြသည့် အလွှာအသီးသီးမှ ပြည်သူများ၊ နိုင်ငံတစ်ဝှမ်းမှ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ၊ ဘဝနှင့် အသက်ကို စွန့်လွှတ်သွားခဲ့ကြသည့် အာဇာနည်များအားလုံးကို လေးစားဦးညွှတ်ပါကြောင်း၊ ပြည်သူ့ဆန္ဒ အစစ်အမှန်ဖြစ်သည့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်အရ ပြည်သူ၏ကိုယ်စားပြုခွင့်တာဝန်ကို အပ်နှင်းခြင်းခံထားရသည့် မိမိတို့လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် နိုင်ငံနှင့်ပြည်သူ အတွက် ကတိပြု၊ သစ္စာဆိုထားပြီး တော်လှန်ရေးတာဝန်များကို ထမ်းဆောင်နေကြသကဲ့သို့ လွှတ်တော်နည်းလမ်းအားဖြင့်လည်း နိုင်ငံတကာကို ချဥ်းကပ်ပူးပေါင်းဆောင်ရွက်လျက်ရှိပါ ကြောင်း၊ လုံးဝတရားဝင်မှုမရှိသည့်အပြင် ပြည်တွင်းနှင့်နိုင်ငံတကာဥပဒေများကို ချိုးဖောက် ကျူး လွန်နေသည့် စစ်အုပ်စုသည် အကြမ်းဖက် ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ ပြည်သူလူထု၏ နေအိမ်များကို မီးရှို့ခြင်းများ ပြုလုပ်လျက်ရှိပြီး တစ်ဖက်တွင် ကျင်းပရန် ကြိုးပမ်းနေသည့် အတုအယောင် ရွေးကောက်ပွဲဆိုသည်မှာလည်း စစ်အုပ်စုအတွက် နိုင်ငံရေးထွက်ပေါက် ဖြစ်လာမည်မဟုတ်ဘဲ နိုင်ငံအတွင်း ပဋိပက္ခများသာ ဖြစ်ပွားစေပြီး ပိုမိုဆိုးရွားသည့် အခြေအနေဖြစ်စေပါကြောင်း၊ စစ်ကောင်စီနှင့်ပူးပေါင်းရန် ကြံရွယ်နေကြသည့် နိုင်ငံရေးပါတီများအနေဖြင့် ပြည်သူကို မျက်နှာမူရန်နှင့် စစ်အာဏာရှင်၏ ယန္တရားတွင် အကြောင်းအမျိုးမျိုးကြောင့် ပါဝင်နေကြသည့် Non-CDM များအနေဖြင့်လည်း ပြည်သူအားလုံး၏ အနာဂတ်များကို အမှောင်ထုထဲသို့ ဆွဲသွင်းနေသည့် စစ်အာဏာရှင်စနစ်ကို အပြီးတိုင် ဖယ်ရှားနိုင်ရန်အတွက် ပြည်သူလူထုနှင့်အတူ အမြန်ဆုံးလာရောက် ပူးပေါင်းကြရန် တိုက်တွန်းလိုကြောင်း ပြောကြားခဲ့သည်။

တွေ့ဆုံဆွေးနွေးပွဲ၏ အမေးအဖြေကဏ္ဍ၌ တက်ရောက်လာကြသူများက ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီနှင့် နိုင်ငံတကာလွှတ်တော်များအကြား ပူးပေါင်းဆောင်ရွက်နေမှုများ၊ နိုင်ငံတကာဆက်ဆံရေးအခြေအနေ၊ လုံခြုံရေးနှင့်ကာကွယ်ရေးဆိုင်ရာသုံးသပ်ချက်များ၊ နိုင်ငံတကာမှ အကူအညီ ရရှိနိုင်မှုအခြေအနေများ၊ တော်လှန်ရေး အမြန်ဆုံး အောင်မြင်ရေးအတွက် ၂၀၂၃ ခုနှစ်တွင် ရှေ့ဆက်ဆောင်ရွက်သွားမည့်အစီအစဥ်များ၊ စစ်ကောင်စီနှင့် ပူးပေါင်းနေကြသည့် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအား ကန့်ကွက်ရှုံ့ချမှုများ၊ Burma Act နှင့်ပတ်သက်၍‌ စီစဥ်ဆောင်ရွက်ထားရှိသည့်အခြေအနေများ၊ စစ်အုပ်စုမှ ပြုလုပ်မည့် အတုအယောင် ရွေးကောက်ပွဲနှင့် ပတ်သက်၍ သုံးသပ်ချက်များနှင့် ဆောင်ရွက်ချက်အစီအစဥ်များ၊ တော်လှန်ရေးအလွန်ကာလတွင် ဖော်ဆောင်သွားမည့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတွင် တိုင်းရင်းသားတန်းတူအခွင့်အရေးရရှိရေး အခြေအနေများ၊ ပညာရေးကဏ္ဍနှင့်သက်ဆိုင်သည့်အစီအစဥ်များအား  မေးမြန်းကြကာ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ပြည့်စုံစွာ ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ Zomi Federal Union (ZFU) မှ တာဝန်ရှိသူများ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီမှ အဖွဲ့ဝင်များ ဖြစ်ကြသော ဒေါ်မြတ်သီတာထွန်း၊ ဦးရောဘတ်ညေးရယ်၊ ဦးဝင်းနိုင်၊ ဦးဇေလတ်၊ ဦးနေမျိုး၊ ဦးဇော်မင်းသိန်း၊ ဦးစည်သူမောင်နှင့် အခြားဖိတ်ကြားထားသော အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

The Committee Representing Pyidaungsu Hluttaw

class=wp-image-2935/
class=wp-image-2936/
class=wp-image-2937/
class=wp-image-2938/
Scroll to Top