မူလ / ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ဝန်ကြီးဌာန၏ လုပ်ငန်းများဆောင်ရွက်ထားရှိမှုနှင့်ရှေ့လုပ်ငန်းစဥ်များအား ရှင်းလင်းတင်ပြ

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ဝန်ကြီးဌာန၏ လုပ်ငန်းများဆောင်ရွက်ထားရှိမှုနှင့်ရှေ့လုပ်ငန်းစဥ်များအား ရှင်းလင်းတင်ပြ

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအဖွဲ့ဝင်များသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ဝန်ကြီးဌာန၏ လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ရှေ့လုပ်ငန်းစဥ်များ ရှင်းလင်းတင်ပြခြင်း အစီအစဥ်တစ်ရပ်အား ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့၊ ၁၉၀၀ နာရီတွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ပြုလုပ်ခဲ့သည်။

ပထမဦးစွာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က အဖွင့်အမှာစကား ပြောကြားပြီးနောက် ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးကွမ်မင်းက One Year Plan အတွက် ဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ ကဏ္ဍအလိုက် အကောင်အထည်ဖော်နိုင်မှုများ၊ လုပ်ငန်းအစီအမံများ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီနှင့် လုပ်ငန်းဆောင်ရွက်ချက်များ၊ မှတ်တမ်းတင်ထားရှိရမည့် သတင်းအချက်အလက်များ စုစည်းထားရှိမှု အခြေအနေအပါအဝင် ဗျူဟာမြောက်ရှေ့လုပ်ငန်းစဥ်များအား ရှင်းလင်းတင်ပြခဲ့သည်။

၎င်းနောက် တက်ရောက်လာကြသည့်အဖွဲ့ဝင်များက ပြည်သူ့အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဥ်း၍ အသီးသီးဆွေးနွေးမေးမြန်းရာ တာဝန်ရှိသူများက  ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြသည်။

ထို့နောက် ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ဆက်လက်ကျင်းပ၍ ရေးရာကော်မတီများ အနေဖြင့် လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုတို့အား တင်ပြအစီရင်ခံခြင်းနှင့် ရှေ့ဆက် အကောင်အထည်ဖော်ဆောင်မည့်လုပ်ငန်းများအား ညှိနှိုင်းဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြပြီး အစည်းအဝေးအား ၂၁၅၅ နာရီတွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။

အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရေးရာကော်မတီများမှ ဥက္ကဋ္ဌများနှင့်အတွင်းရေးမှူးများ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ တွဲဖက်အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် ရုံးအဖွဲ့များ တက်ရောက်ခဲ့ကြသည်။

The Committee Representing Pyidaungsu Hluttaw

Scroll to Top