ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည် “လက်ရှိဆောင်ရွက်လျက်ရှိသည့် လုပ်ငန်း များနှင့် ဆက်လက်အကောင်အထည်ဖော်ဆောင်မည့်လုပ်ငန်းစဥ်များ” အား ရှင်းလင်းတင်ပြခြင်း အစီအစဥ်၏ ပထမနေ့အဖြစ် မွန်ပြည်နယ်၊ ကယားပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့မှ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များအား ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့၊ နံနက် (၀၉:၃၀) နာရီတွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ဖိတ်ခေါ်တွေ့ဆုံ၍ ရှင်းလင်းတင်ပြခဲ့သည်။
တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဥက္ကဋ္ဌ၊ ဦးအောင်ကြည်ညွန့်က အဖွင့်အမှာစကားပြောကြား၍ အဖွဲ့ဝင် ဒေါ်မြတ်သီတာထွန်းက လက်ရှိဆောင်ရွက် လျက်ရှိသည့်လုပ်ငန်းများနှင့် ဆက်လက်အကောင်အထည်ဖော်ဆောင်မည့်လုပ်ငန်းစဥ်များအား လည်းကောင်း၊ အဖွဲ့ဝင် ဦးစည်သူမောင်က ရေးရာကော်မတီများ၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဥ်း၍လည်းကောင်း ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် တက်ရောက်လာကြသူများက CRPH ၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် အစီအစဥ်များ ပိုမိုခိုင်မာအားကောင်းလာစေရန် အကြုံပြုဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အဖွဲ့ဝင်များက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။ နိဂုံးချုပ်အနေဖြင့် ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က CRPH ၏ လုပ်ငန်းများ ပိုမိုအားကောင်းလာစေရန်နှင့် တော်လှန်ရေးအပေါ် အကျိုးထိရောက်စွာ ဆောင်ရွက်သွားမည့် လုပ်ငန်းများအပေါ် အကြုံပြုချက်များ၊ အကြံဉာဏ်များပေးပို့ရန် မေတ္တာ ရပ်ခံကြောင်း ပြောကြားကာ တွေ့ဆုံဆွေးနွေးပွဲအား နံနက်(၁၁:၀၀)နာရီခန့်တွင် ရုပ်သိမ်းခဲ့ပါသည်။
ယခုအစီအစဥ်သည် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များက CRPH ၏ လုပ်ငန်း ဆောင်ရွက်နေမှုများအပေါ် ပိုမိုသိရှိစေရန်နှင့် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးဖလှယ်၍ လိုအပ်သည့် အကြံပြုချက်များ ပေးအပ်နိုင်ရန် ရည်ရွယ်၍ ပြုလုပ်ခြင်း ဖြစ်ပါသည်။
တွေ့ဆုံပွဲဆွေးနွေးပွဲသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နှင့် အဖွဲ့ဝင်များ၊ မွန်ပြည်နယ်၊ ကယားပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးမှ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
The Committee Representing Pyidaungsu Hluttaw



