မူလ / ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် မြန်မာ၏ မိတ်ဆွေ ဩစ‌တြေးလျ လွှတ်တော်အမတ်များ တွေ့ဆုံဆွေးနွေး

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် မြန်မာ၏ မိတ်ဆွေ ဩစ‌တြေးလျ လွှတ်တော်အမတ်များ တွေ့ဆုံဆွေးနွေး

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်နေ့ (ကြာသပတေးနေ့) တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် မြန်မာ၏ မိတ်ဆွေ ဩစ‌‌တြေးလျ လွှတ်တော်အမတ်များသည် ဗီဒီယိုကွန့်ဖရင့်မှတစ်ဆင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ထိုနေ့တွင် ဩစတြေးလျလွှတ်‌တော်သည် အောက်လွှတ်တော်၌ စစ်ကောင်စီ၏ မတရားဖမ်းဆီးထိန်းသိမ်းခံထားရာမှ ပြန်လည်လွတ်မြောက်လာသည့် မစ္စတာ ရှောင်တာနယ်နှင့် ဇနီးဖြစ်သူအား ကြိုဆိုခဲ့ကြသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် အနာဂတ်တွင် ပိုမိုကောင်းမွန်သည့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လုပ်ဆောင်နိုင်ရေး၊ အာဏာသိမ်းစစ်တပ်၏ အကြမ်းဖက်မှုများနှင့် ဆိုးရွားသော လုပ်ရပ်များကို တားဆီးကာကွယ်နိုင်ရေးအတွက် ဒီမိုကရေစီအရေးဆောင်ရွက်နေကြသူများကို အကူအညီပေးရေး၊ ဒီမိုကရေစီပြန်လည်ရရှိပြီး ငြိမ်းချမ်းသာယာစွာ ပြည်သူများ နေထိုင်နိုင်ရေး၊ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များနှင့် အခြားသော နိုင်ငံရေးဦးဆောင်သူများက အနာဂတ် ဖက်ဒရယ်နိုင်ငံတည်ဆောက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်နေမှုများကို ဆွေးနွေးခဲ့ကြသည်။

စစ်ကောင်စီအပေါ် စီးပွားရေးဒဏ်ခတ်မှု၊ လက်ရှိ ပဋိပက္ခအား ဖြေရှင်းပေးနိုင်မည် မဟုတ်သော စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲအပေါ် သဘောထားအမြင်များနှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် အမျိုးသားညီညွတ်ရေးအစိုးရတို့အား ဩစ‌တြေးလျ လွှတ်တော်နှင့် အစိုးရတို့က တရားဝင်အသိအမှတ်ပြုပေးရေးအပေါ် အပြန်အလှန် ဆွေးနွေးဖလှယ်ခဲ့ကြသည်။ ဩစတြေးလျလွှတ်တော်အမတ်များကလည်း CRPH အား ခိုင်ခိုင်မာမာ ထောက်ခံအားပေးပါကြောင်းနှင့် ရှေ့ဆက်၍ အကူအညီပေးရန် ကတိပြုပြောကြားခဲ့သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ MP Peter Khalil နှင့် MP Zoe Daniels ဦးဆောင်သော ဩစတြေးလျလွှတ်တော်အမတ်များ၊ CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်မြတ်သီတာထွန်း၊ ပြည်သူ့ရေးရာကော်မတီ ဥက္ကဋ္ဌ ဒေါက်တာခင်စိုစိုးကြည်၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌ ဦးဝင်းနိုင်၊ ဩစတြေးလျနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် ဒေါက်တာ ထွန်းအောင်ရွှေနှင့် နိုင်ငံတကာဆက်ဆံရေးကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။

Australian Parliamentary Friends of Myanmar မှ ဩစတြေးလျလွှတ်တော်အမတ်များသည် အာဏာသိမ်းမှုနောက်ပိုင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသို့ အဓိက ပံ့ပိုးကူညီပေးလျက်ရှိပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် Australian Parliamentary Friends of Myanmar အား ထောက်ပံ့ကူညီမှုနှင့် ချစ်ကြည်ရင်းနှီးမှုအတွက် ကျေးဇူးတင်အသိအမှတ်ပြုကြောင်း ဖော်ပြအပ်ပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

class=wp-image-2756/

Scroll to Top