မူလ / ပြည်သူ့အချုပ်အခြာအာဏာ (Sovereignty of the People – SoP) နှင့်စပ်လျဥ်းသည့် အချက်များအား ဆွေးနွေးတင်ပြခြင်းအတွက် တွေ့ဆုံပွဲတစ်ရပ်ကျင်းပပြုလုပ်

ပြည်သူ့အချုပ်အခြာအာဏာ (Sovereignty of the People – SoP) နှင့်စပ်လျဥ်းသည့် အချက်များအား ဆွေးနွေးတင်ပြခြင်းအတွက် တွေ့ဆုံပွဲတစ်ရပ်ကျင်းပပြုလုပ်

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ဖက်ဒရယ်ရေးရာကော်မတီသည် ဩစတြေးလျနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့မှ နိုင်ငံတကာကျွမ်းကျင်ပညာရှင်များအား ဖိတ်ကြား၍ ပြည်သူ့အချုပ်အခြာအာဏာ(Sovereignty of the People-SoP)နှင့် စပ်လျဥ်းသည့် အချက် များအား ဆွေးနွေးနိုင်ရန်အတွက် တွေ့ဆုံပွဲတစ်ရပ်အား ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက် (တနင်္ဂနွေနေ့)  (၁၈၀၀)နာရီအချိန်တွင် ဗီဒီယိုကွန့်ဖရင့်မှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် ဖက်ဒရယ်ရေးရာကော်မတီ ဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြား၍ နိုင်ငံတကာကျွမ်းကျင်ပညာရှင်များက ဆက်လက်ဆွေးနွေး တင်ပြရာတွင်  ပြည်သူတို့၏ အချုပ်အခြာအာဏာသည် ပြည်သူများ၏လက်ထဲတွင်သာရှိရန်မှာ အရေးကြီးဆုံးဖြစ်ကြောင်း၊ အချုပ်အခြာအာဏာ၏ပိုင်ရှင်ဖြစ်သည့် ပြည်သူများ၏လက်ထဲတွင် အချုပ်အခြာအာဏာသည် ရှိမနေသည့်အတွက် ပြည်သူများအနေဖြင့် နိုင်ငံရေး အနာဂတ်ကို ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့် ရှိရန်လိုအပ်ကြောင်း၊ ထို့ကြောင့် ပြည်သူများ၏ အချုပ်အခြာအာဏာအား တရားမဝင် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ကို အသုံးချ၍ တရားမဝင်အာဏာသိမ်းစစ်ကောင်စီက လိမ်လည် လုယူခဲ့ခြင်းဖြစ်ကြောင်းကို ဒီမိုကရေစီဆိုင်ရာအခြေခံမူများဖြင့် နိုင်ငံတကာအသိုက်အဝန်းသို့ ညွှန်ပြပေးရန်လိုအပ်ကြောင်း ဆွေးနွေးခဲ့ကြသည်။

ပြည်သူ့အချုပ်အခြာအာဏာ (Sovereignty of the People – SoP ) သည် ပြည်သူနှင့် နိုင်ငံတော်အကြား လူမှုရေးဆိုင်ရာ သဘောတူညီချက်တစ်ခုအပေါ် အခြေခံထားကာ အချုပ်အခြာအာဏာသည် ပြည်သူနှင့်အတူရှိကြောင်း အသိအမှတ်ပြု၍ ပြည်သူများ၏ အခွင့်အရေးကို အပြည့်အဝပေးထားခြင်းဖြစ်ကြောင်း အခြေခံအချက် (၈)ချက်ဖြင့် ပညာရှင် များက ရည်ညွှန်းဆွေးနွေးကာ တက်ရောက်လာသူများနှင့် အပြန်အလှန် မေးမြန်း ဖြေကြား ခြင်းများ ဆောင်ရွက်၍  ဆွေးနွေးပွဲအား (၂၀၀၀)နာရီတွင် ရုပ်သိမ်းခဲ့သည်။

ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံတွင် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ ပေါ်ထွန်းလာစေရေး အတွက် နည်းလမ်းပေါင်းစုံဖြင့် ပံ့ပိုးကူညီလျက်ရှိသည့် နိုင်ငံတကာ ကျွမ်းကျင်ပညာရှင်များ၊ ဖက်ဒရယ်ရေးရာကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရေးရာကော်မတီအဖွဲ့ဝင်များ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့ကြသည်။


The Committee Representing Pyidaungsu Hluttaw

class=wp-image-2986/
class=wp-image-2987/
Scroll to Top