ပညာရေးကော်မတီအဖွဲ့ဝင်များသည် ပညာရေးကဏ္ဍနှင့်စပ်လျဥ်း၍ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြုကော်မတီအဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးရှိ ပညာရေးဘုတ် အဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးခြင်းအား ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့၊ မွန်းလွဲ (၁၃:၀၀) နာရီအချိန်တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပ ပြုလုပ်ခဲ့သည်။
တွေ့ဆုံဆွေးနွေးပွဲတွင် ပညာရေးကော်မတီဥက္ကဋ္ဌ ဦးရောဘတ်ညေးရယ်က အဖွင့်အမှာစကား ပြောကြားကာ အတွင်းရေးမှူးက တွေ့ဆုံရခြင်း ရည်ရွယ်ချက်နှင့် ပညာရေးကော်မတီ၏ ဖွဲ့စည်းပုံ၊ ရည်ရွယ်ချက်နှင့်လုပ်ငန်းစဥ်များအား ရှင်းလင်း ပြောကြားခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီးဘုတ်အဖွဲ့အသီးသီးက CDM မူဝါဒနှင့်စပ်လျဥ်း၍ ထောက်ခံကြိုဆိုပြီး ခိုင်မာအားကောင်းသည့် ဥပဒေပြုရေးကဏ္ဍ အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် တိုက်တွန်းလိုကြောင်းနှင့် ပညာရေးမူဝါဒ ဆိုင်ရာကိစ္စရပ်များ၊ မြေပြင်ရှိ ပြည်သူ့ကျောင်းများတွင် ပညာရေးအကောင်အထည်ဖော်ဆောင်ရွက်နေသည့်ကိစ္စရပ်များ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တော်လှန်ရေး အင်အားစုများနှင့် ချိတ်ဆက်ဆောင်ရွက်နေမှုကိစ္စရပ်များအား အချက်အလက်များဖြင့် ရှင်းလင်း တင်ပြခဲ့သည်။ ထို့အပြင် အရှိန်အဟုန်ဖြင့် တိုက်ပွဲဝင်နေကြသော CDM ဆရာ၊ ဆရာမများ၏အခန်းကဏ္ဍနှင့် ပညာရေး၏အခန်းကဏ္ဍတို့ ချိတ်ဆက်ဆောင်ရွက်မှုများအား ပိုမိုထိရောက်အားကောင်းလာနိုင်စေရန် ပညာရေးကော်မတီအဖွဲ့ဝင် လွှတ်တော်ကိုယ်စားလှယ်များမှတစ်ဆင့် ပူးပေါင်းဆောင်ရွက်ပေးစေလိုပါကြောင်း တိုက်တွန်းတင်ပြခဲ့သည်။
၎င်းနောက် ပညာရေးကော်မတီအဖွဲ့ဝင် လွှတ်တော်ကိုယ်စားလှယ်များက လိုအပ်သည့် ချိတ်ဆက်မှုများ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း၊ လိုအပ်သည့်အကူအညီများ၊ ပြည်တွင်း၊ ပြည်ပပညာရှင်များနှင့် ဆွေးနွေး၍ သင်တန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဆွေးနွေးခဲ့ကြကာ ပညာရေးကဏ္ဍအတွက် အထောက်အပံ့ပေးနိုင်မည့် အကြောင်းအရာများအား တက်ရောက်လာကြသော ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်ပညာရေးဘုတ်အဖွဲ့များမှ ဆက်လက် ဆွေးနွေးမေးမြန်း၍ တွေ့ဆုံပွဲအား (၁၆:၂၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့သည်။
ယခုတွေ့ဆုံပွဲသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြေပြင်ပညာရေးကဏ္ဍအား ဖော်ဆောင်နေကြသည့် ပညာရေးဘုတ်အဖွဲ့များ၏ ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲများနှင့် ရင်ဖွင့်သံများအား နားထောင်၍ ချိတ်ဆက်ဆောင်ရွက်ပေးနိုင်မည့် ကိစ္စရပ်များအတွက် လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ပြုလုပ်ခြင်း ဖြစ်သည်။
တွေ့ဆုံပွဲသို့ ပညာရေးကော်မတီဥက္ကဋ္ဌ ဦးရောဘတ်ညေးရယ်နှင့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီအဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပညာရေးဘုတ်အဖွဲ့ဝင်များနှင့် ရုံးအဖွဲ့များ တက်ရောက်ခဲ့ကြသည်။
The Committee Representing Pyidaungsu Hluttaw


