မူလ / မြေပြင်တွင် ဆောင်ရွက်နေသည့် ပညာရေးဆိုင်ရာအခြေအနေများနှင့်စပ်လျဉ်း၍ ပိုမိုချိတ်ဆက်လုပ်ဆောင်သွားနိုင်ရေး တွေ့ဆုံဆွေးနွေး

မြေပြင်တွင် ဆောင်ရွက်နေသည့် ပညာရေးဆိုင်ရာအခြေအနေများနှင့်စပ်လျဉ်း၍ ပိုမိုချိတ်ဆက်လုပ်ဆောင်သွားနိုင်ရေး တွေ့ဆုံဆွေးနွေး

ပညာရေးကော်မတီနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနတို့သည် မြေပြင်တွင် ဆောင်ရွက်နေသည့် ပညာရေးဆိုင်ရာအခြေအနေများနှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခြင်းအစီအစဥ်အား ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့၊ ၁၅:၀၀ နာရီအချိန်တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့သည်။

တွေ့ဆုံဆွေးနွေးပွဲတွင် ပညာရေးကော်မတီဥက္ကဋ္ဌ ဦးရောဘတ်ညေးရယ်က တွေ့ဆုံဆွေးနွေးခွင့်ရသည့်အတွက် ဝမ်းမြောက်ကြောင်းနှင့် မြေပြင်တွင် ပညာရေးဆောင်ရွက်နေကြသည့် ဆရာ၊ ဆရာမများ ရင်ဆိုင်ကြုံတွေ့နေရသည့် အခြေအနေများကို ရဲဘော်ရဲဘက်အချင်းချင်း ဝေမျှဆွေးနွေးလိုခြင်းဖြစ်ကြောင်း  နှုတ်ခွန်းဆက်စကားပြောကြားပြီးနောက် ပညာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ယခုကာလသည် ညီညီညွတ်ညွတ်စည်းစည်းလုံးလုံးဖြင့် ပေါင်းစပ်ဆောင်ရွက်ရမည့် အရေးကြီးသည့်ကာလဖြစ်ကာ သိရှိလိုသည်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးနိုင်ကြောင်း  ပြောကြားခဲ့သည်။

ဆက်လက်၍ ပညာရေးကော်မတီဝင်များက Grade 12 သင်ရိုးညွှန်းတမ်း ဆောင်ရွက်ထားရှိမှုအခြေအနေ၊ မြေပြင်ကျောင်းများ အသိအမှတ်ပြုမှုအခြေအနေ၊ Migrant School များအား ကူညီဆောင်ရွက်ပေးမှုအခြေအနေနှင့် မြေပြင်လိုအပ်ချက်အခြေအနေများနှင့်စပ်လျဉ်း၍ သိရှိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့ရာ ပညာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဂျာထွယ်ပန် အပါအဝင် တာဝန်ရှိသူများအနေဖြင့် ပြန်လည်တင်ပြဆွေးနွေးခဲ့ပြီးနောက် ဆွေးနွေးပွဲအား ၁၇:၂၀ နာရီအချိန်တွင် ရုပ်သိမ်းခဲ့သည်။

ယခုဆွေးနွေးပွဲသည် ပညာရေးကဏ္ဍ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများအား တော်လှန်ရေးဘက်တော်သားအချင်းချင်း အပြန်အလှန်ဆွေးနွေးတင်ပြပြီး ပြည်သူများအတွက် ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ရမည့်ကိစ္စရပ်များအား ပိုမိုနားလည်သိရှိစေရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်သည်။

ဆွေးနွေးပွဲသို့ ပညာရေးကော်မတီဥက္ကဋ္ဌ ဦးရောဘတ်ညေးရယ်နှင့် အဖွဲ့ဝင်များ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

The Committee Representing Pyidaungsu Hluttaw

Scroll to Top