၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်
ယနေ့ကျရောက်သော နိုင်ငံတကာ ဒီမိုကရေစီနေ့ အခမ်းအနားကို “အဆင့်တိုင်းတွင် AI ကို ထိရောက်စွာအသုံးချနိုင်ရေး ဝိုင်းဝန်းကြိုးပမ်းပေး” ဆောင်ပုဒ်ဖြင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ကြီးမှူးကျင်းပခဲ့ရာ အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နှင့်တကွ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နိုင်ငံရေးပါတီများ၊ ပြည်တွင်းပြည်ပမိတ်ဘက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ နိုင်ငံတကာသံတမန်များနှင့် ဝန်ကြီးဌာနအသီးသီးမှ CDMers များ ပါဝင်တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် နိုင်ငံတော် ယာယီသမ္မတ၊ ပြည်ထောင်စုဝန်ကြီးချုပ်နှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌတို့က ဒီမိုကရေစီနေ့ အထိမ်းအမှတ် မိန့်ခွန်း ပြောကြားခဲ့ကြသည်။
ထို့နောက် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) မှ ဦးနန္ဒာစစ်အောင်၊ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ (APHR) မှ ပူးတွဲ ဥက္ကဋ္ဌ Hon. Charles Santiago၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ ဒေါက်တာခင်ဆောင်၊ ကယန်းပြည်သစ်ပါတီမှ ဦးစိုးနိုင်သန်း၊ မွန်ပြည်သစ်ပါတီ (New Mon State Party – Anti Military Dictatorship) မှ နိုင်သူရဌေးနှင့် အကြမ်းမဖက်အာဏာဖီဆန်မှုလှုပ်ရှားမှုတွင် ပါဝင်နေပြီး မြန်မာ့နွေဦးတက္ကသိုလ်တွင် နိုင်ငံတကာဆက်ဆံရေးဘာသာရပ်ကို တက်ရောက်သင်ယူနေသည့် CDM ကျောင်းသူ မယွန်းခင်တို့က ဒီမိုကရေစီနေ့ အထိမ်းအမှတ် သဝဏ်လွှာများ အသီးသီးဖတ်ကြားခဲ့ကြသည်။
အခမ်းအနား၌ တီမောလက်တေ့နိုင်ငံသမ္မတ H.E J. Ramos-Horta က ပေးပို့သော ဗီဒီယိုမက်ဆေ့၊ နွေဦးတော်လှန်ရေးတွင် ပါဝင်နေကြသူများ၏ ဒီမိုကရေစီအရေး ကြိုးပမ်းမှုနှင့်စပ်လျဉ်းသည့် စကားသံများနှင့် မြန်မာပြည်သူများ၏ ခေတ်အဆက်ဆက် မြန်မာ့ဒီမိုကရေစီအရေး ကြိုးပမ်းမှု မှတ်တမ်းဗီဒီယိုများကိုလည်း ပြသခဲ့သည်။
ထို့အပြင် ၂၀၂၄ ခုနှစ်၊ နိုင်ငံတကာဒီမိုကရေစီနေ့ အထိမ်းအမှတ်အဖြစ် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ထုတ်ပြန်ချက်အား ထုတ်ပြန်ကြေညာခဲ့သည်။
မွန်းတည့် ၁၂:၀၀ နာရီခန့်တွင် အခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့သည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ၂၀၂၄ ခုနှစ်၊ နိုင်ငံတကာဒီမိုကရေစီနေ့ ထုတ်ပြန်ချက်အား CRPH Website : https://crphmyanmar.org/publications/statement-on-international-day-of-democracy-2024/ တွင် ရယူဖတ်ရှုနိုင်ပါသည်။
The Committee Representing Pyidaungsu Hluttaw
















