၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၈ ရက်
ဒီကနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြီးမှူးကျင်းပတဲ့ (၃၆) နှစ်မြောက်၊ ရှစ်လေးလုံးအရေးတော်ပုံနေ့ အထိမ်းအမှတ်အခမ်းအနားကို တက်ရောက်လာကြတဲ့ လေးစား ရတဲ့ နိုင်ငံတော်ယာယီသမ္မတကြီး ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် အစိုးရအဖွဲ့ဝင်များ၊ တိုင်းရင်းသားအဖွဲ့အစည်းအသီးသီးနှင့် နိုင်ငံရေးပါတီများမှ ခေါင်းဆောင် ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်များ နှင့်တကွ ဂုဏ်သရေရှိ နိုင်ငံတကာသံတမန်များ၊ ဧည့်သည်တော်ကြီးများ၊ တိုက်ရိုက်ထုတ်လွှင့် မှုကို ကြည့်ရှုနေကြတဲ့ နိုင်ငံသူ/နိုင်ငံသားများအားလုံး တစ်ဦးတစ်ယောက်စီတိုင်းကို လေးစား ပါကြောင်းနှင့် မပြီးပြတ်သေးသည့် ပြည်သူ့တော်လှန်ရေးခရီးလမ်းကို ကိုယ်ရောစိတ်ပါ ခန့်ကျန်း စွာဖြင့် လျှောက်လှမ်းနိုင်ကြပါစေကြောင်း ဦးစွာဆုတောင်းမေတ္တာပို့သရင်း နှုတ်ခွန်းဆက်သ အပ်ပါတယ်။ ဒီကနေ့အခမ်းအနားမှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကိုယ်စား အမှာစကားပြောကြားခွင့်ရတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
ပထမဆုံးအနေနဲ့ ဒီကနေ့အချိန်ကာလတွေမှာ အံ့မခန်းအောင်မြင်မှုတွေရရှိနေတဲ့ ညီနောင်တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ (၃) နှစ်တာကာလအတွင်းလေးမှာ ပြတ်သားတဲ့ ခေါင်းဆောင်မှု၊ ဟန်ချက်ညီညီ လုပ်ကိုင်ဆောင်ရွက်မှု၊ စစ်ရေး၊ နိုင်ငံရေး ပါးနပ်မှုတွေနဲ့အတူ ပြည်သူတွေမျှော်လင့်နေတဲ့ အောင်မြင်မှုတွေကို ရယူနေကြတဲ့ ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့ဝင် တွေကို လေးစားစွာ ချီးကျူးဂုဏ်ပြုပါကြောင်းနဲ့ ဆက်လက်ပြီး အောင်ပွဲတွေ ရရှိပိုင်ဆိုင်နိုင်ပါ စေကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနဲ့ ရွေးကောက်ခံလွှတ်တော် ကိုယ်စားလှယ်များရဲ့ကိုယ်စား ဒီကနေ့အခမ်းအနားကနေ ပြောကြားလိုပါတယ်။ ကျွန်တော် တို့ မျိုးဆက်တွေရဲ့ စွမ်းဆောင်ရည်တွေကို ဒီကနေ့ကမ္ဘာကြီးက မြင်တွေ့လာနိုင်အောင် စွမ်းဆောင် နေကြတာအတွက် အင်မတန် ဝမ်းသာဂုဏ်ယူမိပါတယ်။
ရှစ်လေးလုံးအရေးတော်ပုံကြီးလိုပါပဲ ခေတ်အဆက်ဆက်အရေးတော်ပုံတွေဟာ လူထုက ကိုယ်တိုင်ဦးဆောင်ခဲ့တဲ့ အရေးတော်ပုံတွေပဲဖြစ်ပါတယ်။ ရှစ်လေးလုံး အရေးတော်ပုံ ကြီးက ပေးဆပ်မှုပေါင်းများစွာနဲ့ တစ်ပါတီအာဏာရှင်စနစ်ကို ပယ်ချနိုင်ခဲ့သလို စစ်အာဏာရှင် စနစ်ကိုလည်း ဒီကနေ့ နွေဦးတော်လှန်ရေးကြီးနဲ့ အပြီးတိုင် ဖျက်သိမ်းကြရမှာ ဖြစ်ပါတယ်။ နောင်အနာဂတ်တွင် ဘယ်လိုအာဏာရှင်စနစ်မျိုးမှ မပေါ်ပေါက်အောင်လည်း တည်ဆောက် ကြရမှာ ဖြစ်ပါတယ်။
ဒီကနေ့အခမ်းအနားကို ကြီးမှူးကျင်းပတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ရှစ်လေးလုံးအရေးတော်ပုံကနေ ပေါက်ဖွားလာခဲ့တာဖြစ်သလို အဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ရှစ်လေးလုံးအရေးတော်ပုံကြီးကနေ ပြည်သူတွေရဲ့ မျှော်လင့်ချက် ကို ရရှိနိုင်ဖို့ အခြားသော ခေါင်းဆောင်ကြီးများ၊ လူငယ်များရဲ့အင်အားနဲ့ ခက်ခဲတဲ့ နိုင်ငံရေး ခရီးကို စတင်ခဲ့တာဖြစ်ပြီး ဒီကနေ့အချိန်အထိ အကျဉ်းစံဘဝနဲ့ ရင်ဆိုင်လျက်ရှိပါတယ်။
ရှစ်လေးလုံးအရေးတော်ပုံကြီးဟာ ခေတ်တစ်ခေတ်ကို ထုဆစ်ခဲ့တဲ့အပြင် မြန်မာ ပြည်သူလူထုတွေအနေနဲ့ ဒီမိုကရေစီစနစ်ကို မြန်မာ့မြေမှာ မြေချသီးပွင့်စေဖို့ အစပျိုးနိုင်ခဲ့တဲ့ လူထုအရေးတော်ပုံကြီးဆိုလည်း မမှားပါဘူး။ “သမိုင်းသစ်ရေး ငါတို့သွေးကို ထုံးဖြူဆေးသုံး ဖျောက်ဖျက်ဖုံးလဲ မဆုံးကမ္ဘာ တည်လိမ့်မည်” ဆိုတဲ့ ကျူးရင့်ခဲ့တဲ့ သန္နိဋ္ဌာန်နဲ့အတူ သမိုင်း အမှန်ကို ဘယ်လိုနည်းလမ်းတွေနဲ့ ဖျောက်ဖျက် ဖျောက်ဖျက် ဖုံးကွယ်လို့မရဘဲ အမှန်တရား ကတော့ မသေတဲ့သမိုင်း မရိုင်းတဲ့ရာဇဝင်အဖြစ် ရှစ်လေးလုံးအရေးတော်ပုံကြီးဟာ မိမိတို့ ရင်ထဲမှာ မေ့ဖျောက်မရနိုင်တဲ့ သမိုင်းဝင်နေ့တစ်နေ့အဖြစ် ထင်ကျန်နေဆဲ ဖြစ်ပါတယ်။
ဒါကြောင့် ဒီကနေ့ကျင်းပတဲ့ ရှစ်လေးလုံးအရေးတော်ပုံနေ့အခမ်းအနားဟာဆိုရင် အောက်မေ့သတိရရုံမျှ ကျင်းပပြုလုပ်ခြင်းမဟုတ်ဘဲ ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ ရည်မှန်းချက် တွေကို မမေ့မလျော့အောင် သတိတရရှိအောင် ပြန်လည်သတိချပ်စေချင်တဲ့ ရည်ရွယ်ချက် တွေနဲ့အတူ ပြုလုပ်တဲ့ အခမ်းအနားဖြစ်တယ်လို့ ယူဆပါတယ်။ အောက်မေ့ဖွယ်အပြင် အားသစ် ဖွယ်လည်း ဖြစ်ပါတယ်။ ရှစ်လေးလုံးက စတင်သန္ဓေတည်ခဲ့တဲ့ ဒီမိုကရေစီ မျှော်လင့်ချက်နဲ့အတူ အကြမ်းဖက်စစ်အာဏာရှင်စနစ် အရိပ်အငွေ့ကင်းစင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ဆီကို အမြန်ဆုံးရောက်ရှိအောင် မိမိတို့ တော်လှန်ရေးအင်အားစုတွေအားလုံး ဆက်လက် ချီတက် ကြရအုံးမှာ ဖြစ်ပါတယ်။
ရှစ်လေးလုံးအရေးတော်ပုံ (၃၆) နှစ်တာကာလကြာအထိ မိမိတို့ပြည်သူလူထုအားလုံး ရဲ့ ဘဝတွေ၊ အသက်တွေပေးဆပ်ခဲ့ကြရတာများသလို အပြောင်းအလဲမျိုးစုံကို ရင်ဆိုင်ပြီး ရှည်လျားတဲ့ ဒီမိုကရေစီခရီးလမ်းကို ဆက်လက်လျှောက်လှမ်းနေရဆဲ ဖြစ်ပါတယ်။ ၈၈ မျိုးဆက် တွေဟာ ဒီကနေ့နွေဦးတော်လှန်ရေးမှာလည်း အကြမ်းဖက်စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေးအတွက် နိုင်တဲ့အင်အားနဲ့ နည်းလမ်းပေါင်းစုံ ထောင့်ပေါင်းစုံကနေ ဆက်လက် တိုက်ပွဲဝင်နေကြဆဲ ဖြစ်ပါတယ်။ လွတ်လပ်မှ အမျှဝေပါဆိုတဲ့ ၈၈ က ကြွေလွင့်ခဲ့ကြရတဲ့ အာဇာနည်သူရဲကောင်းအပေါင်းတို့အတွက် ဒီကနေ့နွေဦးတော်လှန်ရေးက အမျှဝေပေးနိုင်မည် မှာ မလွဲဧကန်ပဲ ဖြစ်ပါတယ်။
ကမ္ဘာ့သမိုင်းတစ်လျှောက်မှာ ပြန်ကြည့်လိုက်မယ်ဆိုရင် အင်အားကြီးမားပြီး ခိုင်မာ တောင့်တင်းတဲ့ အင်ပါယာကြီးတွေတောင်မှ နောက်ဆုံးမှာ ပြည်သူ့အားရဲ့ အဆုံးအဖြတ်သာ အနိုင်ရစမြဲ ဖြစ်ပါတယ်။ တူမီးနဲ့ စတင်ခဲ့တဲ့ ဒီနွေဦးတော်လှန်ရေးခရီးရဲ့ ၃ နှစ်ကျော်ကာလမှာ တော့ အကြမ်းဖက်စစ်တပ်ဟာ သမိုင်းတစ်လျှောက် အကြီးမားဆုံး ကျရှုံးမှုတွေနဲ့ ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။ ပြည်သူ့နှလုံး မသိမ်းကြုံးလျှင် ဓါးသွေးလဲကြွေ လှန်လဲခွေတဲ့ ပြယုဂ်ကို မျက်ဝါး ထင်ထင် တွေ့မြင်နေရပြီ ဖြစ်ပါတယ်။
စစ်အာဏာရှင်ရဲ့ လက်အောက်မှာ တာဝန်ထမ်းဆောင်နေကြတဲ့ စစ်သား၊ ရဲသား တွေ၊ ပူးပေါင်းဆောင်ရွက်နေကြတဲ့ အင်အားစုတွေ အမြင်မှန်ရကြဖို့လည်း လိုပါပြီ။
မြေပြင်ထက်မှာကျခဲ့တဲ့ ရှစ်လေးလုံး သူရဲကောင်းတို့ရဲ့ သွေးတွေ ခြောက်သွားခဲ့ပေ မယ့် ရှစ်လေးလုံးစိတ်ဓာတ်ဟာ ဒီမိုကရေစီကို လိုလားတောင့်တသူတိုင်းရဲ့ ရင်ထဲမှာတော့ ယနေ့အချိန်အထိ သွေးမခြောက်သေးဘဲ မပြီးဆုံးသေးတဲ့ တာဝန်တွေကို အပြီးသတ်ထမ်းရွက် နေကြဆဲ ဖြစ်ပါတယ်။
ဒီကနေ့ တိုင်းရင်းသားပြည်သူလူထုအားလုံးရဲ့ ပူးပေါင်းပါဝင်မှု၊ ပံ့ပိုးကူညီမှုနဲ့အတူ တော်လှန်ရေးအင်အားစုတွေ စုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့ အကြမ်းဖက်စစ်တပ်ကို တော်လှန်နေကြတာဖြစ်ပြီး ဒီလိုအောင်မြင်မှုတွေ အရှိန်နဲ့ရရှိနေတဲ့အချိန်မှာ ရှိရင်းစွဲ စည်းလုံး ညီညွတ်မှုနဲ့ အပြန်အလှန် နားလည်ယုံကြည်မှုတွေကို ပိုမိုခိုင်မာအောင် တည်ဆောက်သွားပြီး တော်လှန်ရေးသတိနဲ့အတူ ဆက်လက်ချီတက်ကြပါစို့လို့ လေးလေးနက်နက်ဆန္ဒပြုလိုပါတယ်။
အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ အခုတစ်ခါ သူ့ဟာသူ ယာယီသမ္မတ ဆိုပြီး ဥပဒေမဲ့ အရှက်မဲ့ကြေညာပြီး နောက်ထပ်အတုအယောင် ရွေးကောက်ပွဲလုပ်ပြီး သူကိုယ်တိုင်သမ္မတဖြစ်ရေး ကြိုးပမ်းချက်ကို အကောင်အထည်ဖော်ဆောင်ဖို့ ကြိုးစားနေ ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲစာရင်းမှားတာရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ၂၀၂၀ ရွေးကောက်ပွဲအရ တက်လာတဲ့ အစိုးရမဟုတ်တဲ့ တည်ဆဲအစိုးရဆီက မဆီမဆိုင် အာဏာ သိမ်းခဲ့တဲ့ လုပ်ရပ်အတွက် ဘာဆင်ခြေမှ ပေးလို့မရပါဘူး။
ဒါကြောင့် မြန်မာပြည်မှာ စစ်မှန်တဲ့ ဒီမိုကရေစီစနစ် ထွန်းကားစေဖို့၊ လက်ရှိ ဖြစ်ပေါ် နေတဲ့ ပဋိပက္ခတွေကို အမြန်ဆုံး ဖြေရှင်းပြီး အားလုံးမျှော်လင့်နေတဲ့ လွတ်လပ်၊ ဖွံ့ဖြိုးတဲ့ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်သွားနိုင်ရေး ဒီမိုကရက်တစ် အင်အားစု တွေနဲ့ စစ်အာဏာရှင်စနစ်ဆိုးကို တွန်းလှန်နေတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေ ပူးပေါင်း ဆောင်ရွက်ခြင်းကသာ မှန်ကန်တဲ့ ပံ့ပိုးကူညီခြင်းဖြစ်တယ်ဆိုတာ ပြည်တွင်းရှိ အင်အားစုများ သာမက နိုင်ငံတကာအသိုက်အဝန်းကပါ အလေးထား အသိအမှတ်ပြုကြရမှာ ဖြစ်ပါတယ်။
အိမ်နီးချင်းနိုင်ငံများအပါအဝင် ကမ္ဘာ့နိုင်ငံ၊ အဖွဲ့အစည်းများအနေဖြင့် မိမိတို့ တော်လှန်ရေးအင်အားစုများထံ ထိရောက်ပြီး လက်တွေ့ကျတဲ့ ပံ့ပိုးကူညီမှုများကို တိုးမြှင့်ပေး ဖို့လည်း ဒီကနေ့မှာ ထပ်လောင်း တောင်းဆိုလိုပါတယ်။ မြန်မာ့ဒီမိုကရေစီခရီးကြမ်းမှာ ပံ့ပိုး ကူညီပေးခဲ့ကြတဲ့၊ ပံ့ပိုးကူညီနေကြတဲ့ ကမ္ဘာ့နိုင်ငံများ၊ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များကို ကျေးဇူးတင်ပါကြောင်း ဒီကနေ့အခမ်းအနားမှာ ထပ်မံ ပြောကြားလိုပါတယ်။
မိမိတို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနဲ့ ပြည်သူ့ဆန္ဒကို အလေးထား ရပ်တည်နေတဲ့ အဆင့်ဆင့်သော ရွေးကောက်ခံကိုယ်စားလှယ်များဟာ အာဏာရှင်စနစ်ဆိုး အောက် ကျရောက်နေတဲ့ မြန်မာ့ဒီမိုကရေစီကို ကာကွယ်ရင်း ညီနောင် သွေးချင်းတို့နဲ့အတူ စစ်မှန်တဲ့၊ ပြည်သူ့ဆန္ဒကို ထင်ဟပ်တဲ့ စနစ်ကောင်းပေါ်ပေါက်ဖို့ ဆက်လက် ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။ ဒီနိုင်ငံရဲ့ အရှင်သခင်ဖြစ်တဲ့ ပြည်သူလူထုအနေနဲ့ သူတို့တွေရဲ့ဆန္ဒအရ နိုင်ငံတော် ပြုပြင်ပြောင်းလဲရေးတွေမှာ ပါဝင်ဆုံးဖြတ်နိုင်ခွင့်၊ သူတို့ကို အုပ်ချုပ်မယ့် အစိုးရ၊ သူတို့နေထိုင် တဲ့ နယ်မြေတွေရဲ့ ကိစ္စရပ်တွေမှာ ဆန္ဒအမှန်ကို ဖော်ထုတ်ပြသနိုင်မယ့် အချိန်တွေဆီ ရောက် အောင် ဖန်တီးပေးဖို့ဟာ မိမိတို့ရဲ့ ရည်မှန်းချက်ဖြစ်ပါတယ်။
ခေတ်အဆက်ဆက် စစ်အာဏာရှင်စနစ်ကို တိုက်ထုတ်ရင်း ဒီမိုကရေစီနဲ့ လူ့အခွင့် အရေးအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ကြရတဲ့ အာဇာနည်သူရဲကောင်း ရဲဘော်အပေါင်းတို့ရဲ့ ကြီးမြတ်သောစွန့်လွှတ်မှု၊ ပေးဆပ်အနစ်နာခံခဲ့မှုတွေကို လေးစားဦးညွှတ်ရင်း တိုင်းပြည်တဝှမ်း မှာ စစ်မှန်သော ဒီမိုကရေစီ၊ ပြည့်ဝသော လူ့အခွင့်အရေးများ ရရှိသည်အထိ တော်လှန်ရေး အင်အားစုအားလုံးနဲ့အတူ ညီညွတ်စွာ ဆက်လက်ပါဝင် ကြိုးပမ်းဆောင်ရွက်သွားပါမယ်လို့ ဆန္ဒအမှန်ဖြင့် ကတိပြုရင်း နိဂုံးချုပ်အပ်ပါတယ်။
အားလုံးကို လေးစားပါတယ်။
အရေးတော်ပုံ မုချအောင်ရမည်။


