မူလ / ၂၀၂၃ ခုနှစ်၊ မေလ ၈ ရက်နေ့၊ နံနက် ၁၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် နာယက ဦးအောင်ကြည်ညွန့် ပြောကြားခဲ့သည့် အဖွင့်မိန့်ခွန်း

၂၀၂၃ ခုနှစ်၊ မေလ ၈ ရက်နေ့၊ နံနက် ၁၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် နာယက ဦးအောင်ကြည်ညွန့် ပြောကြားခဲ့သည့် အဖွင့်မိန့်ခွန်း

ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေးကြီးသို့ တက်ရောက်လာကြသော လေးစားအပ်တဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်ယာယီသမ္မတကြီး ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် အစိုးရအဖွဲ့ဝင်များ၊ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ကိုယ်စားပြုကော်မတီများ၏ ကိုယ်စား အချိုးကျ တက်ရောက်လာသည့် တိုင်း‌ဒေသကြီး၊ ပြည်နယ်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသည့် ဂုဏ်သရေရှိသံတမန်များ၊ ဧည့်သည်တော်များနှင့်တကွ မြန်မာနိုင်ငံသူ၊ နိုင်ငံသားအားလုံး ကိုယ်စိတ်နှစ်ဖြာ ဘေးရန်ကွာ၍ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ ကြောင်းနှင့် နိုင်ငံတော်နှင့် နိုင်ငံသားများရဲ့အကျိုးကို ဆထက်ထမ်းပိုး ထမ်းဆောင်နိုင်ကြပါစေ ကြောင်း ဆန္ဒပြုရင်း နှုတ်ခွန်းဆက်လိုက်ပါတယ်။

ယခုလို ပြည်ထောင်စုလွှတ်တော်အထူးအစည်းအဝေး ခေါ်ယူကျင်းပရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ အရပ်သားပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုများ၊ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများအပါအဝင် အကြမ်းဖက်စစ်ကောင်စီက ကျူးလွန်လျက်ရှိသည့် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်နေသည့် ရာဇဝတ်မှုများကို အမြန်ဆုံး အဆုံးသတ်နိုင်ရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီနှင့် နိုင်ငံတကာအသိုက်အဝန်းက ထိရောက် သော အရေးယူဆောင်ရွက်မှုများ ပြုလုပ်ပေးရန် တောင်းဆိုရေးအတွက် ပြည်သူ့ဆန္ဒကို ဦးထိပ်ထားပြီး ခေါ်ယူကျင်းပရခြင်း ဖြစ်ပါတယ်။

မြန်မာ့ဒီမိုကရေစီအရေးအတွက် ဒီကနေ့ လွှတ်တော်ကြီးမှာ မိန့်ခွန်း ပြောကြား ပေးမည့် ပုဂ္ဂိုလ်များအား အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် မိမိတို့လွှတ်တော်ကြီးက သမိုင်းဝင် မှတ်တမ်းတင်သွားမှာဖြစ်ကြောင်းလည်း အလေးထား ပြောကြားအပ်ပါတယ်။

အကြမ်းဖက်စစ်တပ်က လက်နက်အားကိုးဖြင့် ဥပဒေမဲ့ အာဏာသိမ်းပြီးနောက် ပြည်သူလူထုအပေါ် အရက်စက်ဆုံး၊ အကြမ်းကြုတ်ဆုံးသော လုပ်ရပ်များကို ပြုလုပ်ခဲ့ပြီး ပြည်သူကို ရန်သူအဖြစ်သတ်မှတ်ပြီး တိုက်ခိုက်ချေမှုန်းလျက်ရှိပါတယ်။ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တိုက်ခိုက်ချေမှုန်းရုံမျှသာမက စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ ချင်း၊ ကရင်၊ ကရင်နီ၊ စသည့်ဒေသများတွင် လေကြောင်းတိုက်ခိုက်မှုများကြောင့် အပြစ်မဲ့ပြည်သူများ၊ ကိုယ်ဝန်ဆောင်မိခင်များအပါအဝင် အမျိုးသမီးများ၊ ကလေးသူငယ်များ အများအပြား သေဆုံးခဲ့ရပါတယ်။ အကြမ်းဖက်စစ်တပ်ရဲ့ တစ်နေ့ထက်တစ်နေ့ တိုးမြှင့်လုပ်ဆောင်လျက် ရှိသော ရာဇဝတ်မှုများကို အဆုံးသတ်ပေးရန် လိုအပ်လျက်ရှိကြောင်း အာဆီယံနိုင်ငံများနှင့် တကွ နိုင်ငံတကာအသိုက်အဝန်းက ထိရောက်တဲ့ နည်းလမ်းများနဲ့ ဖြေရှင်းဆောင်ရွက်ပေးပါရန် တိုက်တွန်းတောင်းဆိုလိုပါတယ်။

          ပြည်သူကရွေးချယ်တင်မြှောက်ထားပြီး ပြည်သူကိုကိုယ်စားပြုသော မိမိတို့ လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့်လည်း တော်လှန်ပြည်သူများနှင့်အတူ ပြည်သူ့ လိုအပ်ချက်များကို ဖြည့်တင်းပေးနိုင်ရန် ဇောင်းပေး ဆောင်ရွက်လျက်ရှိပါတယ်။ နွေဦး တော်လှန်ရေးကြီးကို ပိုမိုကောင်းမွန်မြန်ဆန်စွာ အဆုံးသတ်နိုင်ရေးအတွက် ကျရာကဏ္ဍများမှာ အကောင်းဆုံး ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထပ်လောင်း ကတိပြုပါ တယ်။

လေးစားအပ်တဲ့ နိုင်ငံတော်သမ္မတကြီး၊ ပြည်ထောင်စုဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင် များနှင့် လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-

ဒီမိုကရေစီ ခယောင်းလမ်းကို ဖြတ်သန်းလာခဲ့ ကြရာမှာ ရင်ဆိုင်ကြုံတွေ့ရတဲ့ အခက်အခဲ အကြပ်အတည်းများ၊ စိန်ခေါ်မှုများစွာတို့ကို  တိုင်းရင်းသားတော်လှန်ရေးအင်အားစုများ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ CDM ပြည်သူများ၊ တော်လှန်ရေး အင်အားစုများနှင့်အတူ ပြည်သူလူထုတစ်ရပ်လုံး စည်းလုံးခြင်းအင်အား၊ ညီညွတ်ခြင်းသက်သေတို့ဖြင့် တက်ညီလက်ညီ တွဲလက်မဖြုတ်စတမ်း ရင်ဆိုင်ကျော်ဖြတ် ကြရင်း ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ ဦးတည်ချီတက်ကြဖို့ ဆန္ဒပြု တိုက်တွန်း နှိုးဆော်ရင်း နိဂုံးချုပ်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။

Scroll to Top