မူလ / ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ (၃၄) နှစ်မြောက် အထိမ်းအမှတ် အခမ်းအနား၌ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် ပြောကြားခဲ့သည့် မိန့်ခွန်း

ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ (၃၄) နှစ်မြောက် အထိမ်းအမှတ် အခမ်းအနား၌ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် ပြောကြားခဲ့သည့် မိန့်ခွန်း

-၈-၂၀၂၂ ရက်၊ နံနက် ၀၈း၀၈ နာရီ (တနင်္လာနေ့)

               အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ဦးစီးကျင်းပသည့် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ (၃၄) နှစ်မြောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် အမျိုးသား ညီညွတ်ရေးအစိုးရ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်း ခိုင်သန်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုဝန်ကြီးများ၊  လွှတ်တော်ကိုယ်စားလှယ်များ၊ ဗဟိုအလုပ်ကော်မတီဝင်များ၊ ပါတီဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ နိုင်ငံတကာမှ သံတမန်များနှင့် တိုက်ရိုက် ထုတ်လွှင့်မှုကို ကြည့်ရှုနေကြတဲ့ ပြည်သူများအားလုံး ကိုယ်စိတ်နှလုံးကျန်းမာကြပါစေလို့ ဦးစွာ ဆုတောင်းအပ်ပါတယ်။

               ၁၉၆၂ ခုနှစ်မှ စ၍ စစ်အာဏာရှင်အုပ်စုတို့ဟာ လက်နက်အားကိုးကာ တိုင်းပြည်၏ အာဏာကို ဆုပ်ကိုင်နိုင်ရေးအတွက် ပြည်သူလူထုအား  အနိုင်ကျင့် ဖိနှိပ်အုပ်ချုပ်နိုင်ရေး ကြိုးပမ်းခဲ့သည့်နည်းတူ ရဟန်းရှင်လူ ကျောင်းသားပြည်သူ ဒီမိုကရေစီ တော်လှန်ရေး အင်အားစုများကလည်း  စစ်အာဏာ ရှင်များကို နည်းလမ်းပေါင်းစုံဖြင့် ဆန့်ကျင်တွန်းလှန်ခဲ့ ကြပါတယ်။

               ၁၉၈၈ ခုနှစ်မှာတော့ အဆင်းရဲဆုံး နိုင်ငံစာရင်းဝင်အောင် စီးပွားရေးအရ ချွတ်ချုံကျတဲ့ နိုင်ငံဖြစ်လာခဲ့ပြီး တစ်ပါတီ အာဏာရှင်စနစ်ရဲ့ ဆိုးမွေများကို ကောင်းစွာ သိလာခဲ့ကြတာနဲ့အတူ တစ်ပါတီ အာဏာရှင်စနစ် ဖျက်သိမ်းရေး၊ ပါတီစုံ ဒီမိုကရေစီစနစ် ဖော်ဆောင်ရေးအတွက် ကြီးမားတဲ့ အရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။

               ဒီကြီးမားတဲ့ ဒီလူထုလှုပ်ရှားမှု အရေးတော်ပုံကြီးဟာ စစ်အာဏာရှင်တို့၏ လူမဆန်မှု၊ ယုတ်ညံ့မှုတို့ကို ပြည်သူတစ်ရပ်လုံးထံ မီးမောင်းထိုးပြနိုင်ခဲ့ပြီး ၎င်းတို့၏ ဥပဒေမဲ့ ဖိနှိပ်သတ်ဖြတ်မှုများဖြင့် ဖိနှိပ်အုပ်ချုပ်ရန် ကြိုးပမ်းမှုကို တွန်းလှန်နိုင်မှသာ မိမိတို့နိုင်ငံ၌ ဒီမိုကရေစီ၏ အနှစ်သာရ၊ တရားဥပဒေစိုးမိုးမှု၏ အကျိုးကျေးဇူးများနှင့် လူ့အခွင့်အရေးအရ ရပိုင်ခွင့်များဖြင့် ပိုမိုကောင်းမွန်တဲ့ လူမှုဘဝများ ရရှိနိုင်လိမ့်မည်ဆိုတာ ထင်ထင်ရှားရှား သိမြင်နိုင်ခဲ့တဲ့ အရေးတော်ပုံကြီးလည်း ဖြစ်ပါတယ်။ မြန်မာ့ဒီမိုကရေစီတိုက်ပွဲရဲ့ တာထွက် ခရီးဆိုလည်း မမှားပါဘူး။

               ယနေ့အချိန်ထိတိုင် နိုင်ငံရေးပါတီဖွဲ့၍ ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲများမှ တစ်ဆင့် ပြည်သူတို့၏ မဲပေးဆုံးဖြတ်မှုကို ခံယူရန် သတ္တိကြောင်နေသည့်အတွက် အကြောက် တရားကြီးမားသူတို့လမ်းစဉ်အတိုင်း လက်နက်အားကိုးဖြင့် အာဏာလုယူခဲ့တာ အားလုံး အသိပဲ ဖြစ်ပါတယ်။ ဒါဟာ စစ်အာဏာရှင်တို့၏ ဉာဏ်ပညာနည်းပါးမှု၊ သတ္တိကြောင်မှု၊ ပြည်သူ့ဆန္ဒကို အလေးမထားမှု၊ မိုက်ရူးရဲဆန်မှုတို့ပဲ ဖြစ်ပါတယ်။

               အသက်သွေးချွေးများစွာ စတေးကာ ရင်းနှီးထားခဲ့ရသည့် မိမိတို့၏ ဒီမိုကရေစီ တိုက်ပွဲသည် ယနေ့နွေဦးတော်လှန်ရေးဖြင့် စစ်အာဏာရှင်များနှင့် စနစ်ဆိုးကို အပြီးတိုင် ချုပ်ငြိမ်းအောင် အမြစ်ဖြတ်ရတော့မှာ ဖြစ်ပါတယ်။ ဒါမှသာ အနာဂတ်မှာ သွေးမြေကျမှု များကို တားဆီး နိုင်မှာ ဖြစ်ပါတယ်။ တိုင်းပြည်ဖွံ့ဖြိုးရေးကို အစဉ်တစ်စိုက် ဆောင်ရွက်သွား နိုင်မှာ ဖြစ်ပါတယ်။ 

               ရက်စက်ကြမ်းကြုတ်ခြင်း၊ လူသတ်ခြင်းတို့ကိုသာ လုပ်ကိုင်တတ်တဲ့ လူမဆန်တဲ့ အာဏာရှင်များကြောင့် ပြည်သူထောင်ပေါင်းများစွာ အသက်ပေးသွားခဲ့ရပြီး ဖြစ်ပါတယ်။ အနာဂတ် မှာ စစ်တပ်ကို နိုင်ငံရေးက အပြီးတိုင် ဖယ်ရှားနိုင်မှသာ ငြိမ်းချမ်းပြီး ဖွံ့ဖြိုးတိုးတက်သော နိုင်ငံကို တည်ဆောက်နိုင်မှာဖြစ်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း ပေါ်လွင်နေပြီ ဖြစ်ပါတယ်။ ဒါကြောင့် ယနေ့နွေဦးတော်လှန်ရေးဖြင့် ခေတ်အဆက်ဆက် တိုင်းပြည်ကို ဖျက်ဆီးခဲ့သည့် စစ်အာဏာရှင်များနှင့် အပေါင်းအပါများကို အမြစ်ဖြတ်ရမည့် နောက်ဆုံး တိုက်ပွဲ အဖြစ် ကြိုးပမ်းသွားရမှာ ဖြစ်ပါတယ်။

               တိုင်းပြည်စီးပွားရေး ကမောက်ကမဖြစ်အောင် ဖျက်ဆီးခဲ့သည့်အပြင် နိုင်ငံတကာ ကပါ လက်ညှိုးထိုး ဖယ်ကျဉ်ခံနေရသည့် အကြမ်းဖက်ဖက်ဆစ် စစ်ကောင်စီဟာ တိုင်းပြည်ကို အလုံးစုံ ပျက်သုဉ်းရေးဆီ တွန်းပို့နေပြီ ဖြစ်ပါတယ်။ အချိန်မီ တားဆီးနိုင်ဖို့  တော်လှန်ရေး အင်အားစု များအကြား အခုထက် ပိုမို စည်းလုံးညီညွတ်ကြဖို့ အရေးကြီးပါတယ်။ တော်လှန်ရေး အင်အားစုများအကြား သွေးခွဲကာ အင်အားချိနဲ့သွားရန်  ကြိုးပမ်းနေတာကြောင့် သတိကြီးစွာ ထားဖို့ အထူးလိုအပ်ပါတယ်။

               စစ်အာဏာရှင်များဟာ ၎င်းတို့အာဏာဆုပ်ကိုင်နိုင်ရေးသာ ဦးတည်ကြိုးပမ်းနေတာ ဖြစ်ပါတယ်၊ တိုင်းပြည်နဲ့ လူမျိုးအနာဂတ်ကို စဉ်းစားဆောင်ရွက်မှာ မဟုတ်ဘူးဆိုတာ သမိုင်းမှာ အထင်အရှား သိမြင်ပြီး လက်တွေ့မှာလည်း ပေါ်လွင်နေပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့သမိုင်းဝင်တဲ့ နေ့မှာ မိမိတို့ နိုင်ငံမှာ ဒီမိုကရေစီစနစ် ရှင်သန်နိုင်ဖို့၊ အေးချမ်းတဲ့ နိုင်ငံ၊ ဖွံ့ဖြိုးတဲ့နိုင်ငံအဖြစ် တည်ဆောက်နိုင်ဖို့ ခက်ခဲပင်ပန်းမှုများကို ကြံ့ကြံ့ခံကာ အတူတကွ လက်တွဲ ရှေ့ဆက်သွားကြ ဖို့ အရေးကြီးပါတယ်။

               ခေတ်အဆက်ဆက်မှာ စစ်အာဏာရှင်များကို ဆန့်ကျင်တော်လှန်ရင်း အသက်ပေး သွားခဲ့ကြသည့် တော်လှန်ရေးသူရဲကောင်းများကို အစဉ်ထာဝရ ဦးညွှတ်အလေးပြုပါတယ်၊ အမြဲထာဝရ တန်ဖိုးထား သတိရလျက်ရှိပါတယ်။ အသက်ပေးသွားခဲ့ကြတဲ့ တော်လှန်ရေး သူရဲကောင်း ရဲဘော်ရဲဘက်များရဲ့ သွေးသစ္စာကို မမှတ်မသုံ ကိုင်စွဲရင်း မပြီးပြတ်သေးတဲ့ ခရီးလမ်းကို ကိုယ်စွမ်း ဉာဏ်စွမ်းရှိသရွေ့ အစွမ်းကုန် ဆက်လက်ကြိုးပမ်းကြဖို့ ရှစ်လေးလုံး အရေးတော်ပုံကြီးနဲ့ တာထွက်ခဲ့တဲ့ ဒီမိုကရေစီ အရေးတော်ပုံကြီးကို ယခု နွေဦးတော်လှန်ရေးနဲ့ အပြီးတိုင် လှမ်းကိုင်နိုင်ရေး ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံသစ် တည်ဆောက်ရေးတို့အတွက် ပြည်သူများဟာ သံဓိဌာန်ခိုင်မာပြီး ဖြစ်နေပြီဆိုတာလဲ ထင်ရှားလှပါတယ်။  

             ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီနဲ့ လွှတ်တော်ကြီးအနေနဲ့ လည်း ပြည်သူလူထုက ယုံကြည်ကိုးစားမှုဖြင့် ဆန္ဒမဲပေး ရွေးကောက် တင်မြှောက်ထားတဲ့ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များပီပီ ပြည်သူကို အစဉ်ထာဝရ ဦးထိပ်တင်ပါတယ်၊ ပြည်သူ့ဆန္ဒကို အမြဲလေးစားစွာ နားထောင်ပြီး  ပြည်သူနဲ့ အတူ မည်မျှ ကြမ်းတမ်းသည် ဖြစ်စေ ခိုင်ခိုင်မာမာ ရပ်တည်သွားမှာ ဖြစ်ပါတယ်။ ပြည်သူများ ကြုံတွေ့ နေရသည့် ဒုက္ခများ အမြန်ဆုံး ချုပ်ငြိမ်းနိုင်ဖို့ အစွမ်းကုန် ကြိုးစားဆောင်ရွက်သွားပါမယ်။ 

               အဓမ္မသမားတွေ ကျဆုံးဖို့ အချိန်ကျပါပြီ။ ဓမ္မဘက်တော်သားများ၏ အောင်လံလွှင့် ထူနိုင်ဖို့ မိမိတို့ တော်လှန်ရေးအင်အားစုများ၊ နိုင်ငံရေးပါတီများ၊ အဖွဲ့အစည်းများနှင့် တိုင်းရင်းသားမိဘပြည်သူအားလုံးက ညီညီညွတ်ညွတ်ဖြင့် ဆက်လက် ကြိုးပမ်းဆောင်ရွက် သွားကြပါစို့လို့ တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါတယ်။

               အားလုံးကို ကျေးဇူးတင်ရှိပါတယ်။

               ပြည်သူများ ဘေးကင်းလုံခြုံကြပါစေ။

               အာဏာရှင် ကျဆုံးစေရမည်။

               အရေးတော်ပုံ အောင်ကို အောင်ရမည်။

class=wp-image-2196/
Scroll to Top