၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်၊ နံနက် ၁၀:၀၀ နာရီ
ပြည်ထောင်စုလွှတ်တော် ပဉ္စမအကြိမ်အစည်းအဝေးသို့ တက်ရောက်လာကြသော လေးစားအပ်တဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်ယာယီသမ္မတကြီး ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် အစိုးရအဖွဲ့ဝင်များ၊ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ကောင်စီဝင်များ၊ ဖိတ်ကြား ထားသည့် ဂုဏ်သရေရှိသံတမန်များ၊ ဧည့်သည်တော်များနှင့်တကွ မြန်မာနိုင်ငံသူ၊ နိုင်ငံသားအားလုံး ကိုယ်စိတ်နှစ်ဖြာဘေးရန်ကွာ၍ ကောင်းကျိုးလိုရာဆန္ဒ ပြည့်စုံကြပါစေ ကြောင်း ဦးစွာပထမ နှုတ်ခွန်းဆက်သအပ်ပါတယ်။
ပြည်သူက ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခြင်းခံထားရတဲ့ လွှတ်တော် ကိုယ်စားလှယ်များအနေနဲ့ ဒုက္ခအပေါင်းကို ကြံ့ကြံ့ခံရင်ဆိုင်ရင်း ပြည်သူလူထုအတွက် ကျရာ အခန်းကဏ္ဍများမှာ တာဝန်ကျေပွန်စွာ ထမ်းဆောင်နေကြတာကို များစွာ ဂုဏ်ယူ လေးစား ပါကြောင်း ပြောကြားအပ်ပါတယ်။
မိမိတို့ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်ဆိုတာ ပြည်သူ့ဆင့်လွှဲအာဏာအရ ဆောင်ရွက်ရတာဖြစ်လို့ ပြည်သူ့အသံကို နားထောင်ရပါတယ်၊ ပြည်သူ့ဆန္ဒကို အလေးထား ရပါတယ်၊ ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေကို အကောင်အထည်ဖော်ပေးရပါတယ်။ ဒါကြောင့် ခိုင်မာတဲ့ ဇွဲ၊ သတ္တိ၊ သတိ၊ ပညာတို့နဲ့ မျက်ခြေမပြတ် တစိုက်မတ်မတ် ထမ်းဆောင်ကြရပါမယ်။
ဒီကနေ့ဟာ ကြားကာလပြည်ထောင်စုလွှတ်တော်ရဲ့ အစည်းအဝေးကို ခေါ်ယူကျင်းပခဲ့တာ ပဥ္စမအကြိမ်မြောက် ဖြစ်ပါတယ်။ ဘယ်လိုအခက်အခဲတွေ၊ အတားအဆီးတွေရှိနေစေကာမူ ပြည်သူရဲ့ကိုယ်စား အသံတွေ ထုတ်ဖော်နိုင်ရန်နှင့် ပြည်သူ့အတွက် ပိုကောင်းမွန်တဲ့ အခြေအနေတွေ ဖန်တီးနိုင်ရန် ဆွေးနွေးအဖြေရှာနိုင်ဖို့ ဒီကနေ့ လွှတ်တော်ကြီးကို ကျင်းပနေတာ ဖြစ်ပါတယ်။
အထူးသဖြင့် မြန်မာ့ဒီမိုကရေစီရေးအတွက် ဒီကနေ့လွှတ်တော်ကြီးကို အသိအမှတ်ပြုပါဝင်ပြီး မိန့်ခွန်းပြောကြားပေးမယ့် နိုင်ငံတကာပါလီမန်အဖွဲ့(IPU) ဥက္ကဋ္ဌ Hon. Mr. Duarte Pacheco၊ ဥရောပပါလီမန် ဒုတိယဥက္ကဋ္ဌ Hon. Ms. Heidi Hautala၊ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ ပါလီမန်အမတ်များအဖွဲ့ (APHR) ဥက္ကဋ္ဌ Mr. Charles Santiago တို့နဲ့ အထူးဧည့်သည်တော်များအဖြစ် လွှတ်တော်ကို တက်ရာက်အားပေးတဲ့ နိုင်ငံတကာသံတမန်အကြီးအကဲများရဲ့ မြန်မာပြည်သူတွေအပေါ်မှာ ထားရှိတဲ့ စာနာနားလည်မှုနဲ့ အားပေးကူညီမှုများကို ပြည်သူများရဲ့ကိုယ်စား အထူးကျေးဇူးတင်ပါကြောင်းနဲ့ လွှတ်တော်ကြီးက သမိုင်းဝင်မှတ်တမ်းတင်သွားမှာ ဖြစ်ကြောင်း အလေးထား ပြောကြားအပ်ပါတယ်။
မနက်ဖြန်ဟာ အကြမ်းဖက်စစ်ကောင်စီရဲ့ ဥပဒေမဲ့ အာဏာသိမ်းမှု (၂) နှစ်ပြည့် အချိန် ဖြစ်ပါတယ်။ ပြည်သူတွေဟာ နေ့စဉ် သတ်ဖြတ်မှုကို ခံနေရတယ်၊ ရွာလုံးကျွတ်မီးရှို့ တာတွေ၊ ဥပဒေမဲ့ ဖမ်းဆီး ညှင်းဆဲ နှိပ်စက်တာတွေ၊ တရားမျှတမှု ကင်းမဲ့တဲ့ ပြစ်ဒဏ်ချတာတွေ ခံစားနေကြရပါတယ်။ မိမိတို့ရဲ့ လုံခြုံနွေးထွေးတဲ့အိမ်ကနေ ထွက်ပြေးနေရတယ်၊ ကျွန်တော်တို့ မျိုးဆက်သစ်တွေ ပညာသင်ကြားခွင့် ဆုံးရှုံးနေရတယ်။ ဒါကြောင့် ပြည်သူ့အတွက် အလုပ်အကျွေးပြုဖို့ ဖွဲ့စည်းတာဝန်ပေးအပ်ထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ အပြန်အလှန် ပူးပေါင်းမှုတွေ၊ ညီညွတ်မှုတွေနဲ့အတူ တော်လှန်ရေး အမြန်ဆုံး အဆုံးသတ်နိုင်ဖို့၊ ပြည်သူတွေရဲ့ ခံစားနေရတဲ့ ဒုက္ခတွေကို အမြန်ဆုံး ပြီးဆုံးနိုင်ဖို့ ပိုမိုကြိုးပမ်းပေးကြဖို့လည်း လေးလေးနက်နက် မှာကြား တိုက်တွန်းလိုပါတယ်။
အဖက်ဖက်က ကျရှုံးနေတဲ့ အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီဟာ ယခုကာလ တွေမှာ ပြည်သူလူထုနေထိုင်ရာ မြို့ရွာတွေပါမကျန် လေကြောင်းအင်အားသုံးပြီး အကြမ်းဖက်မှုတွေကို အရှိန်မြှင့် လုပ်ဆောင်နေပါတယ်။ လူသားစိတ်ကင်းမဲ့ပြီး လက်နက် သည်သာ အားကိုးရာ ထင်နေတဲ့ အကြမ်းဖက်အုပ်စုရဲ့ ရှုံးမဲမဲနေတဲ့အန္တရာယ်ကို အထူးသတိထားကြဖို့ သတိပေးလိုပါတယ်။ ကျွန်တော်တို့ရဲ့ တိုင်းရင်းသားညီနောင် ဒေသတွေနဲ့ မြန်မာပြည် အလယ်ပိုင်းပြည်သူတွေဟာ ဒီလို အကြမ်းဖက်မှုတွေကို ခါးသီးစွာ ခံစားနေရတာ ဖြစ်ပါတယ်။
လူသတ်သွေးစွန်းလက်နဲ့ ဒီမိုကရေစီ တွင်တွင်အော်ပြီး အကြမ်းဖက်စစ်ကောင်စီဟာ နိုင်ငံတကာနှင့်ပြည်သူလူထုကို လိမ်ညာဖို့ အတုအယောင်ရွေးကောက်ပွဲကျင်းပရန် ညာသံပေး နေပါတယ်။ ပြည်သူ့ဆန္ဒကို သေနတ်ထောက် တောင်းဖို့အထိ ရူးမိုက်တဲ့ လုပ်ရပ်နဲ့ လက်နက် အားကိုး ခြိမ်းခြောက်ဖို့ ကြိုးစားနေသော်လည်း ပြည်သူတွေက လုံးဝ ပူးပေါင်း ဆောင်ရွက်မှာ မဟုတ်ပါဘူး။ နိုင်ငံတကာကလည်း လက်ခံနိုင်မှာမဟုတ်ပါဘူး။ စစ်ကောင်စီဟာ အာဏာလုယူထားတဲ့ အကြမ်းဖက် အဖွဲ့အစည်းတစ်ခုသာဖြစ်လို့ ရွေးကောက်ပွဲကျင်းပနိုင်ခွင့် ဥပဒေပြုပိုင်ခွင့် မရှိတာကြောင့် ဒါကို တားဆီးနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသား ညီညွတ်ရေးအတိုင်ပင်ကောင်စီတို့နှင့်အတူ အခြားသော မဟာမိတ်အင်အားစုတွေနဲ့ ကဏ္ဍအလိုက် ပူးပေါင်း ဆောင်ရွက်လျက်ရှိပါတယ်။
လေးစားအပ်တဲ့ နိုင်ငံတော်ယာယီသမ္မတကြီး၊ ပြည်ထောင်စုဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား–
ဒီ ၂၀၂၃ ခုနှစ်ဟာ တော်လှန်ရေး တစ်ဆစ်ချိုးကို ပုံဖော်နိုင်ဖို့ မိမိတို့ တော်လှန်ရေးအင်အားစုများက ကြိုးပမ်းနေကြတာ ဖြစ်ပါတယ်။ အစိုးရရဲ့ တစ်နှစ်တာ မဟာဗျူဟာ အစီအစဉ်နဲ့ ချမှတ်ထားတဲ့ ရည်မှန်းချက်တွေ အောင်မြင်ဖို့ဆိုတာ သက်ဆိုင်တဲ့ အင်အားစုတွေ တစ်သံတည်းညီ တစ်ချီတည်းရုန်းနိုင်ဖို့ အထူးလိုအပ်ပါတယ်။ မိမိတို့ရဲ့ အန္တိမပန်းတိုင်ကို အရောက် ချီတက်ကြဖို့ ဒီမိုကရေစီအင်အားစုအားလုံး စည်းလုံးညီညွတ်စွာနဲ့ ညှိနှိုင်းဆွေးနွေး ထမ်းဆောင်ကြရမှာလဲ ဖြစ်ပါတယ်။
သမိုင်းတစ်လျှောက် ထူးခြားတဲ့ ဝိသေသလက္ခဏာတွေနဲ့အတူ နွေဦးတော်လှန်ရေးရဲ့ အောင်ပွဲဆီသို့ စည်းလုံးညီညွတ်စွာ လက်တွဲမဖြုတ် ရှေ့ဆက်ချီတက်နိုင်မယ်လို့ ခိုင်ခိုင်မာမာ ယုံကြည်ပါကြောင်း ပြောကြားရင်း နိဂုံးချုပ်ပါတယ်။
အားလုံးကိုကျေးဇူးတင်ပါတယ်။
