မူလ / (၃၄) နှစ်မြောက် ရှစ်လေးလုံး လူထုအရေးတော်ပုံ အောက်မေ့ဖွယ် အခမ်းအနားသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် တက်ရောက်၍ အမှာစကားပြောကြား

(၃၄) နှစ်မြောက် ရှစ်လေးလုံး လူထုအရေးတော်ပုံ အောက်မေ့ဖွယ် အခမ်းအနားသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် တက်ရောက်၍ အမှာစကားပြောကြား

၈-၈-၂၀၂၂ ရက်နေ့၊ ည ၀၈:၀၀ နာရီအချိန်တွင် ဗီဒီယိုကွန့်ဖရင့်မှတဆင့် အမျိုးသားညီညွတ်ရေးအစိုးရက ကြီးမှူးကျင်းပခဲ့သည့် (၃၄) နှစ်မြောက် ရှစ်လေးလုံး လူထုအရေးတော်ပုံ အောက်မေ့ဖွယ် အခမ်းအနား၌ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် ပြောကြားခဲ့သည့် အမှာစကား အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-


ဒီကနေ့ နိုင်ငံတော်အစိုးရက ကြီးမှူးကျင်းပတဲ့ (၃၄) နှစ်မြောက် ရှစ်လေးလုံး လူထုအရေးတော်ပုံအောက်မေ့ဖွယ် အခမ်းအနားသို့ တက်ရောက်လာကြသည့် အမျိုးသား ညီညွတ်ရေးအစိုးရ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီမှ ကိုယ်စားလှယ်ကြီးများ၊ ဖိတ်ကြားထားသော သံတမန်များ၊ ဧည့်သည်တော်များနှင့် တိုက်ရိုက် ထုတ်လွှင့်မှုကို ကြည့်ရှုနေကြတဲ့ ပြည်သူများအားလုံး ကိုယ်စိတ်နှလုံးကျန်းမာ ချမ်းမြေ့ကြပါစေလို့ ဦးစွာ ဆုတောင်း မေတ္တာ ပို့သအပ်ပါတယ်။

၁၉၆၂ ခုနှစ်မှ စ၍ စစ်အာဏာရှင်အုပ်စုတို့ဟာ လက်နက်အားကိုးဖြင့် တိုင်းပြည်၏ အာဏာကို အတင်းအဓမ္မ လုယူခဲ့သည့်အပြင် ၎င်းတို့ အာဏာတည်မြဲနိုင်ရေးအတွက် ပြည်သူ လူထုအား ဥပဒေမဲ့ ဖိနှိပ်အုပ်ချုပ်နိုင်ရေး ကြိုးပမ်းခဲ့ကြတဲ့အတွက် ကျောင်းသားလူငယ်များနှင့် ပြည်သူလူထုတစ်ရပ်လုံးက စစ်အာဏာရှင်များကို နည်းအမျိုးမျိုးဖြင့် ဆန့်ကျင်တော်လှန် ခဲ့ကြပါတယ်။ စစ်အာဏာရှင်တို့က လူမဆန်သော သတ်ဖြတ်မှုများနှင့် ရက်စက်စွာ ဆက်လက်ဖိနှိပ်ခဲ့ကြသော်လည်း ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများ ရရှိနိုင်ရေး အတွက် အသက်ပေး၍ပင် ဆန့်ကျင်တော်လှန်ခဲ့ကြပါတယ်။

ယင်းကဲ့သို့ ဆန့်ကျင်တော်လှန်မှုများထဲတွင် နိုင်ငံတစ်ဝှမ်း ကြီးမားသော လူထု လှုပ်ရှားမှုကြီးဖြင့် စစ်အာဏာရှင်တို့ကို ကြောက်လန့်စေနိုင်ခဲ့သည့် ၁၉၈၈ ခုနှစ်၊ ဩဂုတ်လ ၈ ရက်နေ့၊ လူထုလှုပ်ရှားမှုကြီးဟာလည်း သမိုင်းဝင် ဒီမိုကရေစီ အရေးတော်ပုံကြီးပင် ဖြစ်ပါ တယ်။ ဒီကြီးမားတဲ့ ဒီလူထုလှုပ်ရှားမှု အရေးတော်ပုံကြီးဟာ စစ်အာဏာရှင်တို့၏ လူမဆန်မှု၊ ယုတ်ညံ့မှုတို့ကို ပြည်သူတစ်ရပ်လုံးထံ မီးမောင်းထိုးပြနိုင်ခဲ့ပြီး လက်နက်အားကိုး အကြမ်းဖက် သတ်ဖြတ်မှုများဖြင့် ဖိနှိပ်အုပ်ချုပ်ရန် ကြိုးပမ်းနေစေကာမူ မိမိတို့ ဒီမိုကရေစီ အင်အားစုများ က ပိုမိုစည်းလုံး ညီညွတ်မှုကို ပြသနိုင်ခဲ့ပြီး အာဏာရှင်ကျရှုံးရေးအတွက် ပုံစံအမျိုးမျိုးဖြင့် လှုပ်ရှားဆောင် ရွက်ခဲ့ကြပါတယ်။ မိမိတို့ နိုင်ငံမှာ လွတ်လပ်မှု၊ ဒီမိုကရေစီရေး၊ လူ့အခွင့် အရေး၊ တန်းတူညီမျှမှုနဲ့ တရားမျှတမှုတို့ ထွန်းကားဖို့ အသက်ပေါင်းများစွာ ပေးဆပ်ပြီး ကြိုးပမ်းခဲ့ကြသော်လည်း စစ်အာဏာရှင်တို့က အာဏာလက်မလွှတ်ရရေး အစဉ်တစ်စိုက် ကြိုးပမ်းလျက်ရှိပါတယ်။

လက်နက်ကိုသာ အားကိုးတတ်ပြီး ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲများမှ တစ်ဆင့် ပြည်သူတို့၏ မဲပေးဆုံးဖြတ်မှုကို ခံယူရန် သတ္တိကြောင်နေသည့်အတွက် အကြောက် တရားကြီးမားသူတို့လမ်းစဉ်အတိုင်း လက်နက်အားကိုးဖြင့် အာဏာလုယူခဲ့တာ အားလုံး အသိပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်းက ကျယ်ကျယ်ပြန့်ပြန့် ဆန့်ကျင်ကန့်ကွက် နေသည့်ကြားကပင် ဥပဒေမဲ့ အာဏာဆုပ်ကိုင်နိုင်ရေး နိုင်ငံတော် အကြီးအကဲများနှင့် ပြည်သူလူထု ထောင်ပေါင်းများစွာအား ဖမ်းဆီး ထောင်ချခြင်း၊ သတ်ဖြတ်ခြင်း၊ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းတို့ကို စနစ်တကျ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

တိုင်းပြည်စီးပွားရေး ကမောက်ကမဖြစ်အောင် ဖျက်ဆီးခဲ့တဲ့အပြင် နိုင်ငံတကာ ကပါ လက်ညှိုးထိုး ဖယ်ကျဉ်ခံနေရသည့် အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီဟာ တိုင်းပြည် ကို အလုံးစုံပျက်သုဉ်းရေးဆီ တွန်းပို့နေပြီ ဖြစ်ပါတယ်။ အချိန်မီ တာဆီးနိုင်ဖို့ မိမိတို့ တော်လှန်ရေး အင်အားစုများအကြား အခုထက် ပိုမို စည်းလုံးညီညွတ်ကြဖို့ အရေးကြီးပါ တယ်။ အကြမ်းဖက် စစ်အုပ်စုက တော်လှန်ရေး အင်အားစုများအကြား သွေးခွဲကာ အင်အားချိနဲ့သွားရန် ကြိုးပမ်း နေတာကြောင့် သတိကြီးစွာ ထားဖို့ အထူးလိုအပ်ပါတယ်။ ပြည်သူများနှင့် နိုင်ငံတကာအား လှည့်စားရန် အတုအယောင်ရွေးကောက်ပွဲကျင်းပ၍ အရပ်သားအစိုးရထံ အာဏာပြန်လွှဲ အပ်ပေးမည်ဆိုကာ ၎င်းတို့ သက်ဆိုးရှည်စေရန် ကြိုးပမ်းနေပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲက ပြည်သူတို့ရဲ့ လွတ်လပ်စွာ ဆန္ဒပေး ရွေးချယ်ခဲ့တဲ့ တရားဝင်မှုကို မျက်ကွယ်ပြု ဆန့်ကျင်ဘို့ ကြိုးစားတာလဲ ဖြစ်ပါတယ်။ စစ်အာဏာရှင်များဟာ သူတို့ အလိုကျတဲ့ အဖြေကို မရရင် ပြည်သူ့ဆန္ဒကို အလေးမထားပဲ ကတိပျက်ကွက် အနိုင်အထက် လုပ်တတ်တယ်ဆိုတာ ၁၉၉၀ ပြည့် ရွေးကောက်ပွဲမှာ ကြုံခဲ့ရပြီး ဖြစ်ပါတယ်။

တိုင်းပြည်၏ အနာဂတ်နှင့် ပြည်သူလူထုကို မျက်နှာမူပြီး စစ်ကောင်စီက ဖန်တီးထားသည့် နိုင်ငံရေးကစားကွက်ထဲသို့ မဝင်ရောက်ဖို့ နိုင်ငံရေးပါတီများ အနေနဲ့ သတိပြု ရှောင်ရှားကြဖို့ လိုပါတယ်။ နိုင်ငံရေးပါတီဆိုတာ ပြည်သူလူထု၏ ဆန္ဒကို အလေးထားပြီး လျှောက်လှမ်းရတာ ဖြစ်ပါတယ်၊ ပြည်သူကိုသာ မျက်နှာမူ ဦးထိပ်ပန်ဆင်ဖို့ ထပ်လောင်း ပန်ကြားလိုပါတယ်။

တော်လှန်ရေးကာလအပါအဝင် ကြားကာလ တည်ဆောက်ရေး လုပ်ငန်းများမှာ တိုင်းရင်းသားအားလုံး၊ အဖွဲ့အစည်းအားလုံး လက်တွဲညီညီ ပူးပေါင်းပါဝင်ကြဖို့ အလွန် အရေးကြီးပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီးကို စည်းလုံးညီညွတ်စွာ ကြိုးပမ်းတည်ဆောက်ဖို့ရာ အခွင့်အလမ်းကောင်းတဲ့ အချိန်မို့ ဒီမိုကရေစီ အင်အားစု များနဲ့ အတူတကွ လက်တွဲရှေ့ဆက်ကြဖို့ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများ၊ နိုင်ငံရေး ပါတီများ၊ တော်လှန်ရေးအင်အားစုများ အားလုံးရဲ့ ယနေ့ကာလမှာ ထမ်းဆောင်ရမယ့် သမိုင်းပေး တာဝန်လဲ ဖြစ်ပါတယ်။

အာဆီယံ၊ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် တရားမဝင် အကြမ်းဖက် စစ်ကောင်စီ၏ လူမဆန်သော အကြမ်းဖက်မှုများအပေါ် စကားလုံးဖြင့် ရှုတ်ချနေခြင်းဟာ အလုပ်မဖြစ်ကြောင်း သိသာပေါ်လွင်နေပြီ ဖြစ်ပါတယ်။ လက်တွေ့ကျသော အရေးယူဆောင်ရွက်မှုများဖြင့် မြန်မာပြည်သူတို့၏ အသက်ပေါင်းများစွာကို ကယ်တင်ပေးဖို့ အချိန်တန်ပါပြီ။ ဒီနေ့ ကမ္ဘာမှာ သက်ဦးဆံပိုင်စနစ်ဖြင့် အုပ်ချုပ်နိုင်ရန် ကြိုးပမ်းနေသည့် အာဏာရှင်များဟာ ဒီမိုကရေစီကို ခြိမ်းခြောက်နေပြီး တရားဥပဒေ စိုးမိုးရေး၊ လူ့အခွင့် အရေးစံနှုန်းများကို လက်နက်အားကိုးဖြင့် ပျက်ရယ်ပြုနေပြီ ဖြစ်ပါတယ်။ အချိန်မီ တားဆီးပြီး ကမ္ဘာကြီး အေးချမ်းတည်ငြိမ်ဖို့ ထိထိရောက်‌ရောက် ဆောင်ရွက်ဖို့ လိုနေပြီဆိုလဲ ပေါ်လွင်နေပြီဖြစ်ပါတယ်။

ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီနှင့် လွှတ်တော်ကြီးအနေနဲ့ ခေတ်အဆက်ဆက်မှာ စစ်အာဏာရှင်များကို ဆန့်ကျင်တော်လှန်ရင်း အသက်ပေးသွားခဲ့ကြသည့် တော်လှန်ရေးသူရဲကောင်းများကို အစဉ်ထာဝရ ဦးညွှတ်အလေးပြုပါတယ်။ အသက်ပေးသွားခဲ့ကြတဲ့ တော်လှန်ရေး သူရဲကောင်း ရဲဘော်ရဲဘက်များရဲ့ တော်လှန်ရေးဝိဉာဉ်နဲ့ သွေးသစ္စာကို တိုင်တည်ပြီး မပြီးဆုံးသေးသည့် တော်လှန်ရေးခရီးလမ်းကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ အစွမ်းကုန် ဆက်လက်ကြိုးပမ်းထမ်းရွက်သွားမယ်ဆိုတာ ခိုင်ခိုင်မာမာ ပြောကြားလိုပါတယ်။

မိမိတို့ ပြည်ထောင်စုကြီး ထာဝရ အေးချမ်းတည်ငြိမ်နိုင်ဖို့၊ အနာဂတ်မျိုးဆက်များ အတွက် တရားမျှတပြီး လွပ်လပ်တဲ့ တန်းတူညီမှမှုရှိတဲ့ လူ့အသိုက်အဝန်း တည်ဆောက်နိုင်ဖို့ တော်လှန်ရေး အင်အားစုများ၊ နိုင်ငံရေးပါတီများ၊ အဖွဲ့အစည်းများနှင့် တိုင်းရင်းသား ပြည်သူအားလုံးက ညီညီညွတ်ညွတ်ဖြင့် ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားကြပါစို့လို့ ဒီယနေ့ ကျရောက်တဲ့ (၃၄) နှစ်မြောက် ရှစ်လေးလုံး လူထုအရေးတော်ပုံကြီး အောက်မေ့ဖွယ် အခမ်းအနားမှာ အဓိဌာန်ပြု ပန်ကြားရင်း နိဂုံးချုပ် အပ်ပါတယ်။

အားလုံးကို ကျေးဇူးတင်ရှိပါတယ်။

ပြည်သူများ ဘေးကင်းလုံခြုံကြပါစေ။

စစ်အာဏာရှင်များ အမြန်ကျဆုံးရမည်။

အရေးတော်ပုံ အောင်ကို အောင်ရမည်။


The Committee Representing Pyidaungsu Hluttaw

Scroll to Top