ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ကိုယ်စားလှယ်များသည် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့၊ ၀၉:၀၀ နာရီအချိန်တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ပြီးနောက် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ဥက္ကဋ္ဌ ဦးမြင့်ထွေးက ရှေ့လုပ်ငန်းစဉ်ဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။
ယင်းနောက်တွင် စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) ၏ အပေါ်တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ဖွဲ့စည်းထားသော ဥပဒေရေးရာကော်မတီမှ တာဝန်ရှိသူတစ်ဦးက သုံးသပ်ချက်များကို အကြံပြုဆွေးနွေးခဲ့ကာ ယူနစ်လွှတ်တော်ကိုယ်စားလှယ်များဘက်မှလည်း ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြပါသည်။ ထို့နောက် ရှေ့လုပ်ငန်းစဉ်ကိစ္စရပ်များအပေါ် အပြန်အလှန်ဆွေးနွေးညှိနှိုင်းခဲ့ကြကာ ၁၀:၄၅ နာရီအချိန်တွင် အစည်းအဝေးအား အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ အတွင်းရေးမှူး မိုင်းလမင်းထွန်းနှင့် အဖွဲ့ဝင်များ၊ ဥပဒေရေးရာကော်မတီမှ အဖွဲ့ဝင်များ၊ စစ်ကိုင်းဖက်ဒရယ်ယူနစ်ဘက်မှ ယူနစ်လွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
The Committee Representing Pyidaungsu Hluttaw



