မူလ / ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် အမျိုးသားညီညွတ်ရေးအစိုးရတို့က (၇၈) နှစ်မြောက် အာဇာနည်နေ့ အောက်မေ့ဖွယ် အခမ်းအနားအား ပူးပေါင်းကြီးမှူးကျင်းပ

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် အမျိုးသားညီညွတ်ရေးအစိုးရတို့က (၇၈) နှစ်မြောက် အာဇာနည်နေ့ အောက်မေ့ဖွယ် အခမ်းအနားအား ပူးပေါင်းကြီးမှူးကျင်းပ

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်

ယနေ့တွင် ကျရောက်သည့် (၇၈) နှစ်မြောက် အာဇာနည်နေ့ အောက်မေ့ဖွယ် အခမ်းအနားကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် အမျိုးသားညီညွတ်ရေးအစိုးရတို့က ပူးပေါင်းကြီးမှူး၍ “တပြည်လုံးလွတ်မြောက်ရေးဆီ အာဇာနည်စိတ်ဖြင့် ဆက်၍ချီ” ဆောင်ပုဒ်ဖြင့် နံနက် ၀၉၃၀ နာရီအချိန်တွင် အွန်လိုင်းမှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့က အောက်မေ့ဖွယ် အမှတ်တရစကား ပြောကြားခဲ့သည်။

ထို့နောက် အမျိုးသားညီညွတ်ရေးတိုင်ပင်ခံကောင်စီ (NUCC) ၏ အဖွဲ့ဝင်အဖွဲ့အစည်းများအနက်မှ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့ ကိုယ်စား ဦးမောင်မောင်အေး၊ နွေဦးတော်လှန်ရေးအင်အားစုအစုအဖွဲ့ ကိုယ်စား ဆရာမ ဆောင်းနှင်း၊ ဖက်ဒရယ်ယူနစ်အစုအဖွဲ့ ကိုယ်စား ခွန်ဦးတို့က အောက်မေ့ဖွယ် အမှတ်တရစကားများ အသီးသီး ပြောကြားခဲ့ကြပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဗဟိုအလုပ်ကော်မတီဝင် ဒေါက်တာမေဝင်းမြင့်ကလည်း အောက်မေ့ဖွယ် အမှတ်တရစကား ပြောကြားခဲ့သည်။

ထို့အပြင် အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များက အမှတ်တရစကား ပြောကြားခြင်း အစီအစဉ်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ မိသားစုဝင်ဖြစ်သော Mr. Kim Aris (ခ) ကိုထိန်လင်းနှင့် ပညာရေးနှင့်အမျိုးသားစီမံကိန်းဌာန၊ ဝန်ကြီး ဦးရာဇတ်၏ မိသားစုဝင်ဖြစ်သော ဒေါက်တာ မြတ်ထူးရာဇတ်တို့က ပေးပို့ခဲ့သည့် အောက်မေ့ဖွယ်အမှတ်တရစကား ဗီဒီယိုဖိုင်များ အား ဖွင့်လှစ်ပြသခဲ့သည်။

၁၀၃၇ နာရီအချိန်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများ၊ မြန်မာနိုင်ငံ ဒီမိုကရေစီအရေးအတွက် ခေတ်အဆက်ဆက် တိုက်ပွဲဝင်ကာ ကျဆုံးသွားကြသော သူရဲကောင်းများ၊ နွေဦးတော်လှန်ရေးအတွင်း အသက်စွန့်သွားခဲ့ကြသော အာဇာနည်သူရဲကောင်းအပေါင်းတို့အား တစ်မိနစ် ငြိမ်သက်အလေးပြုခဲ့ကြသည်။

အခမ်းအနားတွင် အာဇာနည်နေ့ အမှတ်တရ Documentary Video နှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ စစ်ဒေသများရှိ PDF တပ်ရင်း/တပ်ဖွဲ့များမှ အာဇာနည်နေ့ အထိမ်းအမှတ် အလေးပြုခြင်း Short Video Clip တို့ကိုလည်း ပြသခဲ့သည်။

ဆက်လက်၍ အခမ်းအနားသို့ အထိမ်းအမှတ် သဝဏ်လွှာ ပေးပို့ခဲ့ကြသည့် အဖွဲ့အစည်းများကို ဖတ်ကြားတင်ပြခဲ့ပြီး မှတ်တမ်းတင်ခြင်းကို ဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပရေးကော်မတီကိုယ်စား ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင် မိုင်းလမင်းထွန်း က ကျေးဇူးတင်စကား ပြောကြားပြီးနောက် အခမ်းအနားအား အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။

(၇၈) နှစ်မြောက် အာဇာနည်နေ့ အောက်မေ့ဖွယ်အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်များ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းရင်းသားအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ အရပ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အာဇာနည်ခေါင်းဆောင်များ၏ မိသားစုဆွေမျိုးများနှင့် နိုင်ငံတကာသံတမန်များ၊ ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။

The Committee Representing Pyidaungsu Hluttaw

Scroll to Top