မူလ / ၂၀၂၃ ခုနှစ်အတွက် နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များအတွက် CRPH နှင့် International IDEA Myanmar တို့အကြား တွေ့ဆုံဆွေးနွေး

၂၀၂၃ ခုနှစ်အတွက် နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များအတွက် CRPH နှင့် International IDEA Myanmar တို့အကြား တွေ့ဆုံဆွေးနွေး

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် ဒီမိုကရေစီနှင့် ရွေးကောက်ပွဲဆိုင်ရာ အကူအညီပေးရေး နိုင်ငံတကာအဖွဲ့အစည်း (International IDEA) တို့အကြား ၂၀၂၃ ခုနှစ် အတွက် နှစ်ဖက်ပူးပေါင်းဆောင်ရွက်သွားနိုင်မည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးရန် ၁၀−၁−၂၀၂၃ ရက်နေ့ (အင်္ဂါနေ့)၊ မြန်မာစံတော်ချိန် ည ၈ နာရီအချိန်တွင် ဗီဒီယိုကွန့်ဖရင့်မှတစ်ဆင့် တွေ့ဆုံခဲ့သည်။

တွေ့ဆုံဆွေးနွေးမှုတွင် CRPH ဘက်မှ တာဝန်ရှိသူများက ၂၀၂၃ ခုနှစ်အတွင်း ဆောင်ရွက်ရန် လျာထားသည့် လုပ်ငန်းအစီအစဉ်များနှင့် ပံ့ပိုးကူညီမှုရရယူလိုသည့် အပိုင်းများကို ရှင်းလင်းတင်ပြခဲ့ပြီး International IDEA ဘက်မှ တာဝန်ရှိသူများက ၎င်းတို့၏ စီမံကိန်းများနှင့် CRPH ၏ လုပ်ငန်းအစီအစဉ်များအပေါ် ပံ့ပိုးပေးနိုင်မည့် အခြေအနေများကို ဆွေးနွေးတင်ပြခဲ့ကြသည်။

ထို့နောက် CRPH ၏ ၂၀၂၃ ခုနှစ်၊ လုပ်ငန်းအစီအစဉ်များအနက်မှ ပြည်တွင်းတော်လှန်ရေးအင်အားစုများနှင့် မဟာမိတ်ဆက်ဆံရေး ခိုင်မာအားကောင်းလာစေရေး၊ နိုင်ငံတကာချိတ်ဆက်ဆောင်ရွက်မှု တိုးမြှင့်လုပ်ဆောင်ရေး၊ အသွင်ကူးပြောင်းရေးကာလအတွက် လိုအပ်မည့် အစီအမံများနှင့် CDM ပြည်သူ့ဝန်ထမ်းသူရဲကောင်းများအား ပံ့ပိုးကူညီသွားနိုင်ရေးအတွက် ဆက်လက် ညှိနှိုင်းဆွေးနွေးသွားကြရန် သဘောတူညီခဲ့ကြသည်။

အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ အတွင်းရေးမှူး ဦးထွန်းမြင့်နှင့် CRPH အဖွဲ့ဝင်များ၊ ဥပဒေရေးကော်မတီ၊ ပြည်သူ့ရေးရာကော်မတီ၊ ဖက်ဒရယ်ရေးရာကော်မတီ၊ နိုင်ငံတကာဆက်ဆံရေးကော်မတီနှင့် NUCC ရေးရာကော်မတီတို့မှ ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြသည်။

International IDEA မှ မြန်မာနိုင်ငံဆိုင်ရာ Head of Mission ဖြစ်သူ Dr. Marcus Brand ၊ Programme Manager ဖြစ်သူ Ms. Nathalie Ebead နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ International IDEA သည် မြန်မာလွှတ်တော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် CRPH နှင့် နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးထားပြီး ကြားကာလလွှတ်တော်လုပ်ငန်းများ အားကောင်းစေရေး အဓိက ပံ့ပိုးကူညီနေသည့် မိတ်ဖက် အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

class=wp-image-2942/
Scroll to Top