၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်
၁။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အကြမ်းဖက် ဖက်ဆစ်စစ်တပ်သည် လက်နက်အားကိုးဖြင့် နိုင်ငံတော်၏အာဏာအား ပြည်သူ့အစိုးရထံမှအဓမ္မသိမ်းယူခဲ့ပြီး နေပြည်တော်ရှိ ဥဒေပြုလွှတ်တော်အဆောက်အအုံအား စစ်အင်အားအလုံးအရင်းဖြင့် ပိတ်ဆို့ တားဆီးထားခဲ့ခြင်းကြောင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များသည် ပြည်ထောင်စု လွှတ်တော်အရေးပေါ်အစည်းအဝေးအား အွန်လိုင်းမှတစ်ဆင့်ခေါ်ယူကျင်းပခဲ့ပါသည်။ ထိုအစည်း အဝေးက ပြည်ထောင်စုလွှတ်တော်၏ လုပ်ငန်းတာဝန်များကို တာဝန်ခံဆောင်ရွက်ရန်နှင့် ပြည်သူ ကို ကိုယ်စားပြုရန် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကို ၅-၂-၂၀၂၁ ရက်နေ့တွင် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ရာ ယနေ့ဆိုလျှင် (၂) နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါသည်။
၂။ (၂) နှစ်တာကာလအတွင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး (၄) ကြိမ်အားခေါ်ယူကျင်းပနိုင်ခဲ့ပြီး ချမှတ်ထားသည့် နိုင်ငံရေးရည်မှန်းချက်များအား အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့် လုပ်ငန်း တာဝန်များကိုကျေပွန်စွာထမ်းဆောင်နိုင်ရန် ရေးရာကော်မတီ (၁၂) ရပ်ကို ဖွဲ့စည်းတာဝန် ပေးအပ်ခဲ့ပါသည်။ ထို့ပြင်လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေးအကြပ်အတည်းအားအမြန်ဆုံး ဖြေရှင်းနိုင်ရေးအတွက် ပြည်တွင်းတော်လှန်ရေးအင်အားစုများနှင့် ခိုင်မာသောဆက်ဆံရေး တည်ဆောက်နိုင်ရန်နှင့် နိုင်ငံတကာအသိုက်အဝန်း၏ ထိရောက်သော ပူးပေါင်းဆောင်ရွက်မှုများ နှင့် ပံ့ပိုးကူညီမှုများရရှိနိုင်ရန် ကြိုးပမ်းဆောင်ရွက်ခဲ့ပါသည်။
၃။ မြန်မာနိုင်ငံ၌ စစ်အာဏာရှင်များက ဥပဒေမဲ့သိမ်းယူခဲ့သည့် ပြည်သူ့အာဏာနှင့် ဒီမိုကရေစီပြန်လည်ရရှိရေး၊ လူနည်းစုများအပါအဝင် တိုင်းရင်းသားလူမျိုးစုအားလုံးပါဝင်နိုင်မည့် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကြီး တည်ဆောက်နိုင်ရေး ကြိုးပမ်းမှုအပေါ် သည်းခံ စိတ်ရှည်စွာ ရပ်တည်ပေးခဲ့ကြသည့်ပြည်သူများ၊ မိမိတို့နှင့်အတူရပ်တည်ပြီး ပူးပေါင်းပံ့ပိုးကူညီ ခဲ့ကြသည့် ဒေသတွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များအားလုံးကို အထူးကျေးဇူး တင်ရှိပါသည်။ မည်သို့သောအခက်အခဲ၊ အတားအဆီးများနှင့် ကြုံတွေ့နေစေကာမူ မိမိတို့၏ ရည်မှန်းချက်များ အမြန်ဆုံးအကောင်အထည်ဖော်ဆောင်နိုင်ရေးအတွက် တော်လှန်ရေး၊ နိုင်ငံရေး အင်အားစုများအားလုံးနှင့်အတူ ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ပါသည်။
၄။ ဖက်ဆစ်စစ်တပ်က လက်နက်အားကိုးဖြင့် ဥပဒေမဲ့မတရားအာဏာလုယူထားသည့် ပြည်သူ့အာဏာအား မူလပိုင်ရှင်ဖြစ်သောပြည်သူလူထုထံသို့ ပြန်လည်အပ်နှင်းနိုင်ရေးနှင့် မြန်မာ နိုင်ငံ၌ ငြိမ်းချမ်းတည်ငြိမ်မှု၊ ဖွံ့ဖြိုးမှုတို့နှင့်အတူ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်နိုင်ရေးအတွက် မိမိတို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံ ကောင်စီ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ နိုင်ငံရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအင်အားစုများနှင့် လက်တွဲပူးပေါင်းပေးကြပါရန် ကုလသမဂ္ဂ၊ အာဆီယံအပါအဝင် နိုင်ငံတကာအစိုးရများ၊ လွှတ်တော်များ၊ အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ အား လေးလေးနက်နက် တိုက်တွန်းအပ်ပါသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ