တော်လှန်ရေးအင်အားစုများ၏ ဘုံနိုင်ငံရေးသဘောတူညီချက်
(ပထမမူကြမ်း)
နိဒါန်း
တော်လှန်ရေးအင်အားစုများဖြစ်ကြသော ကျွန်ုပ်တို့သည် -
- စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှကို အပြီးတိုင် အမြစ်ဖြတ် ချေမှုန်းမည် ဟူသည့် တော်လှန်ရေးသန္နိဋ္ဌာန်နှင့်အတူ
- တန်းတူညီမျှရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အပြည့်အဝ အာမခံ၍ ပြည်နယ်သူ၊ ပြည်နယ်သားများကို အခြေပြုသည့် ပြည်သူ့ဆန္ဒနှင့်အညီ ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေးကို ဦးတည်သော bottom-up federalism approach ကို အခြေခံ၍
- ဖက်ဒရယ်စနစ်နှင့်အညီ အာဏာခွဲဝေမှု၊ သယံဇာတခွဲဝေမှုနှင့် အခွန်ဘဏ္ဍာခွဲဝေမှု ရှိသော၊
- ပြည်နယ်/ဖက်ဒရယ်ယူနစ် အားလုံး တန်းတူရည်တူရှိသော၊
- ပြည်နယ်/ဖက်ဒရယ်ယူနစ်များတွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံနိုင်သည့် ကိုယ်ပိုင် ဖွဲ့စည်းပုံအခြေခံဥပဒေ ရှိသော၊
- ပြည်နယ်/ဖက်ဒရယ်ယူနစ်များ အာဏာကို ခွဲဝေကျင့်သုံးရာတွင် ပြည်သူလူထုကို အခြေခံသော၊
“စစ်မှန်သည့်” ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးကို ရည်သန်လျက်
အောက်ပါတို့ကို ပြည်ထောင်စုစံတန်ဖိုးများအဖြစ် လက်ခံကျင့်သုံး ကြပြီး
- အခြေခံလူ့အခွင့်အရေး၊
- ဒီမိုကရေစီအခွင့်အရေး၊
- လူနည်းစုအခွင့်အရေး၊
- တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊
- စုပေါင်းခေါင်းဆောင်မှု၊
- စုံလင်ကွဲပြားမှုကို အပြန်အလှန် လေးစား အသိအမှတ်ပြုခြင်း၊
- သဟဇာတဖြစ်ခြင်းနှင့် မတူကွဲပြားမှုကို လက်ခံသော ညီညွတ်ခြင်း၊
- ဂျန်ဒါ တန်းတူရေးနှင့်
- ခွဲခြားဆက်ဆံမှုမရှိခြင်း
- တော်လှန်ရေးဆိုင်ရာ သဘောတူညီချက်များ၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ သဘောတူညီချက်များ၊ နိုင်ငံရေးဆိုင်ရာ သဘောတူညီချက် များ၊ လုပ်ငန်းစဉ်ဆိုင်ရာ သဘောတူညီချက်များနှင့် အထွေထွေ သဘောတူညီချက်များ ပါဝင်သော ဤ “တော်လှန်ရေးအင်အားစုများ၏ ဘုံနိုင်ငံရေးသဘောတူညီချက်” ကို အပြည့်အဝစောင့်ထိန်းလိုက်နာအကောင်အထည်ဖော်ကြမည်ဟု လေးနက်တည်ကြည်စွာ သဘောတူအတည်ပြုကြသည်။
တော်လှန်ရေးဆိုင်ရာ သဘောတူညီချက်များ
- စစ်အာဏာရှင်စနစ် အပါအဝင် အာဏာရှင်စနစ်မှန်သမျှ အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် အတူတကွ လက်တွဲပြီး စစ်ရေး၊ နိုင်ငံရေး အပြန်အလှန် ပံ့ပိုးကူညီမှုများဖြင့် အောင်ပွဲရသည်အထိ ပူးပေါင်းတိုက်ပွဲဝင်ကြရန်၊
- တော်လှန်ရေးအင်အားစုအသီးသီး၏ ဂုဏ်သိက္ခာနှင့် တည်ရှိမှုကို အပြန်အလှန် လေးစား အသိအမှတ်ပြု ဖေးမကူညီ၍ ပူးပေါင်းဆောင်ရွက်သွားကြရန်၊
- တော်လှန်ရေးအင်အားစုများ အချင်းချင်းကြား ဖြစ်ပွားသော မည်သည့် အမြင်မတူမှုကို မဆို ငြိမ်းချမ်းသော တွေ့ဆုံဆွေးနွေးရေး နည်းလမ်းများဖြင့်သာ ဖြေရှင်းဆောင်ရွက် သွားကြရန်၊
- တစုတဖွဲ့၊ နယ်မြေဒေသတခု လွတ်မြောက်ရေးအတွက်သာ မဟုတ်ဘဲ တနိုင်ငံလုံး လွတ်မြောက်သည်အထိ တပြိုင်တည်း အတူတကွ ပူးပေါင်းတိုက်ပွဲဝင်ကြရန်၊
- အကြမ်းဖက်စစ်အုပ်စုနှင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရမည့် ကိစ္စရပ်များ ရှိလာပါက ဤဘုံနိုင်ငံရေး သဘောတူညီချက်အပေါ် အခြေခံ၍ တော်လှန်ရေးအင်အားစုများ အကြား ဆွေးနွေးတိုင်ပင် သဘောထားရယူပြီး တုံ့ပြန်သွားရန်၊
- အကြမ်းဖက်စစ်အုပ်စုနှင့် ပူးပေါင်းဆောင်ရွက်နေသည့် နိုင်ငံများက တော်လှန်ရေး အင်အားစုများအပေါ် ခြိမ်းခြောက်ဖိအားပေးမှုများကို ညီညီညွတ်ညွတ် ပူးပေါင်း တုံ့ပြန်ရန်၊
- ၂၀၂၀ ရွေးကောက်ပွဲရလဒ်သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ရှိ နိုင်ငံရေးစနစ် ကို အကောင်အထည်ဖော်ရန် မဟုတ်ဘဲ၊ တော်လှန်ရေးအောင်မြင်ရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်မှုအတွက် အသိအမှတ်ပြု၍ အပြည့်အဝ စွဲကိုင်အသုံးပြုရန်။
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ သဘောတူညီချက်များ
- ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရာတွင် အောက်ပါ လမ်းညွှန်အခြေခံမူ များနှင့်အညီ ဆောင်ရွက်သွားရန် –
(က) ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်/ဖက်ဒရယ်ယူနစ်များနှင့် ယင်းတို့အတွင်းရှိ ပြည်သူတို့သည်အချုပ်အခြာအာဏာ၏ မူရင်းပိုင်ရှင်များ ဖြစ်သည်။
(ခ) ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့် အဝရှိသော ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်/ဖက်ဒရယ်ယူနစ်များဖြင့် ဖွဲ့စည်းသည်။ ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်/ဖက်ဒရယ်ယူနစ်များအားလုံးသည် နိုင်ငံရေးအရ တန်းတူသည်။
(ဂ) ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်/ဖက်ဒရယ်ယူနစ်များသည် သက်ဆိုင်ရာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲပြဋ္ဌာန်းခွင့် ရှိသည်။
(ဃ) အာဏာခွဲဝေမှု (Division of Power)၊ သယံဇာတခွဲဝေမှု (Resource Sharing)၊ အခွန်ဘဏ္ဍာခွဲဝေမှု (Revenue Sharing) နှင့် ဖက်ဒရယ်ဘဏ္ဍာရေးစနစ် (Fiscal Federalism) တို့ကို ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ ၊ ပြည်နယ်/ ဖက်ဒရယ်ယူနစ် များ၏ ဖွဲ့စည်းပုံအခြေခံဥပဒေများနှင့် အညီ ကျင့်သုံးသည်။ ထိုသို့ ခွဲဝေရာတွင် ပြည်သူလူထုနှင့် အနီးကပ်ဆုံး အစိုးရအဆင့်က လုပ်ဆောင်နိုင်သည်အထိ လုပ်ပိုင်ခွင့်နှင့်တာဝန်ခွဲဝေသောစနစ် (Subsidiarity Principle) ကို ကျင့်သုံးသည်။
(င) ဖက်ဒရယ်ပြည်ထောင်စုလုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာတပ်ဖွဲ့များ အားလုံးသည် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော အရပ်သားအစိုးရ၏ ကွပ်ကဲမှုနှင့် စီမံအုပ်ချုပ်မှုအောက်တွင် ရှိရမည်။ လူသားလုံခြုံရေးကို အခြေခံသည့် မူဝါဒ ကျင့်သုံးရမည်။
(စ) ပြည်နယ်/ဖက်ဒရယ်ယူနစ်နှင့် ပြည်နယ်သူ၊ ပြည်နယ်သားများ၏ ဆန္ဒနှင့် ပါဝင်မှုကို အခြေခံ၍ ပြည်နယ်/ဖက်ဒရယ်ယူနစ် အားကောင်းရေးကို ရှေးရှုသည့် ပြည်နယ်/ ဖက်ဒရယ်ယူနစ် အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေး (Bottom – up Federalism) ချဉ်းကပ်မှုဖြင့် တော်လှန်ရေးကာလ/ကြားကာလမှ စတင်ကာ တော်လှန်ရေး ၏ အန္တိမပန်းတိုင်ဖြစ်သည့် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက် နိုင်သည်အထိ ဦးတည် လျှောက်လှမ်းသွားမည် ဖြစ်သည်။
- တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို လူမျိုးအချင်းချင်း၊ ပြည်နယ်/ဖက်ဒရယ်ယူနစ် အချင်းချင်း သဟဇာတ ရှိစွာဖြင့် အတူတကွ လက်တွဲ တည်ဆောက်ကြရန်၊
- ပြည်နယ်သစ်များထူထောင်ရေးနှင့် ပြည်နယ်နယ်နိမိတ်ပိုင်းခြား သတ်မှတ်ရေးကို ဒေသ နေပြည်သူများ၏ သဘောထားဆန္ဒနှင့်အညီ၊ ပြည်နယ်နယ်နမိတ်/ နယ်မြေချင်း ထိစပ်နေသည့် တိုက်ရိုက်သက်ဆိုင်သူများအကြား ကနဦးဆွေးနွေးပြီး၊ အစုအဖွဲ့များ စုံလင်စွာပါဝင်သည့် အသွင်ကူးပြောင်းရေးကာလတွင် ကျင်းပမည့် ဖက်ဒရယ်ညီလာခံ တရပ်တွင် အကျေအလည် ညှိနှိုင်းဆွေးနွေးရန်။
နိုင်ငံရေးဆိုင်ရာ သဘောတူညီချက်များ
- စစ်အာဏာသိမ်းမှုကို အပြီးတိုင်ဖယ်ရှားပြီး အနာဂတ်တွင် နိုင်ငံရေး၌ စစ်တပ်ပါဝင်နေခြင်းအား အဆုံးသတ်ရန်၊
- ဖျက်သိမ်းကြောင်းကြေညာပြီးသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည် အသက်သွင်းရန် ကြိုးပမ်းမှုမှန်သမျှ တိုက်ဖျက်ရန်၊
- သက်ဆိုင်သူအစုအဖွဲ့များအားလုံး လက်ခံနိုင်သော ဖက်ဒရယ်နှင့် ဒီမိုကရေစီစနစ်ကို အခြေခံသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းရန်၊
- ထွက်ပေါ်လာသော ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုအသစ်အား တည်ဆောက်ရန်၊
- လူမျိုးသုဉ်းသတ်ဖြတ်မှုများ အပါအဝင် ပြည်သူလူထုအား နှိပ်စက်ညှဉ်းပန်း သတ်ဖြတ် မှုများ ကျူးလွန်ခဲ့သည့်အပြင် ၎င်းတို့ကိုယ်တိုင် ရေးဆွဲအတည်ပြုထားသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ပြီး တိုင်းပြည်အာဏာကို သိမ်းယူခဲ့သည့် အကြမ်းဖက်စစ်အုပ်စုသည် မည်သည့်ရွေးကောက်ပွဲမျှ ကျင်းပရန် အခွင့်အာဏာ မရှိ သည့်အပြင် ရွေးကောက်ပွဲပြုလုပ်ခဲ့ခြင်းသည် ၎င်းတို့ ကျူးလွန်ခဲ့သည့် ပြစ်မှုများကို ရှောင်လွှဲရန်နှင့် အာဏာတည်မြဲရေးတို့အတွက်သာ ဖြစ်သည့်အတွက် ၎င်းရွေးကောက်ပွဲ များကို တရားမဝင် အတုအယောင်ရွေးကောက်ပွဲများအဖြစ် သတ်မှတ်ပြီး လုံးဝ ဆန့်ကျင်ကန့်ကွက်ရန်နှင့် ယင်းအတုအယောင်ရွေးကောက်ပွဲမှ တဆင့် ပေါ်ပေါက် လာသော မည်သည့်အစုအဖွဲ့ကိုမျှ အသိအမှတ်မပြုရန်၊
- နိုင်ငံရေးပြဿနာများကို ဆွေးနွေးညှိနှိုင်း ဖြေရှင်းကြရာတွင် Bottom-up Federalism ချဉ်းကပ်မှုအရ ပြည်သူလူထု၏ အဆုံးအဖြတ်ကို ခံယူရန်။
လုပ်ငန်းစဉ်ဆိုင်ရာ သဘောတူညီချက်များ
- ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရာတွင် အောက်ပါလုပ်ငန်းစဉ်များ အတိုင်း ဆက်လက် ဆောင်ရွက်သွားရန် –
(က) အသွင်ကူးပြောင်းရေးကာလဆိုင်ရာ ဖွဲ့စည်းပုံအခြေခံဥပဒေ/အစီအမံတရပ် ရေးဆွဲ ခြင်း၊
(ခ) အသွင်ကူးပြောင်းရေးကာလဆိုင်ရာ ဖွဲ့စည်းပုံအခြေခံ ဥပဒေ/ အစီအမံကို အစုအဖွဲ့ များ စုံလင်စွာ ပါဝင်သည့် ဖက်ဒရယ်ညီလာခံတရပ် ကျင်းပပြီး အတည်ပြုခြင်း၊
(ဂ) စစ်အာဏာရှင်အုပ်ချုပ်မှုကို ဖယ်ရှားပြီး အသွင်ကူးပြောင်းရေးကာလ ရောက်ရှိသည့် အချိန်တွင် အတည်ပြုပြီးသော အသွင်ကူးပြောင်းရေးကာလဆိုင်ရာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ/အစီအမံ နှင့်အညီ အသွင်ကူးပြောင်းရေးကာလ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး နှင့် တရားစီရင်ရေး မဏ္ဍိုင်များ ဖွဲ့စည်းခြင်း၊
(ဃ) တိုင်းပြုပြည်ပြုညီလာခံ (Constitutional Assembly) ခေါ်ယူကျင်းပပြီး ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲအတည်ပြုခြင်း၊
(င) တိုင်းပြုပြည်ပြုညီလာခံက ရေးဆွဲအတည်ပြုထားသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေကို လူထုဆန္ဒခံယူပွဲ ကျင်းပပြီး အတည်ပြု ပြဋ္ဌာန်းခြင်းနှင့် ရွေးကောက်ပွဲ ကျင်းပခြင်း၊
(စ) အတည်ပြုပြဋ္ဌာန်းလိုက်သည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးမဏ္ဍိုင်များကို ဖွဲ့စည်းပြီး ဖွဲ့စည်းပုံအခြေခံဥပဒေစနစ် (Constitutionalism) အရ လိုက်နာကျင့်သုံးခြင်း။
အထွေထွေသဘောတူညီချက်များ
- ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံ နိုင်ငံရေးခေါင်းဆောင်များနှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးသည် မြန်မာနိုင်ငံ၏ လက်ရှိပြဿနာများကို ဖြေရှင်းနိုင်ရေးအတွက် အလွန်အရေးကြီးသည်ဟု မှတ်ယူသဖြင့် ၎င်းတို့ လွတ်မြောက်ရေး အတွက် ဆက်လက်ကြိုးပမ်းရန်၊
- တော်လှန်ရေးလုပ်ငန်းစဉ်အဆင့်ဆင့်ရှိ ဦးဆောင်မှုနှင့် ဆုံးဖြတ်ချက်ချသည့် ကဏ္ဍ အသီးသီးတွင် အမျိုးသမီးများပါဝင်မှု အနည်းဆုံး (၃၀) ရာခိုင်နှုန်း ရှိစေရန်၊ အမျိုးသမီးများ၏ ရပိုင်ခွင့်များ၊ အကာအကွယ်ပေးမှုများကို အမျိုးသား ညီညွတ်ရေးအတိုင်ပင်ခံကောင်စီမှ အတည်ပြုထုတ်ပြန်ထားသော ဂျန်ဒါ ရပ်တည်ချက် စာတမ်းပါ ပြဋ္ဌာန်းချက်များနှင့်အညီ လိုက်နာကျင့်သုံး ဖော်ဆောင်သွားရန်၊
- အသက် (၃၅) နှစ်အောက် လူငယ်များ၊ အခြားသော လူနည်းစုများ၏ ပါဝင်မှုကို ဦးစားပေး စဉ်းစားဆောင်ရွက်ရန်၊
- လိင်စိတ်ခံယူမှု ကွဲပြားသူများအား လူ့အခွင့်အရေး ချိုးဖောက်ခံရမှု မရှိစေရေးနှင့် ဖိနှိပ် ခွဲခြားခြင်းမရှိစေရေး အာမခံ ဖော်ဆောင်သွားရန်၊
- အသွင်ကူးပြောင်းရေးကာလအတွင်း ဖက်ဒရယ်ဒီမိုကရေစီ ဖော်ဆောင်ရာတွင် လူမျိုး၊ ဘာသာ၊ ပညာရေး၊ အိမ်ထောင်ရေး၊ လူမှုရေး၊ စီးပွားရေး၊ အသက်အရွယ်၊ မသန်စွမ်းမှု၊ ကျား/မနှင့် လိင်စိတ်ခံယူမှု စသည့် မည်သည့် အကြောင်းကိစ္စကိုမျှ အခြေခံ၍ ခွဲခြားမှု မရှိစေဘဲ လူထုတရပ်လုံး၏ ဆန္ဒသဘောထားများ ပါဝင်နိုင်မှုရှိစေရေး ညှိနှိုင်း ဆောင်ရွက်သွားရန်၊
- စုံလင်ကွဲပြားသော မသန်စွမ်းသူများ၏ လိုအပ်ချက်များကို သိနားလည်ပြီး ခွဲခြား ကန့်သတ်ထားချက်မရှိဘဲ အတားအဆီး ကင်းမဲ့သည့် ပတ်၀န်းကျင် (barrier – free environment) နှင့် ပညာရေး၊ ကျန်းမာရေး၊ ခရီးသွားလာရေးနှင့် သယ်ယူပို့ဆောင်ရေး၊ စီးပွားရေး၊ ၀င်ငွေရရှိရေး၊ ဥပဒေဆိုင်ရာအကူအညီ ရရှိရေး၊ ပြန်လည်ထူထောင်ရေး အစရှိသည့် ၀န်ဆောင်မှုများတွင် မသန်စွမ်းသူများ အကျုံးဝင်စေရေး မူဝါဒများ၊ ဥပဒေ များ ချမှတ်ဆောင်ရွက်ရန်၊
- စစ်အာဏာသိမ်းမှုကို အဆုံးသတ်ပြီး အကြမ်းဖက်စစ်အုပ်စုမှ ကျူးလွန်ခဲ့သည့် “ပဋိပက္ခ ဆက်နွယ် လိင်ပိုင်းဆိုင်ရာနှင့် ဂျန်ဒါအခြေပြုအကြမ်းဖက်မှုများ (Conflict Related Sexual and Gender-Based Violence)” အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ ရာဇဝတ်မှုများ အားလုံးအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရန်နှင့် အသွင်ကူးပြောင်းရေး ဆိုင်ရာ တရားမျှတမှုရရှိရေး လုပ်ငန်းစဉ်ကို စတင်ဖော်ဆောင်ရန်၊
- ဒေသအသီးသီး ပျံ့နှံ့အခြေချ နေထိုင်သူများ၊ ဒေသန္တရ ပြည်သူ့ဝန်ဆောင်မှုယန္တရား ထူထောင်နိုင်လောက်သည်အထိ စုစည်းနေထိုင်ခြင်းမရှိသူ လူနည်းစုများနှင့် အခြား လိုအပ်သူများအတွက် အာမခံချက်ပြည့်ဝသည့် နယ်မြေအခြေမခံသော အခွင့်အရေး များ (Non-Territorial Autonomy) ကို ဖက်ဒရယ်နှင့် ပြည်နယ်/ဖက်ဒရယ်ယူနစ်များ၏ ဖွဲ့စည်းပုံအခြေခံဥပဒေများတွင် ထည့်သွင်းပြဋ္ဌာန်း၍ အကာအကွယ်ပေးရန်၊
- နိုင်ငံတကာမှ လူသားချင်း စာနာထောက်ထားမှု အကူအညီများကို နယ်စပ်ဖြတ်ကျော် ကူညီဆောင်ရွက်ရေး နည်းလမ်းဖြင့် တော်လှန်ရေးအဖွဲ့အစည်းများနှင့် တိုက်ရိုက် ချိတ်ဆက် ဆောင်ရွက်ရန်၊
- အွန်လိုင်းလိမ်လည်မှုများ၊ ဆိုက်ဘာမှုခင်းများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေ သော ဆေးဝါးများနှင့် လူကုန်ကူးမှုများကို ထိရောက်စွာ တိုက်ဖျက်နိုင်ရန်အတွက် ဒေသ တွင်းနိုင်ငံများ၊ နိုင်ငံတကာအစိုးရများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် လက်တွဲ ပူးပေါင်းဆောင်ရွက်ရန်၊
- စစ်အုပ်စုနှင့် ပူးပေါင်းဆောင်ရွက်မှုအပါအဝင် စစ်အုပ်စု၏ ဝင်ငွေလမ်းကြောင်းနှင့် လောင်စာဆီလမ်းကြောင်း ဖြတ်တောက်ရေးကို ဦးတည်ဆောင်ရွက်သော ILO ၏ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက် အပိုဒ် ၃၃ အား ပူးပေါင်းဆောင်ရွက်ကြရန်။
သဘောတူအတည်ပြုကြသည့် အဖွဲ့အစည်းများ
- ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ
- အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)
- အမျိုးသားညီညွတ်ရေး အစိုးရ (NUG)
- စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော် (SFUH)
- စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရ (SFUIG)
- မန္တလေးဒေသလွှတ်တော် (MRH)
- မန္တလေးဒေသကြားကာလ အုပ်ချုပ်ရေးကောင်စီ (MIGC)
ရက်စွဲ။ ။ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၃၀) ရက်
မှတ်ချက်။ ။ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေး အတွက် ဘုံပန်းတိုင်တူသော အင်အားစုများအနေဖြင့် ဤ “တော်လှန်ရေးအင်အားစုများ၏ ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)” တွင် ထပ်မံ ပူးပေါင်းပါဝင်ကြရန် လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။.


