၂၈ ရက်၊နိုဝင်ဘာလ၊၂၀၂၁ ခုနှစ်။
၁၄၃ ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံနှင့် ဆက်စပ်အစည်းအဝေးများကို ၂၄-၁၁-၂၀၂၁ ရက်နေ့မှစ၍ ကျင်းပလျက်ရှိရာ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့ (မြန်မာစံတော်ချိန် ၁၅၃၀ နာရီ) တွင် Video Conference စနစ်ဖြင့် ပြုလုပ်ကျင်းပခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်များ၏ လူ့အခွင့်အရေးဆိုင်ရာ ကော်မတီ ကြားနာပွဲ (Committee on the Human Rights of Parliamentarians) သို့ မြန်မာလွှတ်တော် ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီဥက္ကဋ္ဌ ဦးအောင်ကြည်ညွှန့် နှင့်အတူ ကိုယ်စားလှယ်အဖွဲ့ဝင်များအဖြစ် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ အဖွဲ့ဝင်များဖြစ်သည့် ဒေါ်မြတ်သီတာထွန်းနှင့် ဦးစည်သူမောင် တို့ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် Committee on the Human Rights of Parliamentarians ၏ ဥက္ကဌ Mr. N. Bako-Arifari က အဖွင့်အမှာစကားပြောကြားပြီးနောက် မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်က မြန်မာနိုင်ငံ၌ လွှတ်တော်ကိုယ်စားလှယ်များ ကြုံတွေ့နေရသည့် လူ့အခွင့်အရေးချိုးဖောက်ခံရမှု အခြေအနေများနှင့် စပ်လျဉ်းပြီး မိန့်ခွန်းပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် IPU အဖွဲ့ဝင်လွှတ်တော်ကိုယ်စားလှယ်များက မြန်မာနိုင်ငံ၌ ဖြစ်ပွားနေသည့် အခြေအနေများ၊ မြန်မာပြည်သူများအပေါ် စစ်ကောင်စီတပ်များ၏ လူ့အခွင့်အရေး ချိုးဖောက်နေမှု အခြေအနေများ၊ လွှတ်တော်ကိုယ်စားလှယ်များ၏ အခက်အခဲများနှင့် ကြမ်းဖက်စစ်တပ်၏ အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်ခြင်းများကို မေးမြန်းခဲ့ရာ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့က ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။ အခွင့်အရေး ချိုးဖောက်မှုများနှင့် အကြမ်းဖက်မှုများအတွက် သတင်းအချက်အလက်နှင့် အထောက်အထားများလည်း နောက်ဆက်တွဲ ပေးပို့တင်ပြပေးရန် သဘောတူခဲ့ကြသည်။
မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်က “၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီသည် မဲမသမာမှုရှိသည်ဟု မမှန် မကန်စွပ်စွဲ၍ ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများအရ ဖြေရှင်းဆောင်ရွက်ရန် ပြဋ္ဌာန်းထားသည်ကို လျစ်လျူရှုလျက် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန်ပြီး နိုင်ငံတော်၏ အာဏာကို ပြည်သူ့အစိုးရထံမှ သိမ်းယူခဲ့မှု၊ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ပြည်သူလူထုအား အင်အားအလွန်အကျွံသုံးဖြေရှင်းမှု၊ ဥပဒေမဲ့ ဖမ်းဆီးထောင်ချနေမှု၊ စစ်ကြောရေးစခန်းများနှင့် အကျဉ်းထောင်များ၌ အသက်သေဆုံးသည့်တိုင် ညှင်းပန်းနှိပ်စက်မှု၊ CRPH အဖွဲ့ဝင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များအပေါ် အကြမ်းဖက်စစ်ကောင်စီတပ်များ၏ လူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေများ၊ ယင်းတို့အပြင် မိသားစုဝင်များ၊ ဆွေမျိုးများနှင့် မိတ်ဆွေများအပေါ် ခြိမ်းခြောက်မှုများ၊ ဖမ်းဆီးနေမှုများနှင့် အိုးအိမ်၊ တန်းဖိုးရှိပစ္စည်များကို ခိုးယူဖျက်စီးနေမှု အခြေအနေများ” ကို မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ပြီး မြန်မာနိုင်ငံ၌ ဒီမိုကရေစီ ပြန်လည်ရှိရေး၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှု ပပျောက်ရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် IPU နှင့် အဖွဲ့ဝင်လွှတ်တော်များ၊ နိုင်ငံတကာအသိုက်အဝန်းမှ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရေး၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီအား လုပ်ငန်းများ ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည့် အကူအညီများ ပံ့ပိုးပေးနိုင်ရေးတို့ကို တောင်းဆိုခဲ့သည်။
ထို့အပြင် ပြည်သူလူထုနှင့်အတူ မြန်မာနိုင်ငံ၌ စစ်အာဏာရှင် အပြီးတိုင်ကျဆုံးရေးနှင့် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်နိုင်ရေးအတွက် အစွမ်းကုန် ကြိုးစားလုပ်ဆောင် သွားမည် ဖြစ်ကြောင်း အစည်းအဝေးတွင် ကတိပြုပြောကြားခဲ့သည်။
The Committee Representing Pyidaungsu Hluttaw
(ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဌ၏ မိန်ခွန်းအပြည့်အစုံအား ထပ်မံသတင်းထုတ်ပြန်ပေးသွားပါမည်။)


