၁၉-၇-၂၀၂၂ ရက်နေ့ (အင်္ဂါနေ့)၊ ၀၉:၃၀ နာရီအချိန်တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီနှင့် အမျိုးသားညီညွတ်ရေးအစိုးရတို့က ကြီးမှူးကျင်းပသည့် “(၇၅) နှစ်မြောက် အာဇာနည်နေ့ အောက်မေ့ဖွယ်အခမ်းအနား” ကို ဗီဒီယိုကွန့်ဖရင့်မှ တစ်ဆင့် နိုင်ငံတော်အဆင့်အခမ်းအနားအဖြစ် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ ကရင်အမျိုးသားအစည်းအရုံးမှ တွဲဖက်အတွင်းရေးမှူး -၂ ပဒိုစောလှထွန်း၊ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံအမတ်များအဖွဲ့မှ Board Member ဖြစ်သူ Mr. Teddy Baguilat Jr.၊ ကြားကာလချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC) မှ ဒေါက်တာ လျန်မှုန်းဆာခေါင်၊ ကရင်နီအတိုင်ပင်ခံကောင်စီ (KSCC) မှ ခူးထဲဘူး၊ မွန်ပြည်နယ်အတိုင်ပင်ခံကောင်စီ (MSCC)မှ အဖွဲ့ဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိကွန်ချမ်း၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ ဒေါက်တာဒေါ်မေဝင်းမြင့်၊ ကချင်ပြည်နယ်ပြည်သူ့ပါတီမှ ဦးလမာနော်အောင်၊ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီမှ ဦးရောဘတ်ညေးရယ် တို့က အဖွဲ့အစည်းနှင့်ပါတီများ ကိုယ်စား အောက်မေ့ဖွယ်အမှတ်တရစကား ပြောကြားခဲ့ပြီး ၁၀း၃၇ မိနစ်အချိန်တွင် ကျဆုံးသွားသည့် အာဇာနည်အမျိုးသားခေါင်းဆောင်ကြီးများအား (၁) မိနစ် ငြိမ်သက်အလေးပြုခဲ့ကြသည်။
ထို့နောက် အာဇာနည်အမျိုးသားခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတိအကျဉ်း မှတ်တမ်းဗီဒီယိုအား ပြသခဲ့သည်။
(၇၅) နှစ်မြောက် အာဇာနည်နေ့ အောက်မေ့ဖွယ်အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ အစိုးရအဖွဲ့ဝင်များ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေး အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ နိုင်ငံတကာ သံရုံး၊ ကိုယ်စားလှယ်ရုံး၊ အဖွဲ့အစည်းများမှ သံတမန်များ၊ ပြည်တွင်း/ပြည်ပ အခြေစိုက် အဖွဲ့အစည်းများ အသီးသီးက ဖိတ်ကြားထားသည့် ဧည့်သည်တော်များလည်း တက်ရောက်ခဲ့ကြသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ














