မူလ / ပြည်ထောင်စုလွှတ်တော် သတ္တမအကြိမ် အစည်းအဝေး၊ ဒုတိယနေ့တွင် ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်ကြည်ညွန့် ပြောကြားခဲ့သည့် နိဂုံးချုပ်အမှာစကား

ပြည်ထောင်စုလွှတ်တော် သတ္တမအကြိမ် အစည်းအဝေး၊ ဒုတိယနေ့တွင် ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်ကြည်ညွန့် ပြောကြားခဲ့သည့် နိဂုံးချုပ်အမှာစကား

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်

ပြည်ထောင်စုလွှတ်တော် သတ္တမအကြိမ် အစည်းအဝေး (၂) ရက်တာကာလမှာ လွှတ်တော် ကဏ္ဍအနေနဲ့ ဆောင်ရွက်ခဲ့သည်များနဲ့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ဆောင်ရွက်ခဲ့မှုများ၊ ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးသွားခဲ့ကြတဲ့အတွက် လွှတ်တော်နဲ့ အစိုးရအကြား ဘယ်လိုချိတ်ဆက် ပူးပေါင်းဆောင်ရွက်မှုရှိခဲ့ကြောင်း သိခဲ့ရသလို ဆက်လက်ပြီး ဘယ်ကဏ္ဍတွေမှာ ဘယ်လိုပူးပေါင်း သွားကြမလဲဆိုတာကိုလည်း သုံးသပ်ပြီး လုပ်ငန်းလမ်းစဉ်များ ချမှတ်ဆောင်ရွက်သွားဖို့ရှိပါတယ်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေနဲ့ ၂၀၂၅ ခုနှစ် အတွင်းမှာ လုပ်ဆောင် သွားမယ့် မဟာဗျူဟာလုပ်ငန်းစဉ်များကိုလည်း တင်ပြခဲ့ပြီးဖြစ်ပါတယ်။ အစီရင်ခံစာတင်သွင်းချိန်မှာ အတွင်းရေးမှူး မိုင်းလမင်းထွန်း တင်ပြခဲ့သလို ဒီမဟာဗျူဟာလုပ်ငန်းစဉ်တွေဟာ ၂၀၂၅ ခုနှစ် အတွင်း တော်လှန်ရေးကြီးရဲ့ အပြောင်းအလဲတစ်ရပ်ကို စုပေါင်းအားနဲ့ ကြိုးပမ်းကြချိန်မှာ လွှတ်တော်ကဏ္ဍကနေ ပီပီပြင်ပြင် ဖော်ဆောင်နိုင်ဖို့ ဖြစ်ပါတယ်။

၂၀၂၅ ခုနှစ်အတွင်းမှာ နားလည်မှုစာချွန်လွှာ ရေးထိုးထားတဲ့ International IDEA အပါအဝင် မိတ်ဖက်နိုင်ငံတကာအဖွဲ့အစည်းများနဲ့လက်တွဲပြီးတော့လည်း လွှတ်တော်ကဏ္ဍ ပိုမို ပီပြင်စွာ ဆောင်ရွက်နိုင်စေရန်၊ လွှတ်တော်ကိုယ်စားလှယ်များရဲ့ အခန်းကဏ္ဍကို မြှင့်တင်နိုင်ရန်နဲ့ တော်လှန်ရေးအောင်ပွဲအတွက် ထိထိရောက်ရောက် ပါဝင်ဆောင်ရွက်နိုင်ရန်လည်း ဆက်လက် ကြိုးပမ်း သွားကြရမှာ ဖြစ်ပါတယ်။

ပထမနေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတကြီးနဲ့ ပြည်ထောင်စုဝန်ကြီးချုပ် တို့ပြောကြားခဲ့တဲ့မိန့်ခွန်းများကို လွှတ်တော်က မှတ်တမ်းတင်ထားပြီးဖြစ်သကဲ့သို့ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့လည်း ယာယီသမ္မတကြီးနဲ့ ဝန်ကြီးချုပ်တို့ရဲ့ တိုက်တွန်းမှု၊ မေတ္တာရပ်ခံမှုများကို အလေးအနက်ထား ဆောင်ရွက်သွားကြရမှာတွေလည်း ရှိလာပါတယ်။ ပြည်သူ တို့ရဲ့ ရွေးကောက်တင်မြှောက်ထားခြင်းခံထားရတဲ့ အဆင့်ဆင့်သော ပြည်သူ့ကိုယ်စားလှယ်တိုင်း အနေနဲ့ ဖက်ဒရယ်ယူနစ်အစိုးရများပေါ်ပေါက်ရေး၊ ဥပဒေများ တော်လှန်ရေးကာလအတွင်းမှာ လက်တွေ့ကျကျ အသက်ဝင်မှုရှိစေရေး၊ ကိုယ်စားပြုခြင်း၊ အစိုးရကိုထိန်းကျောင်းခြင်း၊ လိုအပ်တဲ့ ဥပဒေများကို ပြဋ္ဌာန်းပေးခြင်း စတဲ့တာဝန်များကို စွမ်းဆောင်ပေးစေရေး၊ ပြည်သူ့ဆန္ဒနဲ့အညီ ထိန်းကျောင်းရေးနှင့် ပြည်သူ့ဆန္ဒကို သွေဖည်မသွားစေရေးတို့အပြင် နိုင်ငံရေးအင်အားစုများ စုစည်းရေး တို့ကိုပါ ဆောင်ရွက်ပေးစေကြောင်း တိုက်တွန်းခြင်း၊ မေတ္တာရပ်ခံခြင်းများ ပြောကြားသွားတာကို တွေ့ရှိရပါတယ်။

၂၀၂၅ ခုနှစ်ထဲမှာ ပြည်နယ်များအားကောင်းရေးမှသည် ပြည်ထောင်စုအားကောင်းရေး ဖြင့်တက်လှမ်းနေချိန်မှာ မိမိတို့ ဥပဒေပြုလွှတ်တော်နဲ့ လွှတ်တော်ကိုယ်စားလှယ်များရဲ့ အခန်းကဏ္ဍ ဟာ ပိုပြီး ကြီးလေးလာပါတယ်။ ဥပဒေပြုခြင်းကိစ္စရပ်များကို ဆောင်ရွက်ခြင်းနှင့်အတူ အင်အားစု အသီးသီးနဲ့ လက်တွဲဆောင်ရွက်ရမှာတွေလည်း ရှိနေပါတယ်။ ကျစ်လစ်ခိုင်မာတဲ့ ဖက်ဒရယ်ယူနစ် အစိုးရတွေ ပေါက်ပေါက်လာရေးအတွက် အကောင်အထည်ဖော်ရာမှာ ပြည်ထောင်စုနဲ့ ပြည်နယ် ဖက်ဒရယ်ယူနစ်များအကြားနဲ့ ပြည်နယ်/ဖက်ဒရယ်ယူနစ်တွေ အချင်းချင်းအကြားမှာ ပူးပေါင်း ဆောင်ရွက်မှုတွေ တိုးမြှင့်လုပ်ဆောင်သွားကြရဖို့လည်း လိုအပ်မှာဖြစ်ပါတယ်။

စစ်အာဏာရှင်အပါအဝင် ဘယ်လိုအာဏာရှင်စနစ်မျိုးမှ ပေါ်ပေါက်မလာနိုင်တော့မယ့် နိုင်ငံတော်သစ်ကိုလျှောက်လှမ်းဖို့ ကြိုးပမ်းကြတာမလို့ အလုပ်တွေအတူတူ ဆက်ပြီးလုပ်ဆောင်သွား ဖို့အများကြီး လိုအပ်နေပါတယ်။ ကျွန်တော်တို့ဟာ ပြည်သူ့ထံ ပြည်သူ့အာဏာကို ပြန်လည်အပ်ပေး မယ်ဆိုတဲ့ ကတိကဝတ်ကို လက်ကိုင်ထားပြီး ဒီကတိကဝတ်ကို ဖြည့်ဆည်းပေးနိုင်အောင် ကြိုးပမ်းရ မယ့်တာဝန်များရှိနေပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့ သလို တစ်ဦးတစ်ယောက်ကောင်းနဲ့ စနစ်ကောင်းကိုပြောင်းလို့မရပါဘူးလို့ ဆိုပါတယ်။ ဒါ့ကြောင့် လည်းပဲ တက်ညီလက်ညီ စုစုစည်းစည်းနဲ့ ရလဒ်တွေကို တစ်ဆင့်ချင်း တက်လှမ်းဖော်ဆောင်သွားရင် ကျွန်တော်တို့အားလုံး မျှော်လင့်နေတဲ့ နေ့ဟာ ရောက်ကို ရောက်လာမှာဖြစ်ပါတယ်။

ဒီလိုအခက်အခဲကြားမှာ အတူရပ်တည်ပြီးတော့ ရုန်းကန်နေကြရတဲ့ လွှတ်တော် ကိုယ်စားလှယ်တော်ကြီးများအနေနဲ့ တစ်ဦးနဲ့ တစ်ဦး မေတ္တာတွေမျှကြပါ၊ ခွန်အားတွေမျှကြပါ။ ကျွန်တော်တို့ အောင်ပွဲဆီ အတူတူသွားကြမယ်လို့ နှိုးဆော်တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်ကြီးများအားလုံး ကျန်းမာရေးနဲ့ လုံခြုံရေးကို အထူးဂရုစိုက်ပြီး အားသစ် အားတက်စွာနဲ့ ဆက်လက်ကြိုးစားသွားနိုင်ကြပါစေ။

အားလုံးကို ကျေးဇူးတင်ပါတယ်။

အရေးတော်ပုံ မုချ အောင်ရမည်။

Scroll to Top